မြေဆွေး

ဝီကီပီးဒီးယား မှ

ကမ္ဘာပေါ်တွင် လူသားဟု ပီပီပြင်ပြင် ပေါ်ထွန်းလာပြီးနောက် နှစ်ကာလ ထောင်သောင်းချီကာ သဘာဝ ရေမြေတောတောင် ပတ်ဝန်းကျင်နှင့် တောရိုင်း သတ္တလောကကြီးက လူသားတို့အပေါ် လွှမ်းမိုးကြီးစိုးခဲ့သည်မှာ အငြင်းပွားစရာ မလိုသော အချက်တစ်ချက် ဖြစ်သည်။ မိမိအသက် တစ်ချောင်းအတွက်သာ ရုန်းကန်လှုပ်ရှား နေခဲ့ရသော သားရိုင်း တိရစ္ဆာန်သာသာ ဘဝတွင် နိစ္စဓူဝ ရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်ထဲမှ မိုးသက်မုန်တိုင်း၊ လျှပ်စစ်မိုးကြိုး၊ သမုဒ္ဒရာ ဒီလှိုင်း၊ ငလျင်၊ မီးတောင်၊ မြစ်ရေလျှံခြင်း စသည့် အင်အားစုများ အပါအဝင် တောရိုင်း သတ္တဝါကြီးများကို အကြောက်တရားဖြင့် ဝပ်တွားကိုးကွယ် ခဲ့ကြရကြောင်း ခေတ်သမိုင်းဆရာတို့က တညီတညွတ်တည်း လက်ခံထားကြသည်။ ဤဖြစ်စဉ်မှာ ကမ္ဘာဦး ကာလမှသည် သိပ္ပံပညာ မထွန်းကားမီ ကာလအထိ ရှည်ကြာခဲ့သည်။ သို့သော် ၁၉ ရာစု ခေတ်ဦးမှ ယနေ့ မျက်မှောက်ခေတ်အထိ ကာလတွင်မူ လူသားက သဘာဝ ပတ်ဝန်းကျင် အင်အားစုများအပေါ် ပြန်လည်တွန်းလှန် ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ကောက်ချက်ချရမလို ဖြစ်လာခဲ့သည်။

စင်စစ်တော့ လူသားနှင့် သဘာဝတရားသည် မည်သူက မည်သူ့ကိုမျှ လွှမ်းမိုးကြိုးကိုင် ထိန်းချုပ်ဖို့ မလိုအပ်ကြောင်း ယထာဘူတကျကျ စဉ်းစားဖို့ လိုသည်။ လူသား သည် သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည် ဟူသော အတွေးအခေါ် တစ်ရပ်သည် ၂ဝ ရာစု ခေတ်ဆန်းမှစ၍ ပေါ်ထွန်းလာခဲ့ သည်ကိုလည်း တွေ့နေရသည်။ ဤအတွေးအခေါ်အရ လူသားသည် မိမိစားဝတ်နေမှု ဘဝ ပြည့် စုံဖူလုံရေးအတွက် အဓိက အခြေခံကျသော ရိက္ခာသီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့်လည်း သဟဇာတ ဖြစ်စေ၊ တစ်နေ့တခြား တိုးတက်များပြားလာသော လူဦးရေအတွက်လည်း စားရေရိက္ခာ ဖူလုံစေရန်အတွက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေမည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်ကျင့်သုံး ရပေတော့မည်။

