ဗိုလ်ချုပ်အောင်ဆန်း- မင်းတုန်းမင်းကြီးနှင့်သတင်းမီဒီယာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သက္ကရာဇ် ၁၂၃၆ ခုနှစ် တပေါင်းလဆန်း ၁၃ ရက် (၁၈၇၅ ခုနှစ်၊ မတ်လ ၁၉ ရက်) နေ့တွင် မင်းတုန်းမင်းကြီးသည် ရတနာပုံ နေပြည်တော်သတင်းစာကို ထုတ်ဝေခဲ့ပါသည်။ ထို့ပြင် မင်းတုန်း မင်းကြီးက အမိန့်တော်တစ်ရပ်ကိုလည်း ဤသို့ထုတ်ပြန်ခဲ့ပါ သည်။

‘‘ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဘုရားမကောင်းလျှင် ငါ့မိဘုရားကိုရေး၊ ငါ့သားသမီးမကောင်းလျှင် ငါ့သားသမီးကိုရေး၊ လွှတ်တရားသူကြီးမကောင်းလျှင် လွှတ်တရားသူကြီးကိုရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ’’ ဟူ၍ဖြစ်သည်။ ပဒေသရာဇ်ခေတ် မှာပင် မြန်မာနိုင်ငံ၌ သတင်းမီဒီယာလွတ်လပ်ခွင့်အကြောင်း ဘုရင် ကိုယ်တိုင် ကောင်းစွာနားလည်သဘောပေါက်ထားသည်ကို သိနိုင် ပါသည်။

၁၉၄ရ ခုနှစ် ဧပြီလ ၁ရ ရက်နေ့ညတွင် မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းအဖြစ် အသံလွှင့်ရုံမှ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် သတင်းမီဒီယာ နှင့်ပတ်သက်ပြီး ဤသို့ပြောကြားခဲ့ဖူးသည်။

‘‘နောက်ပြီး သတင်းစာတွေကို ကျွန်တော်ပြောချင်တယ်။ သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြား အစိုးရလက်ထက်နဲ့ သေသေချာချာနှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျွန်တော်တို့ဟာ ဘယ်လိုအစိုးရဆိုတာလဲ၊ ဘာမှ အထူးပြောနေ စရာမလိုဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ကို ထောက်ခံအားပေး နေတဲ့ သတင်းစာတွေလဲ အားပေးချင်ပေးကြ၊ ဒီလိုမှမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံ လုပ်ချင်ကြတဲ့ သတင်းစာတွေဆိုရင်လဲ သဘောအတိုင်းဘဲ။ ဒီလိုမှ မဟုတ်လို့ ကျွန်တော်တခါတုန်းကပြောလို့ အင်မတန်ဘဲ မကျေမနပ်ဖြစ်တာ လိုဘဲ ‘‘ဆိတ်လစိ’’ လုပ်ချင်ကြတဲ့ သတင်းစာတွေလဲ လုပ်ချင်လုပ် ကြပါ။ သို့ပေမဲ့ အကြည်အညို တစ်ဦးနဲ့တစ်ဦး ပျက်စေတဲ့စကား မျိုး၊ တိုင်းပြည်ဆူပူလှုပ်ရှားအောင် လှုံ့ဆော်တဲ့ စကားမျိုး၊ ဖက်စစ် အစီအမံလို လုံးဝတခါတည်း လိမ်လည်လှည့်ဖြားပြီး ရေးသားတဲ့ အရေးအသားမျိုးဆိုရင် ကျွန်တော်တို့ သည်းခံမှာမဟုတ်ဘူးဆိုတာ တိတိလင်းလင်းဘဲ သတိပေးပါရစေ’’ ဟုမိန့်ကြားခဲ့ပါသည်။

ဗိုလ်ချုပ်ဆိုလိုသည်မှာ သတင်းစာသည် အစိုးရအပေါ် ထောက်ခံနိုင်သလို၊ မထောက်ခံဘဲလည်းနေနိုင်သည်။ သို့သော် အစိုးရကို အကြည်အညိုပျက်စေရန်နှင့် တိုင်းပြည်ဆူပူလှုပ်ရှား စေရန်ရေးသားခွင့်မရှိဟူ၍ဖြစ်သည်။ သတင်းပညာတွင် ကိုယ်ကျင့်တရားနှင့် စံများရှိပါသည်။ သတင်းသမားတိုင်း၊ သတင်းပညာဖြင့် အသက်မွေးသူတိုင်း စိန်ခေါ် ခံနေရသည့် ပြဿနာလည်းဖြစ်သည်။ မီဒီယာကိုယ်ကျင့်တရား (Media Ethics) ဆိုသည်မှာ မီဒီယာသမားတိုင်း လိုက်နာစောင့်ထိန်း ကြရမည့် ဥပဒေ (code of ethics) ဖြစ်သလို၊ စည်းမျဉ်း (canons of journalism) ဟူ၍လည်းဆိုနိုင်သည်။ ထိုဥပဒေများ၊ စည်းမျဉ်းများ အားလုံးကို သတင်းဖြင့်အသက်မွေး နေသူအားလုံး (ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာ) အားလုံး အဖွဲ့အစည်းနှင့် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ လိုက်နာစောင့်ထိန်းကြရမည့်တာဝန် လည်းရှိသည်။

‘‘သတင်းမီဒီယာတိုင်း အများယုံကြည်လက်ခံနိုင်မှုရှိရမည်။ နာမည်နှင့်ဂုဏ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်’’ ဟူ၍ CBC News မှ အယ်ဒီတာချုပ် တိုနီဘားမန်းကဖွင့်ဆိုခဲ့ဖူးပါသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ဧပြီလ ၁ရ ရက်နေ့၌ ကျင်းပခဲ့ သည့် သတင်းစာဆရာများအသင်းညီလာခံတွင် စာနယ်ဇင်း ကျင့်ဝတ် ၁၁ ချက်ကို ချမှတ်ခဲ့ပါသည်။ ထိုကျင့်ဝတ်များမှာ

၁။ စာနယ်ဇင်းတို့သည် အများပြည်သူတို့ သိရှိရန်အလို့ငှာ ထုတ် ပြန်သော သတင်းတိုင်း၌ အချက်အလက် တိကျမှန်ကန်စေ ရန် အစွမ်းကုန် စိစစ်ရမည်။ ပုံနှိပ်ဖော်ပြခြင်းမပြုမီ သတင်း အားလုံးကို တတ်စွမ်းနိုင်သမျှ စစ်ဆေးရမည်။ မည်သည့် သတင်းအချက် အလက်ကိုမျှ မိမိတို့လိုရာသို့ဆွဲမရေးရ။ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင် သက်သက် ထိန်ချန်ခြင်းမပြုရ။

