ဟွာလ်ငိုလူမျိုး

ဝီကီပီးဒီးယား မှ

ဟွာလ်ငိုလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဟွာလ်ငိုလူမျိုးတို့သည် ရှေးရိုးစဉ်လာစကားအရ ရှမ်းတို့၏ အဆက်အနွယ်များ ဖြစ်ကြသည်ဟု ဆိုသည်။ ဟွာလ်ငိုမျိုးနွယ်စုများသည် စင်စစ် မြန်မာတိုင်းရင်းသား လူရှိုင်းများပင် ဖြစ်သည်။ ဟွာလ်ငို အမျိုးသားများ အဆိုအရ ဗြိတိသျှတို့သည် ချင်းတောင်ကို သိမ်းပိုက်ပြီးသောအခါ ချင်းအမျိုးသားများ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် မိမိတို့ ဘိုးဘွားအဆက်ဖြစ်သူ ဟွာလ်ငိုအမည်ကို ပြောပြရာမှ ယင်းတို့အား ဟွာလ်ငိုချင်းဟု တွင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ လူမျိုးဆင်းသက်မှု သမိုင်းအရ၎င်း၊ ဘာသာစကားအရ၎င်း ဟွာလ်ငိုတို့မှာ လူရှိုင်းအနွယ်ဝင်များဖြစ်သောကြောင့် ချင်းဘာသာစကား သုတေသနပြုသူ ပါမောက္ခ ဂျီအိပ်ချ်လုစ်က ဟွာလ်ငိုတို့ကား မြန်မာပြည်ဘက်တွင်နေသော လူရှိုင်းများဖြစ်သည်ဟု ဆိုခဲ့သည်။

ရှေးသရောအခါ သဖ ခေါ် လူကြီးတစ်ဦးသည် ရှမ်းပြည်တွင် သေဆုံးရာ သူ၏သား လူရှိုင်ရှယ်လ်သည် ရှမ်းပြည်နယ်မှ ကလေးသို့ ပြောင်းရွေ့လာပြီး ခန်းပတ်ရွာကို တည်၍ နေထိုင်ခဲ့သည်။

ထိုအချိန်တွင် မြန်မာနှင့် ကသည်းတို့ စစ်ဖြစ်နေသောကြောင့် ခန်းပတ်မှ ရွေ့ပြောင်းကာ တောင်ပေါ်သို့ တက်လာပြီး တိုင်ချွန်းရွာအနီး ရွှန်ပီးတောင်တွင် ရွာတည်နေပြန်သည်။ ထိုဒေသတွင် လန်းဒိုင်းလ် နှင့် ဆွမ်ဟန် ခေါ် သားနှစ်ယောက်မွေးသည်။ လန်းဒိုင်းလ်တွင်လည်း သားနှစ်ယောက်မွေးရာ အကြီးကို ခိတဲ နှင့် အငယ်ကို တလာတဲ ဟုခေါ်သည်။ ခိတဲမှာ ကလေးနှစ်ယောက်ပေါက်ဖွားရာ စွာလ်သမ် နှင့် မိရင်လ် ဟု ခေါ်သည်။

ယင်းတို့သည် နတ်ကိုးကွယ်မှုကို စတင်ပြုလုပ်ကြသည်။ စွာလ်သမ်မှာ သားသုံးယောက်မွေးရာ ဟွာလ်ငိုအာ၊ ဟွာလ်ဟိုင်အာ နှင့် ဟွာလ်နမ်အာ ဟူ၍ အမည်အသီးသီးရှိကြသည်။ ဟွာလ်ငိုအာမှ ပေါက်ဖွားသူများကို ဟွာလ်ငိုအနွယ်များဟု ခေါ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်