ဥရောပနှင့် အနောက်ကမ္ဘာတွင် ၁၇ ရာစုနောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော စက်မှုတော်လှန်ရေး အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ လယ်ယာကဏ္ဍတွင် ရှေးယခင်က နေရာယူလာခဲ့သော လူအား၊ ကျွဲ၊ နွား၊ မြင်း စသော တိရစ္ဆာန်အင်အားသုံး လယ်ယာစနစ် တဖြည်းဖြည်း တိမ်ကောကာ စက်မှု အင်အားသုံး လယ်ယာစနစ်သစ်သည်လည်း ယနေ့ခေတ်တိုင်အောင် တဖြည်းဖြည်း ဖြစ်ထွန်းနေရာယူ လာခဲ့သည်။ စက်မှုလယ်ယာ စနစ်တွင် ထယ်ထိုး၊ ထွန်ရေးငင်၊ သယူ်ပို့ဆောင်ရေး ကဏ္ဍတို့၌ စက်အားသုံးယာဉ်၊ ယန္တရား အမျိုးမျိုးတို့ကို သုံးစွဲလာ ကြသလို သီးနှံဖြစ်ထွန်းအောင်မြင်ရေး ကဏ္ဍ၌လည်း မြင်း၊ ဆိတ်၊ ကျွဲ၊ နွားတို့က စွန့်ပစ်သော Manure ခေါ် မြင်းချေး၊ ဆိတ်ချေး၊ ကျွဲချေး၊ နွားချေးများမှအစ သစ်ရွက်ဆွေး၊ ကောက်ရိုးပြာ၊ ဂျုံရိုးပြာအဆုံး လယ်ယာထွက်သဘာဝ မြေဩဇာများ အစား ဓာတုဗေဒနည်းဖြင့် စီမံထုတ် လုပ်သော ဓာတ်မြေဩဇာများကို တစ်နေ့တခြား တွင်ကျယ်စွာ သုံးစွဲ လာကြရာမှ ယနေ့ဆိုလျှင် လွန်ကဲစွာ သုံးစွဲသော အဆင့်အထိ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။

ထိုနည်းတူစွာ တစ်ဝမ်းတစ်ခါး တစ်မိသားစုအတွက် စိုက်ပျိုးထုတ်လုပ်သော ရှေးဟောင်း လယ်ယာ စနစ်များ ပျောက်ကွယ်ကာ အင်အားပြည့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သော Commercial Agriculture စနစ်ကြီး ဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ထိုစီးပွားဖြစ် လယ်ယာစနစ်ကြီးက တစ်နိုင်တစ်ပိုင် လယ်သမား ငယ်များကို ပပျောက်သွားစေသလို ထိုလယ်သမားငယ်တို့ ကျင့်သုံးလာခဲ့သည့် သဘာဝ အခြေခံ စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာများလည်း ကွယ်ပျောက်ခဲ့ရ ပါတော့သည်။ သီးနှံအာ ဟာရအတွက် ယခင်က သုံးစွဲလာခဲ့သော မြင်း၊ နွား၊ ကျွဲ၊ ဆိတ် တို့၏ အညစ်အကြေး မြေဩဇာများမှာလည်း လယ်ခင်း ယာခင်းထဲတွင် ကျွဲတွေ၊ နွားတွေ မရှိတော့သဖြင့် သုံးလိုသည့်တိုင် ရှာမရတော့ပါ။ နိုက်ထရိုဂျင်၊ မီးစုန်း၊ ပိုတက်ဆီယမ်စသော အဓိက သီးနှံ အာဟာရတွေ လွန်ကဲစွာ ပါဝင်နေသည့် ဓာတ်မြေဩဇာတွေကိုသာ အစဉ်တစိုက် သုံးစွဲလာကြတော့သည်။ ထိုသို့ သုံးစွဲလာခြင်း၏ အကျိုးဆက်မှာ ဆယ်စုနှစ် တစ်ခု၊ နှစ်အတွင်း၌ မသိသာခဲ့သော်လည်း နှစ်သုံးဆယ်၊ လေးဆယ်စသည်ဖြင့် ကြာလာသော အခါတွင်မူ သီးနှံ ဖြစ်ထွန်းမှုများလည်း မူမမှန် ဖြစ်လာရပါတော့သည်။ ထိုမူမမှန်သော သီးနှံများကို စားသုံးရသည့် စီးပွားဖြစ် ကျွဲ၊ နွာ၊ ဆိတ် စသည့် တိရစ္ဆာန်မွေးမြူ ရေးတွင်လည်း တစ်ခုခု ချွတ်ယွင်းသလို ဖြစ်လာတော့သည်။ မူမမှန်တော့သည့် သီးနှံနှင့် မူမမှန်တော့သည့် အသား၊ ငါးတို့ကိုသာ စားသုံးလာရသော လူသားတို့အဖို့ကား ပြောဖွယ် ရာပင် မလိုတော့ပါ။ ယနေ့မျက် မှောက်ကာလတွင်ကား ဆိုခဲ့ပါ အတိုင်း လက်လွန် ခြေလွန် ဖြစ်လာ တော့မှ နောင်တဖြင့် နောက်ကြောင်း ပြန်လှည့်ကာ စေ့ငုသုံးသပ် အဖြေရှာ ကြပါတော့သည်။