၂။ ပုဂ္ဂိုလ်မှန်သမျှ၌ မိမိ၏ဂုဏ်သိက္ခာမပျက်စေအောင် ကာကွယ် ပိုင်ခွင့်ရှိသည်ဟူသော အချက်ကို ရိုသေလေးစားရမည်။ ပြည်သူလူထု အကျိုးအတွက် ရှေ့ရှုရသည့်အခါမှတစ်ပါး သူတစ်ပါး၏ ပုဂ္ဂလိကအခွင့်အရေးကို ထိကပါးနှောင့်ယှက် ရေးသားဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်။

၃။ မတိကျ မမှန်ကန်သောသတင်းကို ရေးသားဖော်ပြခြင်းပြု မိလျှင် ဆိုင်ရာ စာနယ်ဇင်းသည် ထိုသတင်းကို ဆောလျင်စွာ ပြန်လည်ဖြေရှင်းပေးရမည်။ သတင်းမှန် ဖြေရှင်းချက်ကို လည်း သတင်းမှားဖော်ပြခဲ့သည့်နည်းတူ ထင်ရှားပေါ်လွင် အောင် ဖော်ပြပေးရမည်။ ၄။ သတင်းရေးသားရာ၌ ရေးသားသူ၏အာဘော် လုံးဝမပါစေရ။ ရေးသူ၏အမည်နှင့် ရေးသားသော သတင်းဆောင်းပါးတို့၌ သာလျှင် သတင်းရေးသားသူသည် ၎င်း၏အာဘော်ကို သတင်းဆောင်းပါးတွင် ထည့်သွင်းရေးသားနိုင်ခွင့်ရှိသည်။

၅။ သတင်းပေးသူ သို့မဟုတ် သတင်းရရှိရာဌာနနှင့် စပ်လျဉ်း၍ နှုတ်လုံရန် တင်းတင်းကြပ်ကြပ်ထိန်းသိမ်းဆင်ခြင်ရမည်။ ယုံကြည်၍ ထုတ်ဖော်အသိပေးလိုက်သည့် အကြောင်းချင်းရာ များနှင့် စပ်လျဉ်း၍ သတင်းစာဝတ္တရားအတိုင်း သိပ်သည်း လျှို့ဝှက်ရမည်။

၆။ ရာဇဝတ်မှုခင်းသတင်းများ ရေးသားဖော်ပြရာတွင် စီရင် ပိုင်ခွင့်ရှိသော တရားရုံးတော်က ပြစ်မှုထင်ရှား စီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားခံအား အပြစ်ကင်း စင်သူတစ်ဦးဖြစ်သည်ဟု သဘောပိုက်ရမည်။

၇။ စာနယ်ဇင်းဆရာများသည် မည်ကဲ့သို့သော တံစိုး လက်ဆောင်မျိုးကိုမျှ ခံယူခြင်းမပြုရ။ ကိုယ်ကျိုးငဲ့ကွက်ခြင်း အားဖြင့်လည်း မိမိ၏ တရားမျှတမှုနှင့် ဘက်မလိုက်မှုကို မထိခိုက်စေရ။

၈။ စာနယ်ဇင်းများသည် တမင်ကြံရွယ်တွက်ဆလျက် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံ့ဆော်ခြင်းမပြုရ။ ဇာတိကို သော်၎င်း၊ ကိုးကွယ်ရာဘာသာကို၎င်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်းမပြုရ။

၉။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြိုကွဲစေခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို ထိပါးခြင်းဟူသည်တို့၌ အကျုံးဝင်သော နိုင်ငံတော်လုံခြုံမှုကို ထိခိုက်စေမည့် သတင်းဆောင်းပါးများကို လုံးဝရေးသား ဖော်ပြခြင်းမပြုရ။

၁ဝ။ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးအသွင်ဖြင့် ထည့်သွင်းသော ကုန်သွယ်ကြော်ငြာများကို ပုံနှိပ်ဖော်ပြရာတွင် (ကြော်ငြာ) ဖြစ် ကြောင်း သိသာထင်ရှားအောင် ဖော်ပြရမည်။

၁၁။ အောက်ပါအချက်များနှင့် ငြိစွန်းသော သတင်းဖြစ်စေ၊ ဆောင်းပါးဖြစ်စေ၊ မည်သည့် အကြောင်းအရာကိုမဆို ပုံနှိပ် ထုတ်ဝေခြင်းမပြုရ။ (က) အကျင့်သိက္ခာ ပျက်ပြားစေမည့် ရေးသားမှုများ၊ ညစ်ညမ်းမှုများ (ခ) သိမ်ဖျင်း ရုန့်ရင်းသော စကားအသုံးအနှုန်းများ (ဂ) မနာလို မစ္ဆရိယစိတ်ဖြင့် စွပ်စွဲချက်များ (ဃ) မမှန်ကန်သော အသရေပျက်စေသော ကြေငြာချက်များ

သတင်းမီဒီယာနှင့် သတင်းပညာအခြေခံသဘောတရားများ

ဘီလ် ကိုးဗာ့ချ်နှင့် တောမ် ရိုဆင်တိုင်းလ်တို့က "The Elements of Journalism" ဆိုသည့်စာအုပ်တွင် သတင်းသမားတို့ အတွက် အခြေခံလိုအပ်ချက် ၁ဝ ချက်ကို (လိုက်နာရမည့် တာဝန် များအနေဖြင့်) အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

၁။ သတင်းပညာ၏ ပထမတာဝန်ဝတ္တရားမှာ ‘‘အမှန်တရား’’ ဖြစ် သည်

၂။ သတင်းသမား၏ ပထမဦးဆုံး သစ္စာစောင့်သိရမည့်သူမှာ ပြည်သူသာဖြစ်သည်

၃။ သတင်းသမား အဓိကထားရမည်မှာ မိမိတင်ပြသောသတင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ရေးသာဖြစ်သည်

၄။ သတင်းဖြင့်အသက်မွေးသူသည် နှောင်ကြိုးမဲ့ လွတ်လပ်သူ ဖြစ်ရမည်

၅။ သတင်းရရေးအတွက် မည်သူ၏ အထိန်းအချုပ်မျှမခံ၊ လွတ်လပ်စွာစောင့်ကြည့်ဝေဖန်ရေးသားနိုင်စွမ်းရှိရမည်

၆။ ပြည်သူ့ထံမှအသံများကို တစ်ဆင့်ခံပြန်လည်ပြောကြား ပေးသူ၊ ဝေဖန်ထောက်ပြ ပြည်သူနှင့်အစိုးရအကြား အပေး အယူလုပ်နိုင်သူများဖြစ်ရမည်

၇။ မိမိတင်ပြသောသတင်းသည် စိတ်ဝင်စားမှုရှိစေရန်၊ ကျိုး ကြောင်းခိုင်လုံမှုရှိစေရန် အားထုတ်ရမည်

