Arduino

ဝီကီပီးဒီးယား မှ
Arduino
"Arduino Uno" SMD Revision 3
ပစ္စည်းအမျိုးအစားSingle-board microcontroller
စက်မောင်းစနစ်None
စီပီယူAVR, ARM Cortex, Intel Quark
မှတ်ဉာဏ်SRAM
သိုလှောင်နိုင်မှုစွမ်းအားFlash Memory, EEPROM
ဂရပ်ဖစ်အမျိုးအစားNone
ဝက်ဘ်ဆိုဒ်arduino.cc

Arduino ဆိုသည်မှာ အလွယ်တကူ အသုံးပြု၍ရသော ဟတ်ဒ်ဝဲလ် နှင့် ဆော့ဖ်ဝဲလ်များကို အခြေခံ၍ တည်ဆောက်ထားသော open-source prototyping platform တစ်ခုဖြစ်သည်။ Open-source ဆိုသည်မှာ အဆိုပါ hardware များ တည်ဆောက်ထားပုံနှင့် software များ ရေးသားထားသည့် နည်းစနစ်များ အားလုံးကို အများပြည်သူမှ အလွယ်တကူ အခမဲ့ ရယူပြင်ဆင်နိုင်သည့် သဘောတရား ဖြစ်သည်။

Arduino board များကို အလွယ်ကူဆုံး ရှင်းပြရလျှင် ၎င်းနှင့် ချိတ်ဆက်ထားသော input device များနှင့် sensors များမှ အချက်အလက်များကို ဖတ်ရှုခြင်း၊ မော်တာများကို လည်ပတ်မောင်းနှင်ခြင်း၊ LED မီးလုံးများ ဖွင့်ပိတ်ခြင်း၊ အင်တာနက်နှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် (Wiring ကို အခြေခံထားသော) Arduino programming language နှင့် (Processing ကို အခြေခံထားသော) Arduino Software (IDE) ကို အသုံးပြု၍ မိမိတို့ အလိုရှိသည့် ညွှန်ကြားချက်များကို ရေးသားကာ USB ကြိုးဖြင့် serial port မှ တဆင့် Arduino bord တွင် တပ်ဆင်ထားသည့် microcontroller အတွင်းသို့ ထည့်သွင်း၍ အလုပ်လုပ်စေခြင်း ဖြစ်သည်။ Arduino သည် အီလက်ထရောနစ် ပစ္စည်းများကို လွယ်ကူစွာ ထိန်းချုပ်ခိုင်းစေနိုင်အောင် စီမံထားသည့် comtroller board တစ်ခုပင်ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

Arduino ကို ၂၀၀၅ ခုနှစ်က အီတလီရှိ Ivrea Institute ရှိ ဆရာအချို့က ကျောင်းသားများ အလွယ်တကူ အသုံးချနိုင်ရန် ရည်ရွယ်၍ ရိုးရှင်း၊ ခေတ်မီ၍ ဈေးနှုန်းသက်သာသည့် microcontroller board အဖြစ် ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ Arduino ဆိုသော နာမည်ကိုမူ ၎င်းတို့ ထိုင်နေကျ ကော်ဖီဆိုင်၏ နာမည်မှ ရယူထားခြင်းဖြစ်ပြီး ဘုရင် Arduino ၏ အမည်တော် ဖြစ်သည်။

Arduino ၏ ပထမဆုံး ဒီဇိုင်းသည် အရွယ်အစား ကြီးမားပြီး ရှုပ်ထွေးသည့် ချိတ်ဆက်နည်းများ အသုံးပြုရသည်။ ထို့ပြင် ယနေ့ခေတ် ၌ စံအဖြစ်သုံးနေပြီဖြစ်သော USB port လည်း မပါဝင်သေးပေ။ သို့ရာတွင် အလားအလာများစွာ ရှိခဲ့သည်။ ယခုအခါတွင်မူ ၎င်း၏ ရိုးရှင်းမှုနှင့် အသုံးပြုရ လွယ်ကူမှုကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များက အင်ဂျင်နီယာများမှသာ လုပ်ဆောင်နိုင်သည့် ပရောဂျက်များကို ကလေးများက တည်ဆောက်အသုံးပြုနေနိုင်ကြပြီ ဖြစ်သည်။

အသုံးချခြင်း[ပြင်ဆင်ရန်]