အထက်ပါ အခြေအနေများသည် သဘာဝအတိုင်း ကြောင်းကျိုးဆက်စပ် လည်ပတ်နေသည့် လူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေလွှာ၊ ရေချို အရင်းအမြစ်စသည်တို့ အကြား ဖြစ်ထွန်းလျက်ရှိသော Organic Recycling ခေါ် သက်ကြွင်းပစ္စည်းနှင့် ယင်းတွင်ပါရှိသည့် ဓာတ်သတ္တုတို့ ဆက်စပ်လှည့်ပတ်နေသော ဖြစ်စဉ်ကြီးကို သတိမမူမိကြ၍ သော်လည်းကောင်း၊ သတိထားမိသည့်တိုင် တစ်ဘဝစာ ကိုယ်ကျိုးရှာလိုသည့် လောဘ၏ စေ့ဆော်မှုကြောင့်သော် လည်းကောင်း ကျူးလွန်မှောက်မှားမိ ခဲ့ကြခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။

အပင်လောက၏ အဓိက အာဟာရ ဝါ အပင်များအတွက် အဓိက လိုအပ်သော အာဟာရများမှာ နိုက်ထရိုဂျင်၊ ပိုတက်ဆီယဲံနှင့် Phosphorus ခေါ် မီးစုန်းဓာတ်များဖြစ်သည်။ ထိုအာဟာရ ဓာတ်များကို အပင်တို့က အဓိကထားကာ အများဆုံးစုပ်ယူ စားသုံးကြသည်မှာ မှန်သော်လည်း ၎င်းတို့မှတစ်ပါး အခြားသော အာဟာရ ဓာတ်များဖြစ်သည့် ကယ်လ်စီယံ၊ မဂ္ဂနီဆီယမ်ဆာလ်ဖာ၊ မဂ္ဂနီးစ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ မိုလာဗ်ဒီနမ် Molybdenium နှင့် ဘိုရွန် Boron စသည်တို့ကိုလည်း အနည်းငယ်မျှစီ စားသုံးကြရသည်။ ခြွင်းချက်အဖြစ် အပင်သီးနှံ အမျိုးအစားနှင့် ရာသီဥတု နေရာဒေသအလိုက် သီးသန့် လိုအပ်တတ်သော ဆီလီနီယံ - Selenium နှင့် ဗာနေဒီယံ -Vanadium ကဲ့သို့သော အာဟာရ ဓာတ်များကိုလည်း အနည်းငယ်မျှစီ စားသုံးကြရသည်။

အပင်တို့အဓိက စားသုံးသည့် နိုက်ထရိုဂျင်အစ မီးစုန်းဓာတ်အဆုံး အာဟာရများကို လုံလောက်စွာ ရနေသည့်တိုင် အနည်းငယ်မျှစီသာ လိုအပ်သော ကယ်လ်ဆီယံအစ ကြေးနီဓာတ်၊ သံဓာတ်၊ သွပ်ဓာတ်အဆုံး ဖြစ်သော အာဟာရမျာကို လုံလောက်စွာ မရလျှင် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတို့ ထိခိုက် ရပါတော့သည်။ ထင်ရှားအောင် ဥပမာ ဆောင်ရသော် ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းစသော အခြေခံ အာဟာရများကို အလျှံအပယ် စားသုံးနေရသည့်တိုင် ပမာဏ အနည်းငယ်မျှ သာလိုအပ်သော ဆားကို နှစ်လရှည်စွာ မစားသုံးရပါက လူ့ခန္ဓာကိုယ်တွင် လည်ပင်းကြီး ရောဂါ စသော ဖောက်ပြန်မှုများ ဖြစ်ပွားလာတတ် ပါသည်။ အပင်လောကနှင့် အဟာရ ဓာတ်ဆက်စပ်မှုမှာလည်း ထိုနည်းနှင်နှင် ဖြစ်သည်။