၈။ မိမိတင်ပြသောသတင်းသည် ကျယ်ပြန့်ရမည်၊ ဘက်မလိုက် မျှတမှုရှိရမည်

၉။ သတင်းဖြင့်အသက်မွေးသူသည် စိတ်ဓာတ်ခိုင်မာ၊ ကိုယ့် လိပ်ပြာကိုယ်လုံနေသူမျိုးသာဖြစ်သင့်သည်

၁ဝ။ ပြည်သူ့အခွင့်အရေး တာဝန်သိသိ သစ္စာရှိရှိ ကာကွယ်စောင့် ရှောက်ပေးနေသူများဖြစ်ရမည် ဟူ၍ဖြစ်သည်။

သတင်းမီဒီယာဘက်လိုက်မှုများ

သတင်းမီဒီယာဘက်လိုက်မှု (Media Bias) သည် သတင်း ရေးသားသူ ဂျာနယ်လစ်များနှင့် သတင်းထုတ်ဝေသူတို့ လူထု မီဒီယာကို အသုံးချပြီး ပကတိတရားကို ဖုံးကွယ်ကာ ဘက်လိုက် တင်ပြမှုမျိုးကိုခေါ်ဆိုသည်။ ဘက်လိုက်မှုဆိုသည်မှာ သတ်မှတ် ချက်တစ်ခုခုကို သွေဖည်ပြီး လမ်းကြောင်းပြောင်းသွားခြင်းဖြစ် သည်။ မီဒီယာဘက်လိုက်မှုဆိုသည်မှာ သတင်းသမားတို့လိုက်နာ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ပြီး လူပုဂ္ဂိုလ်အရသော်လည်းကောင်း၊ ရေးသားသည့် သတင်းဆောင်းပါးများဖြင့်လည်းကောင်း ဘက်လိုက်ခြင်းကို ခေါ်ဆိုသည်။

သတင်းဘက်လိုက်မှုတွင် သတင်းထိန်ချန်မှုလည်းပါဝင် သည်။ သတင်းဆိုသည်မှာ အားလုံးဖော်ပြရန်မဟုတ်သော်လည်း အချို့သောတိုင်းပြည်များတွင် အစိုးရလွှမ်းမိုးမှုကြောင့် သတင်း အမှန်ကို အပြည့်အစုံတင်ပြ၍ မရနိုင်သည်များလည်း ရှိနိုင်သည်။ တစ်ခါတစ်ရံတွင် ဈေးကွက်အနေအထားအရလည်း သတင်း ဘက်လိုက်မှုများရှိနိုင်သည်။ ဥပမာ သတင်းမီဒီယာကို ပိုင်ဆိုင်သူ ကြောင့်၊ သတင်းပိုင်ဆိုင်သူနှင့် ပတ်သက်မှုအနေအထားကြောင့်၊ သတင်းဖတ်သူအနေအထားကြောင့်၊ ကြော်ငြာသူဖိအားများကြောင့် လည်း သတင်းဘက်လိုက်မှုရှိနိုင်သည်။

သတင်းမီဒီယာဘက်လိုက်မှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (Watchdog groups) များသည် နိုင်ငံတကာ တွင် ခေတ်စားလာသည်။ ထိုအဖွဲ့သည် သတင်း မီဒီယာလောက၏ ဘက်လက်ပြီးရေးသားဖော်ပြချက်များကို ပြန်လည်ဖော်ထုတ် တင်ပြပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ဘက်လိုက်မှုအမျိုးအစားများ

သတင်းဘက်ဘက်မှုသည် များသောအားဖြင့် နိုင်ငံရေးပါတီ များ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးဝါဒသဘော တရားများတွင် သိသာမြင်သာ ပေါ်ထွက်လာတတ်သည်။ အခြား မီဒီယာဘက်လိုက်မှုများအနေဖြင့်

ကြော်ငြာဘက်လိုက်မှု

ကြော်ငြာရှင် ကျေနပ်နှစ်သက်မှုရစေရန် သတင်းဆောင်းပါး ကို သာသာထိုးထိုး မြှောက်ပင့်ရေးသားခြင်းမျိုးဖြစ်သည်။


ကုမ္ပဏီအသင်းအဖွဲ့ဘက်လိုက်မှု

ကုမ္ပဏီပိုင်ရှင် ကျေနပ်စေရန် သတင်းဆောင်းပါးကို မြှောက် ထိုးပင့်ကော်ရေးသားခြင်း


ခေတ်ရေစီးကြောင်းအတိုင်းဘက်လိုက်မှု

မင်းသား မင်းသမီး နာမည်ကြီးသူများ သို့မဟုတ် နာမည်မရ သေးသူများကို မသိမသာထိုးတင်ပေးခြင်းမျိုး


လူပြိန်းကြိုက်ဘက်လိုက်မှု

ကြုံတောင့်ကြုံခဲသတင်းများ ဥပမာ လေယာဉ်ပျက်ကျသည့် သတင်းနှင့် သာမန်သတင်းများ ဥပမာ ကားတိုက်သည့် သတင်း များတွင် သာမန်အဖြစ်အပျက်ထက် ထူးကဲစွာစိတ်ခံစားမှုများ ထည့်သွင်းရေးသားခြင်းမျိုးများဖြစ်သည်။

အခြားဘက်လိုက်မှုများတွင် လူမျိုးရေး၊ အသားအရောင်၊ ဘာသာရေး၊ လိင်ခွဲခြားမှု၊ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လူမျိုးစု များလည်း ပါဝင်ပတ်သက်နိုင်သည်။


သတင်းဘက်လိုက်မှုရှိ မရှိ တိုင်းတာခြင်းနှင့် ပိုင်းဖြတ်ခြင်း


ရစ်ချတ် အယ်လင် နယ်ဆန်ဆိုသူက ၂ဝဝ၄ ခုနှစ်တွင် Tracking Propaganda to the Source: Tools for Analyzing Media Bias ဆိုသည့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ သူက သတင်းမီဒီယာ ဘက်လိုက်မှုရှိ မရှိကို အချက် ၁၂ ချက်ဖြင့်တိုင်းတာနိုင်ကြောင်း ဖော်ပြထားသည်။ ထိုအချက်များမှာ

၁။ ထိုသတင်းသမား (ဂျာနယ်လစ်) ၏ နိုင်ငံရေးရာ၊ ယဉ်ကျေးမှု ဆိုင်ရာ အမြင်သဘောထား၊ အထူးသဖြင့် ထိုသူသည် မီဒီယာလောကတွင် အခြေကျနေသည့် လူ့မလိုင်လူတန်းစား၊ အကြံပြုနိုင်သည့် ဝါရင့်သမ္ဘာရင့်လား၊ သတင်းသမားပေါက်စ အလုပ်သင်ကျောင်းသားလေးလား