Arduino ၏ ဒီဇိုင်းတစ်ခုလုံးအား open source ပြုလုပ်ထားခြင်းကြောင့် ၎င်းကို ရယူကာ clone ပြုလုပ်ထားသော controller board အများအပြားကို ကမ္ဘာအနှံ့တွင် တွေ့မြင်ဝယ်ယူနိုင်ပြီ ဖြစ်သည်။ Arduino ကို တီထွင်ခဲ့မှုကြောင့် open source နှင့် 3D printing လှုပ်ရှားမှုများဖြစ်သော maker အစရှိသည့် နည်းပညာ တော်လှန်ရေးများစွာကို ဖြစ်ပေါ်လာစေရန် တွန်းအားပေးနိုင်ခဲ့သည်။ ကျွန်ပ်တို့ အနေဖြင့် Arduino အတွင်း code များ ရေးသားထည့်သွင်းကာ ပတ်ဝန်းကျင်မှ အချက်အလက်များကို sensors များမှတဆင့် ရယူနိုင်ပြီး အဆိုပါ အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာ လုပ်ဆောင်မှုများ ဆုံးဖြတ် ပြုလုပ်နိုင်ပေသည်။ စက်ရုပ်များ၊ 3D printer များ၊ အရုပ်များ သာမက ပေါင်မုန့်မီးကင်စက်များအတွင်းတွင် Arduino ထည့်သွင်း၍ ပိုမိုစမတ်ကျ၍ အသိဉာဏ်ရှိသော လုပ်ဆောင်မှုများ ဖန်တီးနိုင်ပြီ ဖြစ်သည်။ LED မီးသီးများနှင့် ကစားသည့် အဆင့်မှ စ၍ GPS များ အသုံးပြုခြင်း၊ သီချင်းများဖန်တီးခြင်း၊ အင်တာနက်နှင့် ချိတ်ဆက်ခြင်းများအထိ ပါဝင်သည်။

ဥပမာအနေဖြင့် Arduino နဲ့ ပြုလုပ်နိုင်သော ပရောဂျက်အချို့မှာ Humidity sensor မှရသော စိုထိုင်းဆတန်ဖိုးကို ဖတ်ယူ တွက်ချက်ကာ ပန်းပင်နှင့် စားပင်၊ သီးပင်များကို အလိုအလျောက် ရေလောင်းသော စနစ်များ၊ အင်တာနက် လွှင့်ထားသည့် router နှင့်ချိတ်ဆက်ကာ stand-alone chat server တစ်ခု တည်ဆောက်နိုင်သလို သင့်အိမ်မွေးတိရစ္ဆာန်များ အိမ်ထဲသို့ ဝင်ထွက်တိုင်း tweeter ကို message ပို့ပေးသော စနစ်များ၊ Home automation system များ၊ မနက်အိပ်ရာထရန် ပေးထားသော alarm မြည်လို့ သင်ပိတ်လိုက်သည်နှင့် ကော်ဖီစတည်ပေးမည့် စနစ်များ စသဖြင့် စိတ်ကူးရှိသမျှ တည်ဆောက်နိုင်သည်။ စိတ်ကူးရှိလျှင် ရှိသလောက် အချို့သော တန်ဖိုးကြီးမားသည့် အလိုအလျှေက် ထိမ်းချုပ်စနစ်များ (ဉပမာ ။ စက်မှုကုန်ထုတ်လုပ်ငန်းများ ၊မော်တော်ယဉ်အင်ဂျင် အထိမ်းစနစ် စသည်တို့ ) တွင် Arduino ကိုအစားထိုးအသုံးပြုနိုင်သည်။

Arduino ကို အသုံးပြုဖို့ လိုအပ်ချက်များ[ပြင်ဆင်ရန်]

ပထမဆုံး ပရိုဂရမ်းမင်း အခြေခံကို သိရှိထားရန် လိုအပ်သည်။ အခြေခံ သိထားရုံဖြင့် အလွယ်တကူ အသုံးပြုရေးသားနိုင်ပြီး အသုံးပြုထားသော ပရိုဂရမ်းမင်း ဘာသာစကားမှာ C/C++ ဖြစ်သောကြောင့် ထိုဘာသာစကား ရေးသားနည်း အခြေခံများကို သင်ယူလေ့လာထားပါက အခက်အခဲမရှိ ရေးသားနိုင်မည် ဖြစ်သည်။ ထိုသို့ ရေးသားရန်အတွက် Arduino IDE ကို အသုံးပြုရမည် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

https://www.arduino.cc/en/guide/introduction Archived 29 August 2017 at the Wayback Machine.