အပင်တို့သည် အာဟာရ မမျှတ မပြည့်စုံမှုကြောင့် (ဝါ) မြေဆီလွှာတွင် အပင်တို့အတွက် လိုအပ်သော အာဟာရဓာတ် မပြည့်စုံမှုကြောင့် သီးနှံထွက်နှုန်း သာမက အရည်အသွေးလည်း ကျဆင်းလာရသည်။ ထိုသို့ အရည်အသွေး ညံ့ဖျင်းဖောက်ပြန်သော သီးနှံများကို စားသုံးရှင်သန် နေကြရသည့် လူနှင့် တိရစ္ဆာန်များ တွင်လည်း အရည်အသွေးဖောက် ပြန်ကာ (ဝါ) ကျန်းမာရေးယိုယွင်း လာကြရပါတော့သည်။

စက်မှုနည်းပညာများ မထွန်းကားမီက မြင်း၊ နွား၊ ကျွဲ၊ ဆိတ် စသော သတ္တဝါတို့သည် သဘာဝ ပေါက်ပင် မြက်၊ သစ်ရွက်၊ ပဲမျိုးစုံ စသည်တို့ကို စားသုံးကြသဖြင့် ၎င်းတို့စွန့်ပစ်သော မြင်းချေး၊ နွားချေး စသည်တို့တွင်လည်းကောင်း၊ လယ်ယာစသည့်တို့ကို ရိတ်သိမ်းပြီး ကြွင်းကျန်သည့် ရိုးပြတ်စသည်တို့တွင် လည်းကောင်း၊ အိမ်ထွက်သီးနှံ စွန့်ပစ်အမှိုက် တို့တွင်လည်းကောင်၊ နိုက်ထရိုဂျင် ပိုတက်ဆီယမ်နှင့် မီးစုန်းဓာတ်တို့ အပြင် ကယ်လ်စီယံအစ သံ၊ သွပ်၊ ကြေးနီဓာတ်အဆုံး အာဟာရတို့ သင့်တင့်မျှတစွာ ပါဝင်နေပါသည်။ ထိုမြင်းချေး၊ နွားချေး၊ သီးနှံအမှိုက်နှင့် ရိုးပြတ်တို့ကို သင့်တင့်သလို စီမံကာ လယ်ယာမြေများ၌ ပြန်ချပေးခြင်းဖြင့်လို လယ်ယာမြေတို့၏ မြေဆီလွှာ တန်ဖိုးမှာ သဘာဝကျစွာ အရည်အသွေး မီနေပါတော့သည်။ ထိုမြေဆီလွှာ၌ စိ်ုက်ပျိုးထုတ်လုပ်သော သီးနှံတို့တွင်လည်း အထက်ဆိုခဲ့ပါ အတိုင်း အာဟာရ အရည်အသွေးများ ပြည့်စုံနေသဖြင့် ၎င်းတို့ကို စားသုံး ရှင်သန်နေရသော လူနှင့် တိရစ္ဆာန် တို့မှာလည်း သဘာဝ အတိုင်း ကျန်းမာနေခဲ့ကြမည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။