၂။ ထိုသတင်းသမား၏ ယခင်အသက်မွေးဝမ်းကျောင်း အလုပ် နှင့် ဆက်နွှယ်ခဲ့မှုများ

၃။ နိုင်ငံရေးနှင့်ပတ်သက်၍ဖြစ်စေ၊ လုပ်ငန်းနှင့်ပတ်သက်၍ ဖြစ်စေ သူ့အမြင် သူ့အတွေးထုတ်ဖော်ချက်များ၊ ထိုသူ၏ ရပ်တည်ချက်သဘောထားအမြင်

၄။ ထိုသူ၏လေ့လာမှုအား၊ စာဖတ်အား၊ ကောက်ချက်ချနိုင်မှု

၅။ သတင်းဇာတ်လမ်းတစ်ခုအပေါ် သုံးသပ်အား၊ အကြံပြု နိုင်စွမ်း

၆။ သတင်းဖြစ်စဉ်တစ်ခုအပေါ်တွင် နှိုင်းယှဉ် သုံးသပ်နိုင်စွမ်း

၇။ အကောင်းမြင် သို့မဟုတ် အဆိုးမြင် ဘက်နှစ်ဘက် ပိုင်းဖြတ် သုံးသပ်နိုင်စွမ်း

၈။ မီဒီယာတွင် ဆုံးဖြတ်သုံးသပ်နိုင်သူတစ်ယောက်အနေဖြင့် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်စွမ်း

၉။ သတင်းလား ကြော်ငြာလား၊ အတင်းလား သတင်းလား ပိုင်းဖြတ်နိုင်စွမ်း

၁ဝ။ ဝါဒဖြန့်တာလား သတင်းလား၊ ပြည်သူအတွက်လား အစိုးရ အတွက်လား ခွဲခြားပိုင်းဖြတ်နိုင်စွမ်း

၁၁။ ကျွမ်းကျင်ပညာရှင်၊ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စသူတို့၏ ပြောဆိုရေးသားချက်များကို အဆိုးအကောင်း၊ အကျိုး အကြောင်း ကောင်းစွာယှဉ်ပြဖော်ထုတ်နိုင်စွမ်း

၁၂။ သူရရှိထားသည့် ခံစားခွင့်၊ လစာများ၊ သူနှင့် နောက်ကွယ် အဖွဲ့အစည်းများပတ်သက်မှု၊ အထောက်အပံ့ခံဟုတ်မဟုတ် စသည်များသည် သတင်းမီဒီယားသမားတစ်ယောက်အပေါ် တွင် ဘက်လိုက်မှုရှိ မရှိ ကောက်ချက်ချနိုင်သည့် အဓိက အချက်များဖြစ်သည်။

ဒီမိုကရေစီအစိုးရသည် သတင်းမီဒီယာကို ကာကွယ်သူလော

ဥရောပဒီမိုကရေစီတွင် သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ် စွာလုပ်ပိုင်ခွင့်အတွက် အကာအကွယ်ပေးရန်ဥပဒေများ ပြဋ္ဌာန်းပေး ထားသည်။ ဥပမာ ရုရှားဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ‘‘ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက်အာမခံချက်အပြည့် ပေးသည်။ သတင်းဆင်ဆာလုပ်မှုကို တားမြစ်သည်’’ ဟုအတိ အလင်း ဆိုထားသည်။ သို့ရာတွင် သတင်းအချက်အလက်ဒေတာ များကို နိုင်ငံတော်၏ လျှို့ဝှက်ချက်အဖြစ် စောင့်ထိန်းရမည်ဟုဆို ထားသည်။ အမေရိကန်နိုင်ငံတွင်လည်း သတင်းမီဒီယာလွတ်လပ် ခွင့်နှင့်ပတ်သက်ပြီး နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက် အတိုင်းသာရှိစေရမည်ဟုဆိုထားပါသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်တွင် ‘‘လွှတ်တော်သည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်နှင့် ပတ်သက်ပြီး ပိတ်ပင်သည့် ဥပဒေကို မပြဋ္ဌာန်းရ’’ ဟုဖွင့်ဆိုထားသည်။ အမေရိကန်သမိုင်းတွင် အစိုးရသည် သတင်းလွတ်လပ်ခွင့်နှင့်ပတ် သက်ပြီး နည်းမျိုးစုံဖြင့် ပိတ်ပင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ အမျိုးသားလုံခြုံရေးနှင့် စစ်ရေးကျူးကျော်မှုကိစ္စများတွင် သတင်း မီဒီယာ၏အခန်းကဏ္ဍကို လုံးဝကန့်သတ်နိုင်ရန် ကြိုးစားခဲ့ကြ သည်။

ရုပ်သံမီဒီယာလွတ်လပ်ခွင့်နှင့် စပွန်ဆာ

အမေရိကန်ဂျာနယ်လစ် အေဂျေ လိုင်းဘလင်းက ‘‘သတင်း မီဒီယာလွတ်လပ်မှုဆိုသည်မှာ ပိုင်ဆိုင်သူကသာ အာမခံချက်ပေးနိုင် သည်’’ ‘ဟုဆိုပါသည်။ ဥပဒေက သတင်းမီဒီယာကို မည်မျှအကာ အကွယ်ပေးသည်ဆိုစေ မီဒီယာကို အသုံးပြုနိုင်ရန် ထွက်ပေါက်မှာ ငွေသာအဓိကဖြစ်နေသည်။ သတင်းမီဒီယာလွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ရှင်သန်ပိုင်ခွင့်အတွက် အရေးအကြီးဆုံးမှာ ငွေသာဖြစ်နေသည်။

သတင်းမီဒီယာရပ်တည်ပိုင်ခွင့်သည့် ကြော်ငြာရှင်များနှင့် များစွာဆက်စပ်နေရသည်။ ရုပ်သံလွှင့်မီဒီယာတွင် ကြော်ငြာရှင်များ က သူတို့ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအတွင် အချိန်နှင့်ထုတ်လွှင့် ပြသခွင့်များကို ဝယ်ကြရသည်။ အားကစားပြိုင်ပွဲများကိုလည်း စပွန်ဆာတွေပေးကြရသည်။ McDonald, Samsung နှင့် Visa တို့ သည် ၂ဝဝ၈ ဘေကျင်းအိုလံပစ်အားကစားပွဲအတွက် စပွန်ဆာများ ဖြစ်ကြသည်။ ထိုအားကစားပြိုင်ပွဲစဉ်ကာလတစ်လျှောက် မိမိတို့က စပွန်ဆာပေးထားသဖြင့် မိမိတို့မှလွဲပြီး အခြား ကုမ္ပဏီ များ ဝင်ရောက်ကြော်ငြာခြင်းမပြုနိုင်စေရန် ထိန်းချုပ်တောင်းဆိုပိုင်ခွင့် များရှိသည်။ ဥပမာ Coca Cola အချိုရည်သည် အိုလံပစ်ပွဲကို စပွန်ဆာပေးလျှင် Pepsi Cola အချိုရည်က ထိုအားကစားပွဲတွင် ကြော်ငြာခွင့် ဝင်ရောက်ရောင်းချခွင့်မရှိသည့်သဘောဖြစ်သည်။

ရုပ်သံမီဒီယာသို့ လုံလောက်သည့်ငွေကြေးထောက်ပံ့နိုင်ရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာတိုင်းကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ်လာသည်။ အဓိကပြဿနာမှာ လူထုဆက်သွယ်ရေးလမ်း ကြောင်းများပွင့်လာပြီး အွန်လိုင်းနှင့် အခြားမီဒီယာလိုင်းများ ပေါများလာခြင်းကြောင့်ဟု သုံးသပ်ကြသည်။

ရုပ်သံမီဒီယာ၏စွမ်းပကားကို သုံးသပ်ကြည့်ခြင်း

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်းကြီးများ၊ သီးခြားချမ်းသာကြွယ်ဝသူများနှင့် နိုင်ငံတော်ကသာ ရုပ်သံမီဒီယာ ကို ထိန်းချုပ်ပိုင်ခွင့်များ ရရှိထားကြသည်။ နိုင်ငံအများစုတွင်လည်း ရုပ်သံမီဒီယာလိုင်းကြီး သုံးလိုင်းလောက်ကသာ ထိန်းချုပ်ထားနိုင် စွမ်းရှိပြီး လူနည်းစုထက် လူများစုအကြိုက်ကိုသာ ဦးစားပေးထုတ် လွှင့်နေကြရသည်ဟုဆိုသည်။

မီဒီယာပိုင်ရှင်များသည် သူတို့မီဒီယာအစွမ်းဖြင့် နိုင်ငံရေးပါတီ များ အောင်နိုင်ရေးကို စွမ်းဆောင်ပေးလာကြကြောင်းတွေ့ရသည်။ ၂ဝဝ၁ ခုနှစ် အီတလီနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် မဲဆွယ် လှုပ်ရှားပွဲများတွင် ဆီလ်ဗီရို ဘာလူစကိုနီသည် အောင်မြင်မှုရရှိ သွားခဲ့သည်။ အီတလီနိုင်ငံတွင် ရုပ်သံလိုင်းကြီးလေးလိုင်းရှိသည့် အနက် ဘာလူစကိုနီသည် သုံးလိုင်းကို ကိုင်ထားနိုင်သူဖြစ်သည်။ ထိုလိုင်းသုံးလိုင်းသည် အီတလီနိုင်ငံတွင် လူဦးရေ၏ ၄ဝ ရာခိုင်နှုန်း ခန့် ကြည့်ရှုအားပေးခြင်းခံရသည့် ရုပ်သံလိုင်းများဖြစ်သည်။ ဘာလူစကိုနီသည် သူ့ပြိုင်ဘက်များထက် ရုပ်သံလိုင်းများတွင် ၆ဝ ရာခိုင်နှုန်းကျော်ကျော် လွှင့်ထုတ်ဖော်ပြခြင်းခံနေရသဖြင့် ပြည်သူ များ၏ အမြင်တွင်ပိုပြီး စွဲစရာဖြစ်လာသည်။ ထို့ကြောင့် အောင်ပွဲ ဆင်သွားရသည်ဟု အီတလီဂျာနယ်လစ် ရာဖဲလ် မာ့စ်ထရိုလိုနာဒို က ဝေဖန်ထောက်ပြခဲ့သည်။

ရုပ်သံမီဒီယာနှင့် လက်ဝါးကြီးအုပ်မှုပြဿနာ

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံကြီးများ တွင် မီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ ‘‘ကြီးလေကောင်းလေ’’ တစ်နည်းအားဖြင့် ‘‘အင်အားများလေ ကောင်းလေ’’ ဆိုသည့်မူဝါဒ ကို လက်ကိုင်ထားနေကြဆဲဖြစ်ကြောင်းတွေ့ရသည်။ ရုပ်သံလိုင်း အသေးစားလေးများကို မူအရခွင့်ပြုထားသည်မှန်သော်လည်း နောက်ခံငွေကြေးအင်အားမတောင့်တင်းသဖြင့် မရပ်တည်နိုင်ကြ သည်ကများသည်။ သို့ဖြစ်ရာ အင်အားကြီးသည့်မီဒီယာက အင်အားသေးသည့်မီဒီယာများကို ချုပ်ကိုင်ပြီး သူတို့ထံမှအစီအစဉ် ကောင်းများကို လက်စဖျောက်နိုင်သည်အထိ အတင့်ရဲလာကြ သည်။ အင်အားကောင်းသည့်မီဒီယာကြီးများသည် ငွေဂုဏ်၊ ဓနဂုဏ်၊ အဆက်အသွယ်၊ အရှိန်အဝါများရှိသလို အစိုးရနှင့်လည်း ပလဲနံပသင့်သည်ကများသဖြင့် သတင်းထုတ်လွှင့်မှုများ၊ တင်ဆက်မှုများအပေါ် လက်ဝါးကြီးအုပ်ခွင့်အများဆုံးရရှိထား သူများဟုဆိုနိုင်သည်။ အက်စတိုးနီးယားနိုင်ငံကဲ့သို့ သေးငယ် သည့်နိုင်ငံမျိုးများတွင် ဒီမိုကရေစီအနည်းငယ်သာရှိသည်ဆိုစေ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်ပေးထားသည်က အံ့ဩစရာဖြစ် သည်။

ရုပ်သံမီဒီယာတွင် ပြိုင်ဘက်များခြင်းသည် ထိန်းချုပ်ရခက်ခဲ စေနိုင်ပါသည်။ ချက်သမ္မတနိုင်ငံမှ သတင်းသမားတစ်ဦးဖြစ်သူ ယန်း အာဘန်းက ‘‘အီလက်ထရောနစ်မီဒီယာနဲ့ ကြော်ငြာဈေးကွက် မှာ လက်ဝါးကြီးအုပ်မှုတွေ အတော်လေးများလာပြီ’’ ဟု မှတ်ချက်ချ ဖူးသည်။ CNN ကိုစတင်ထူထောင်သူ တက် တာနာကလည်း ကြော်ငြာဈေးကွက်တွင် လက်ဝါးကြီးအုပ်ထိန်းချုပ်လာမှုများနှင့် ပတ်သက်ပြီး ‘‘ဘာနဲ့တူနေသလဲဆိုတော့ ပါလီမန်ရွေးကောက်ပွဲကို ဝင်ခွင့်ရှိ မရှိ ဆုံးဖြတ်တာကတစ်ယောက်၊ ပြီးတော့မှ ပြည်သူတွေ ရွေးကောက်ကြလို့ပြောသလိုဖြစ်နေပြီ’’ ဟုထောက်ပြသွားသည်။