လယ်ယာသီးနှံ စိုက်ပျိုးရေး လုပ်ငန်းသည် လူသား၏ အခြေခံစား ဝတ်နေမှုကို ဖြည့်စွမ်းနိုင်သည်မှာ မှန်ပါ၏။ သို့သော် ကမ္ဘာ့လူဦးရေ တိုးပွားလာမှု၊ စက်မှုနည်းပညာ ဖွံ့ဖြိုးလာမှု၊ ကုန်သွယ်စီးပွားကဏ္ဍ အသွင်ပြောင်း တိုးတက်လာမှု စသည်တို့က မူလလယ်ယာ စိုက်ပျိုးရေး စနစ်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ ကုန်သွယ်စီးပွား ကဏ္ဍသစ်ကြောင့် လယ်ယာသီးနှံ စိ်ုက်ပျိုးရေးနှင့် ထွက်ကုန်များကို ငွေကြေးဖြင့်သာ လဲလှယ်တိုင်းတာသည့် စနစ်ပေါ် ထွန်းလာခဲ့သည်။ ထိုအခါ လယ်ယာကဏ္ဍ၌-

၁။ ။ ကျေးလက်နေ လယ်ယာစိုက် ပျိုးထုတ်လုပ်သူများ

၂။ ။ ထိုလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားသူ လုပ်ငန်းရှင်ကြီးများ

၃။ ။ စက်မှုကဏ္ဍအတွက် လိုအပ်သော ရာဘာ၊ ဆီအုန်း၊ ကော်ဖီစသည့် သီးနှံ စိုက်ပျိုးထုတ်လုပ်သော စိုက်ပျိုးရေး လုပ်ငန်းကြီးများ ဟူ၍ ပေါ်ထွန်းလာခဲ့ ပါတော့သည်။ ကုန်သွယ်စီးပွားအသွင်သို့ ကူးပြောင်းသွားသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အထွက်တိုးရေးသည် အဓိက ဖြစ်လာသဖြင့် ဓာတ်မြေဩ ဇာပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသော စိုက်ပျိုးရေး အထောက်အကူပြု ကုန်ပစ္စည်းများလည်း မလွဲမသွေ လိုအပ်လာပါတော့သည်။ ထိုအခါ လုပ်ငန်းသဘာဝအရ လယ်ယာသုံး ဓာတုဆေးဝါး၊ ဓာတ်မြေဩဇာ စသည်တို့ကို အဓိက ထားထုတ်လုပ်ကြသည့် ဧရာမ စီးပွားရေး လုပ်ငန်းကြီးများလည်း ပေါ်ထွန်းလာရပါ တော့သည်။

ထိုစနစ်သစ် လယ်ယာစိုက်ပျိုး စနစ်သည် အစပိုင်းတွင် ဟုတ်မလို လိုရှိခဲ့သော်လည်း မျိုးဆက်သုံးလေးဆက် ကူးပြောင်းလာပြီး နောက်တွင်မူ ထိုမျိုးဆက်သစ် လယ်သမားတို့သည် ဘိုးဘေးစဉ်ဆက်တို့ သုံးစွဲလာခဲ့သော သဘာဝ နည်းပညာများကို စွန့်လွှတ်ပြီးသား ဖြစ်နေကြကာ ဓာတ်မြေဩဇာ၊ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည်တို့ အပေါ်၌ မှီခိုခဲ့ကြရာမှ အလွန်အကျွံ သုံးစွဲမိသော အဖြစ်သို့ ရောက်ရှိလာကြပါတော့သည်။ တစ်ဘက်တွင်လည်း တိုးတက်လာသည့် လူဦးရေက တောင်းဆိုလာသည့် စားရေရိက္ခာ လိုအပ်ချက်အတွက် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား စသည်များဖြင့် ဖြည့်ဆည်းပေး နေကြရသည်ဖြစ်ရာ မြေဆီလွှာမှာ မနိ်ုင်ဝန် ထမ်းကြရပါတော့သည်။ အရည်အသွေး ညံ့ဖျင်းနေသည့် လယ်မြေများမှ ထွက်သော သီးနှံတို့မှာလည်း အဘယ်သို့ ကောင်းမွန်နိုင် ပါတော့မည်နည်း။