သတင်းမီဒီယာလောကတွင် လက်ဝါးကြီးအုပ်မှုမဖြစ်စေရန် ကာကွယ်သည့်နည်းမှာ ဖွဲ့စည်းပုံဥပဒေဖြင့် ထိန်းချုပ်ရန်သာဖြစ် သည်။ လစ်သူနီးယန်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ‘‘ပြည်သူ လူထုအတွက်မီဒီယာကို စိစစ်တည်းဖြတ်ခြင်းအား တားမြစ်သည်။ နိုင်ငံတော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအရဖြစ်စေ၊ ပြည်သူ့ အဖွဲ့အစည်းများအတွင်း၌ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ဖြစ် စေ သတင်းမီဒီယာကို လက်ဝါးကြီးအုပ် ထိန်းချုပ်မှုမပြုရ’’ ဟူ၍ ပြဋ္ဌာန်းထားသည်။

သတင်းမီဒီယာ ဓမ္မဓိဋ္ဌာန်ကျမှု

သတင်းမီဒီယာလောကတွင် ဓမ္မဓိဋ္ဌာန်ကျကျဖော်ပြမှုကို (Objectivity) ဟုခေါ်သည်။ သတင်းပညာဖြင့်အသက်မွေးသည့် သတင်းသမားများ၏ ကိုယ်ကျင့်တရားနှင့် စံတွင် ဓမ္မဓိဋ္ဌာန်ကျမှု ကိုလည်း ထည့်သွင်းထားရမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျမှုဆိုသည် မှာ တရားမျှတခြင်း (fairness) ၊ ကိုယ်ကျိုးမကြည့် အများအကျိုး ကြည့်ခြင်း (disinterestedness) ၊ အမှန်တရားကိုသာကြည့်ခြင်း (factuality) နှင့် ဘက်မလိုက်ခြင်း (nonpartisanship) တို့ဖြစ်သည်။ သတင်းမီဒီယာလောကတွင် အထက်ပါအချက်များနှင့်တိုင်းတာပြီး ဓမ္မဓိဋ္ဌာန်ကျမှုရှိ မရှိကို ပိုင်းဖြတ်နိုင်ပါသည်။

Objectivity သည် naeutrality နှင့်လည်း သဘောအတူတူပင် ဖြစ်သည်။ လူမှုဗေဒပညာရှင် မိုက်ကယ် ရှုဆန်က ‘‘ဓမ္မဓိဋ္ဌာန်ကျမှု ကို လက်ခံလျှင် အမှန်တရားကို ယုံကြည်ရမည်။ တန်ဖိုးကို မယုံ ကြည်ရ၊ အမှန်တရားနှင့် တန်ဖိုးကို ခွဲခြားထားနိုင်ရမည်’’ ဟုဆို ထားပါသည်။ သတင်းအချက်အလက်တို့ကို ပြန်လည်ဖော်ထုတ် တင်ပြရန်အတွက် စုဆောင်းရာတွင် ဖြစ်ပျက်သည့်နေရာတွင် အမှန်တကယ်ရှိခဲ့သည့် မျက်မြင်သက်သေကို အခြေခံပြီး၊ အဘက်ဘက်မှကောက်ချက်ဆွဲကာ မျှတစွာတင်ပြရမည်ဟုဆိုလို ခြင်းဖြစ်သည်။ မည်သည့်လူ့ဘောင်အဖွဲ့အစည်းအတွက်မဆို သတင်းမီဒီယာဆိုသည်မှာ စတုတ္ထမဏ္ဍိုင်သာဖြစ်သည်။ နိုင်ငံတစ် နိုင်ငံအတွက် မရှိမဖြစ်အရေးကြီးသလို တန်ဖိုးထားလေးစားအပ် သည့် အဖွဲ့အစည်းကြီးတစ်ခုအနေဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ရမည်ဖြစ် သည်။

သတင်းစာသို့မဟုတ် ဂျာနယ်တစ်စောင်တွင် မည်သည့် အကြောင်းအရာကို မျက်နှာဖုံးတင်ရမည်၊ မည်သည့်အကြောင်း အရာများကို ကောက်စာအနေဖြင့်ဖော်ပြရမည်ဆိုသည်မှာ ဓမ္မဓိဋ္ဌာန် ကျကျဖြစ်သင့်သည်ဟုဆိုသည်။ အက်ဒဝပ် ဟားမင်းနှင့် နောမ် ချောင်းစကီးတို့က ဝါဒဖြန့်မှုကို ရှေ့တန်းတင်လျှင် ထိုသတင်းစာ သည် ဓမ္မဓိဋ္ဌာန်မကျဟု သုံးသပ်ကြသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် နယ်စည်းမခြားသတင်းသမား

ကမ္ဘာ့သတင်းစာအဖွဲ့ကြီး (The World Association of Newspapers) ၏ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁ဝဝ အတွင်း သတင်း မီဒီယာ ၁၈,ဝဝဝ ခန့်တွင် သတင်းအယ်ဒီတာများ တာဝန်ထမ်း ဆောင်နေကြသည်ဟုဆိုသည်။ ထိုအထဲတွင် အင်တာနက်၊ web site နှင့် blog များတွင် တာဝန်ထမ်းဆောင်နေကြသူများလည်းပါ ဝင်သည်။ သတင်းမီဒီယာမှတစ်ဆင့် သတင်းသမားများသည် ပြည်သူကို ပြန်လည်ပညာပေးရန်အတွက် အခြေခံလိုအပ်ချက်မှာ ‘‘သတင်းမီဒီယာလွတ်လပ်ခွင့်’’ ဖြစ်သည်။ ထို ကမ္ဘာ့သတင်းစာ အဖွဲ့ကြီး၏ဆောင်ပုဒ်ကိုက ‘‘သတင်းမီဒီယာလွတ်လပ်ခွင့်ဆို သည်မှာ ပြည်သူတို့လွတ်လပ်ခွင့်ပင်ဖြစ်သည်’’ ဟုဆိုထားသည်။

သတင်းသမားဆိုသည်မှာ အခွင့်ထူးခံလူတန်းစားမဟုတ်၊ သာမန်ထက်ပိုပြီး နဖူးတွင် ချိုပေါက်နေသူများလည်းမဟုတ်၊ သီးသန့်ပေါက်ဖွားလာသူများမဟုတ်ပေ။ သူတို့သည် သာမန် လူထဲကလူများသာဖြစ်ကြသည်။ သတင်းသမားကို ကြောက်စရာ မဟုတ်၊ ချောက်စရာမဟုတ်၊ မြှောက်စရာမဟုတ်။ သူတို့သည် ရနိုင်သည့်အခွင့်အလမ်းရှိသလောက် ပြည်သူထံသတင်းရောက်ရန် ကြိုးပမ်းလုပ်ဆောင်နေကြသူများဖြစ်သည်။

လွတ်လပ်သောသတင်းမီဒီယာဆိုသည်မှာ ဒီမိုကရေစီရှိရန် လိုသည်။ သတင်းမီဒီယာသည် အစိုးရအမှားကိုထောက်ပြနိုင် သည်။ အစိုးရအမှုထမ်းများ အဂတိလိုက်စားခြင်းကို ဝေဖန်ဖော် ထုတ်ပြနိုင်သည်။ လူသိရှင်ကြားပြောနိုင်ခွင့်၊ ဝေဖန်နိုင်ခွင့်၊ ထောက်ပြနိုင်ခွင့်ရှိသူများမှာ တိုင်းပြည်တစ်ပြည်တွင် စတုတ္ထမဏ္ဍိုင် အဖြစ်တင်စားကြသည့် မီဒီယာသာဖြစ်သည်။ ပြည်ကိုဖွင့်ဟဖော်ပြ ရမည်မှာ သတင်းသမားတို့တာဝန်ဖြစ်ပြီး၊ ဘာဆက်လုပ်သင့်သည် ကို ဆုံးဖြတ်ရမည်မှာ ပြည်သူများသာဖြစ်ပါသည်။

ဥရောပနှင့် အမေရိကတွင် သတင်းမီဒီယာလမ်းကြောင်းသည် ရုပ်မြင်သံကြားလိုင်းဘက်သို့ သိသိသာသာကူးပြောင်းနေပြီဖြစ် သည်။ သတင်းမီဒီယာလောကတွင် အင်အားကြီးသူများက အင်အားသေးသည့်မီဒီယာလေးများကို ဝါးမြိုပြီး သတင်းမီဒီယာ လက်ဝါးကြီးအုပ်မှုများ ထွန်းကားသည့်ခေတ်ဖြစ်လာသည်။ အချို့ သောနိုင်ငံများတွင် အစိုးရကိုယ်တိုင် သို့မဟုတ် အစိုးရလက်ဝေခံ ကုမ္ဋဏီများကို သတင်းမီဒီယာများကို ထိန်းချုပ်ပြီး ဝါဒဖြန့်ချိရေး လက်နက်အဖြစ် အသုံးပြုလာကြောင်းလည်းတွေ့ရသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်တွင် ဆက်သွယ်ရေးမီဒီယာလမ်း ကြောင်းများအပါအဝင် သတင်းစာ၊ စာအုပ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားမီဒီယာများ အစိုးရထိန်းချုပ်မှု သို့မဟုတ် ဆင်ဆာ လုပ်ကာ စိစစ်ဖြတ်တောက်ခြင်းမှကင်းလွတ်ခြင်းကို ခေါ်ဆိုပါ သည်။ သတင်းမီဒီယာလွတ်လပ်ခွင့်သည် လူပုဂ္ဂိုလ် တစ်ဦးချင်း ဆိုင်ရာ အခြေခံရပိုင်ခွင့်များနှင့်လည်း ဆက်စပ်နေသည်။ မီဒီယာ လွတ်လပ်ခွင့်မရှိလျှင် လွတ်လပ်သောလူ့ဘောင်အဖွဲ့ အစည်းတစ်ခု၊ ဒီမိုကရေစီနည်းကျအစိုးရတစ်ခုကို ထူထောင်၍မရနိုင်ဟုဆိုသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ကို ဒီမိုကရေစီအစိုးရတိုင်း လက်ခံနိုင်ရမည်ဖြစ်သည်။ ပြည်သူများကလည်း တည်ငြိမ် အေးချမ်းစွာဖြင့် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်သူများဖြစ်ရန် လိုသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ အကြွင်းမဲ့၊ အထိန်း ချုပ်မဲ့၊ အကန့်အသတ်မဲ့ လွတ်လပ်ခြင်းကို မဆိုလိုပေ။ အစိုးရ တစ်ရပ်သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လိုအပ်လျှင် သတင်းမီဒီယာအပေါ်ကန့်သတ်ထိန်းချုပ်ခွင့် များရှိသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် ပထမကမ္ဘာစစ်အတွင်း (၁၉၁၄-၁၉၁၈) နိုင်ငံတော်သစ္စာဖောက်မှုနှင့်ပတ်သက်သော အရေးယူဆောင်ရွက်မှုများ၊ အစိုးရ၏လုပ်ဆောင်ချက်များ၊ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ထားမှုများ၊ အမေရိကန်အလံနှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ မဝေဖန်ရန် ကန့်သတ်ထားခဲ့ဖူး သည်။မည်သည့်နိုင်ငံတွင်မဆို သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုသည်မှာ သူ့အတိုင်းအတာနှင့်သူ ဘောင်တစ်ခုအတွင်းမှာသာ ပေးထားနိုင်သေးကြောင်းတွေ့ရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ‘‘နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ’’ အခန်း၊ ပုဒ်မ-၃၅၄ တွင်

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်

(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိကြောင်း ပြဋ္ဌာန်းပေးထားပါသည်။

ထို့ပြင် အပိုဒ် (ဃ) တွင်လည်း

တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်း သားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာ ကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လက်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း လည်း ဖွင့်ဆိုထားပါသည်။

မီဒီယာတစ်ခေတ်ပြောင်း

ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းလ်နှင့် သတင်းအချက် အလက်ခေတ်သစ်ကိုထူထောင်လိုက်ကြသည့်အခါ မီဒီယာလောက တွင်လည်း ရိုက်ခတ်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ အတော်လေး ပြင်းထန်မှုရှိခဲ့ကြောင်းတွေ့ရသည်။ ကွန်ပျူတာကုမ္ဋဏီကြီးများနှင့် လုပ်ငန်းစုကြီးများ၊ နည်းပညာကုမ္ဋဏီကြီးများ၊ ဆက်သွယ်ရေး ဆိုင်ရာ ကွန်ရက်အဖွဲ့အစည်းကြီးများ၊ သတင်းအချက်အလက် ထောက်ပံ့ပေးနိုင်သည့် အဖွဲ့အစည်းများ ပုံစံသစ်ဖြင့် ထူထောင်ဖွဲ့ စည်းလာကြသည်။ မီဒီယာလောကတွင်ပင် အွန်လိုင်းယဉ်ကျေးမှု နှင့်ပေါင်းစပ်ပြီး သတင်းစာ၊ မဂ္ဂဇင်း၊ သီချင်း၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများ အသွင်သစ်၊ အမြင်သစ်ဖြင့် အွန်လိုင်းခေတ်ထဲရောက်ကုန်ကြသည်။ မီဒီယာ ဆုံမှတ်သည် (Computing, Communications, Content) ဆိုသည့် "C" သုံးလုံးဖြင့်ဖော်ဆောင်ရသည့်ခေတ်ဖြစ်လာသည်။