စာရေးသူအနေဖြင့် အထက်ဖော်ပြခဲ့ပါအတိုင်း ရှည်လျားစွာ ရေးနေခဲ့ရခြင်းမှာ သဘာဝ မြေဆွေး၊ သစ်ဆွေးတို့ မည်မျှအရေးပါကြောင်းနှင့် နှစ်သီးစိုက်၊ သုံးသီးစိုက်စနစ်ကို ကျင့်သုံးကာ ဓာတ်မြေဩဇာနှင့် ဓာတုဆေးဝါးများကိုချည်း မှီခိုအား ထားနေမှုမှာ မည်မျှအန္တရာယ်ကြီး ကြောင်း ထင်ရှားသိသာစေလိုသော ကြောင့်ပင်ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၃ဝ၊ ၁၉၈ဝ ပြည့်နှစ်တွင် မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းသည် ကျေးလက်ဒေသများ အတွက် အထူးရည်ရွယ်ကာ ကျွဲချေး၊ နွားချေး စသည်တို့ကို လေ့မဲ့အပုပ် ခံခြင်းစနစ် Anaerobic Fermentation of Cowdung ဖြင့် သဘာဝ ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို တကယ်လက်တွေ့ ထုတ်လုပ်သုံးစွဲနိုင်သော အဆင့်အထိ ကျေးလက်ဒေသ အတော်များများတွင် ဆောင်ရွက်ပေးခဲ့ဖူးပါသည်။ သို့သော် ထိုလုပ်ငန်းမှာ ဆယ်စုနှစ် တစ်စုအတွင်း ဆက်လက်ဖြစ်ထွန်းမလာဘဲ အကြောင်း အမျိုးမျိုးကြောင့် မှေးမှိန် သွားခဲ့ရသည်။

မကြာလှသော နှစ်များဆီကလည်း မြန်မာ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက အထက်ဆိုခဲ့ပါ အတိုင်း နွားချေးနှင့် စွန့်ပစ်သဘာဝ အမှိုက်အခြေခံ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို ကျေးလက်ဒေသ အချို့တွင် သရုပ်ပြ ဆောင်ရွက်ခဲ့ဖူးပါသည်။ သို့သော် ထိုသို့ သရုပ်ပြ ဆောင်ရွက်ခဲ့သော ရှေ့ပြေး မိုဒယ်မှာ ကျေးလက်လယ်သမားတို့ တစ်ဦးချင်း၊ အိမ်ထောင်စု တစ်ခုချင်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ဖို့ လက်လှမ်းမမီသည့် အတော်အသင့် ကြီးမားသော မော်ဒယ်ဖြစ်နေခဲ့သည်။ ကျေးရွာအလိုက် အစုအဖွဲ့များ ဖွဲ့စည်းကာ ထိုမော်ဒယ်အတိုင်း တည်ဆောက် ထုတ်လုပ်ဖို့ဆိုသည်မှာလည်း မြန်မာ့ ကျေးလက် လယ်သမားတို့၏ ပကတိ လက်တွေ့အခြေအနေနှင့် အံချော်နေသဖြင့် အလုပ်မဖြစ်ခဲ့ပါ။