ခေတ်သစ်မီဒီယာဆုံမှတ်ကို ကွန်ပျူတာ၊ ဆက်သွယ်ရေးစနစ်၊ သတင်းအချက်အလက်တို့ဖြင့် ဖော်ဆောင်လာရာတွင် နည်းပညာ နှင့် ထုတ်လုပ်မှုအဆင့်တို့ကလည်း လိုက်ပါပြောင်းလဲလာကြောင်း တွေ့ရသည်။ မီဒီယာသစ်ကြောင့် အစဉ်အလာလုပ်ကိုင်ခဲ့ကြသည့် မီဒီယာပုံစံအဟောင်းများ ချုပ်ငြိမ်းသွားမည်လားဟု စိုးရိမ်သောက ပွားစရာတွေလည်းဖြစ်လာသည်။ ဒစ်ဂျစ်တယ်ခေတ်သည် ပုံနှိပ် ခေတ်ကို လွှမ်းမိုးလာကြောင်းကိုတော့ မငြင်းနိုင်ပေ။ ယခင်မီဒီယာ ပုံစံဟောင်းသည် one-to-one နှင့် many-to-many စနစ်ဖြစ်ပြီး၊ အင်တာနက်ခေတ်မီဒီယာသစ်က one-to-many ဖြစ်လာခြင်းသည် မီဒီယာသမားတိုင်း သတိထားရမည့်အချက်ဖြစ်သည်။

နိုင်ငံတကာရှိ နာမည်ကျော် သတင်းစာကြီးများနှင့် မဂ္ဂဇင်း ကြီးများသည် ယခုအခါ Web site များဖြင့် အင်တာနက်ထဲတွင် ဖတ်ရှုနိုင်သည့် ခေတ်ဖြစ်လာသည်။ အချိန်နှင့်တပြေးညီ ဖြစ်ပျက် နေသည့် သတင်းအချက်အလုပ်များကို မိနစ်ပိုင်းအတွင်း သိနိုင် ဖတ်နိုင်လာသည့် အစီအစဉ်သစ်များကြောင့် အချိန်ကိုစောင့်ပြီး ဖတ်ရသည့် သတင်းစာများ ကျဆုံးလာရသည်။

ခေတ်သစ်လူသားတို့သည် သတင်းသိချင်လျှင် ပထမဦးဆုံး တီဗွီကိုဖွင့်ကြည့်ကြသည်။ CNN, BBC တို့က နောက်တစ်နေ့ သတင်းစာစောင့်ဖတ်စရာမလိုအောင် အချိန်ပိုင်း မိနစ်ပိုင်းအတွင်း အဖြစ်အပျက်သစ်များကို တင်ဆက်ပေးနေသည်။ ၁၉၉ဝ နောက် ပိုင်းတွင် Web site တွေခေတ်စားလာသည်။ ယခင်သတင်းစာနှင့် ပုံနှိပ်မီဒီယာများတွင် ကြော်ငြာနေကြသည့် ကြော်ငြာရှင်တွေက သတင်းစာထက် စိတ်နှလုံးကိုသိမ်းကြုံးဖမ်းစားနိုင်စွမ်းရှိသည့် မီဒီယာသစ်ကို မျက်စပြစ်လာကြသည်။ အချိန်တိုအတွင်း ထိရောက် သောကြော်ငြာကို အသက်ပါပါ ကြော်ငြာရသည့်စနစ်ကိုစိတ်ဝင်စား ပြီး ကြော်ငြာတွေပါ လိုင်းပြောင်းကုန်ကြသည်။ ထို့ကြောင့် ကြော်ငြာ နှင့်ရပ်တည်နေကြရသည့် သတင်းနှင့် မဂ္ဂဇင်းဂျာနယ်များ ရပ်ဆိုင်း ကုန်သည်အထိဖြစ်ခဲ့ရသည်။ မရပ်ဆိုင်းချင်သည့် သတင်းမီဒီယာ များ အွန်လိုင်းပေါ်တက်ကုန်ကြသည်။ အွန်လိုင်းသတင်းသည် upodate အဖြစ်ဆုံးဆိုသည့်အသိကို ပြည်သူထဲထည့်ပေးလိုက် သဖြင့် မီဒီယာအဟောင်းများ ကျဆုံးခန်းကိုရင်ဆိုင်လာရသည်။

သတင်းမီဒီယာသမားတို့၏တာဝန်နှင့် အရည်အချင်းများ

သတင်းမီဒီယာသမားတို့သည်

- ဖြစ်ရပ်မှန်ကို တင်ပြရဲသူများဖြစ်ရမည်

- အစိုးရနှင့်ပြည်သူကြား ပေါင်းကူးဆက်စပ်ပေးတတ်သူများဖြစ် ရမည်

- သတင်းအချက်အလက်သစ်များကိုသာ ပြည်သူသို့ အသိပေး တင်ပြရမည် - ပြည်သူကို ပညာပေးနိုင်ရမည်၊ ဖျော်ဖြေမှုပေးနိုင်ရမည်၊ နှစ်သိမ့် ကျေနပ်မှုပေးနိုင်ရမည်

- ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သူများဖြစ်ရမည် သတင်းမီဒီယာသမားတစ်ယောက်၏ ကိုယ်ခံအရည်အချင်း မှာ

- နယ်မြေဒေသကျွမ်းကျင်ရမည်

- မိတ်ဆွေအပေါင်းအသင်းပေါများရမည်

- မှတ်သားတတ်ရမည်

- ဝီရိယရှိရမည်

ထို့ပြင် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ရေး အတွက် ‘‘ဘ’’ ခြောက်လုံး လက်ကိုင်သုံးနိုင်သူများဖြစ်ရန်လိုပါ သည်။ ဘ ခြောက်လုံးဆိုသည်မှာ ‘‘ဘယ်သူ၊ ဘယ်မှာ၊ ဘယ်အချိန်၊ ဘာဖြစ်၊ ဘယ်လို၊ ဘာကြောင့်’’ ဟူ၍မေးခွန်းခြောက်မျိုးကို အစုံ အလင်မသိရမချင်း ကြိုးပမ်းတတ်သူများလည်းဖြစ်ရန်လိုပါသည်။

သတင်းမီဒီယာသမားများ သည်

၁။ သတင်းကို အရယူပါ၊ သတင်းအားလုံးရပါစေ၊ သတင်းကိုသာ ရပါစေ

၂။ သတင်းမကူးပါနှင့်၊ သူတပါး ပုံနှိပ်ပြီးသော သတင်းကို ဆက်၍ မစုံစမ်းဘဲ မကူးနှင့်

၃။ တွေ့ဆုံမေးမြန်းရယူသော သတင်းကို တွေ့ဆုံမေးမြန်းခံရသူက သဘောတူခွင့်ပြုချက်မရလျှင် ပုံနှိပ်ခြင်း မပြုပါနှင့်

၄။ အခကြေးငွေရရှိသော ဝါဒဖြန့်ကြော်ငြာကို သတင်းအဖြစ် မရေး ပါနှင့် ဟူ၍ တိကျသည့်ဆောင်ပုဒ်များကိုလည်း လိုက်နာကြရန် လိုပါသည်။