စာရေးသူ ဌာနတာဝန်ထမ်း ဆောင်ခဲ့စဉ်အတွင်း တာဝန်ဖြင့် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိခဲ့စဉ် နယူးဒေလီမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ရောက်သွားခဲ့သည်။ အိန္ဒိယ အစိုးရ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက နည်းပညာအရရော လိုအပ်သည့် ပစ္စည်းအချို့ပါ ပံ့ပိုးကူညီခဲ့သဖြင့် ကျေးရွာအချို့တွင် လယ်သမား မိသားစု သုံး၊ လေးဆယ်ခန့်သည် အထက်ဆိုခဲ့ပါ နွားချေးနှင့် စွန့်ပစ်သဘာဝ အမှိုက်အခြေခံ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ထုတ်လုပ် သုံးစွဲနေကြပုံကို တွေ့ရှိလေ့လာ ဖြစ်ခဲ့သည်။ အချို့သော ရေခံ၊ မြေခံ ကောင်းသည့်ကျေးရွာများတွင် လယ်သမားအိမ်ထောင်စုတို့သည် မိမိပိုင် ကျွဲ၊ နွား လေးငါးကောင်မှ ရရှိသည့် ကျွဲချေး၊ နွားချေးနှင့် အိမ်ထွက်သီးနှံအမှိုက်၊ သက်ငယ် ဓနိအမှိုက်၊ သစ်ဆွေး၊ ပေါင်းမြက်အမှိုက် တို့ကို အသုံးပြုလျက် လောင်စာအတွက် မီသိန်းဓာတ်ငွေ့ကို ထုတ်ယူကြကာ ထိုလုပ်ငန်းမှ ကြွင်းရစ်သော အမှိုက်ကိုလည်း ထိပ်တန်း သဘာဝ မြေဆွေး မြေဩဇာအဖြစ် အသုံးပြုနေကြပုံကို တွေ့မြင်ခဲ့ဖူးပါ သည်။

အိန္ဒိယနိုင်ငံ၏ အခြားပြည်နယ် တစ်ခုဖြစ်သော မဒရပ်ပြည်နယ်ရှိ Medura ဆိုသော နယ်မြို့ကလေး တစ်ခုတွင်မူ မြို့ခံမြူနီစပါယ် အဖွဲ့သည် မြို့ပေါ်ရှိ စွန့်ပစ်အမှိုက်များကို စနစ်တကျ ခွဲခြားစုစည်းကာ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေကြသည်။ ထွက်လာသော ဓာတ်ငွေ့ကို ဓာတ်ငွေ့ရည်အဖြစ် ပြောင်းစေပြီး ဆလင်ဒါဘူးများတွင် ထည့်သွင်းကာ မြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ပန်းပဲ၊ ပန်းတိမ်၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် စသည်တို့အတွက် သီးသန့်ရောင်းချ ပေးနေသည်ကို တွေ့ခဲ့ရသည်။ အဆိုပါ လုပ်ငန်းမှ ကြွင်းရစ်သော မြေဆွေးကိုလည်း အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံ သမားများ၊ လယ်သမားများနှင့် တောင်သူများက တခုတ်တရ ဝယ်ယူအသုံးပြုလျက် ရှိကြသည်။ စာရေးသူသိရှိခဲ့ရသော ကိန်းဂဏန်းများအရ အဆိုပါ Medura မြို့ စည်ပင် အဖွဲ့၏ နှစ်စဉ် ဝင်ငွေ စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိကို သဘာဝ ဓာတ်ငွေ့နှင့် မြေဆွေးရောင်းချငွေမှ ရရှိခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၇ နှစ်၊ ၁၉၇၃ လောက်က အိန္ဒိယနိုင်ငံ Baba Atomic Centre တွင် Fellow Ship တစ်ဦးဖြစ် စာရေးသူ သွားရောက်လေ့လာ ခဲ့ဖူးပါသည်။ ထိုစဉ်က ယခုအခါ မွမ်ဘိုင်း - Mumbai ဟု အမည်ပြောင်းထားသော ဘုံဘေမြို့တွင် မြို့တော်စည်ပင်သာယာ အဖွဲ့ပိုင် Gabor Gas Corporation လုပ်ငန်းသည် စွန့်ပစ်အမှိုက်ထွက် သဘာဝဓာတ်ငွေ့ကို အရည်ပြန်ဖွဲ့ကာ လောင်စာအဖြစ် ထုတ်လုပ် ရောင်းချနေသည်ကို လေ့လာတွေ့ရှိ ခဲ့ဖူးပါသည်။ 50 litter ဝင် ဘူးများတွင် ဓာတ်ငွေ့ရည်ထည့်ကာ အဟောင်းသိမ်း၊ အသစ်ပေးစနစ်ဖြင့် အောင်မြင်စွာ ဖြန့်ဖြူးရောင်းချပြီး ဘေးထွက်ပစ္စည်းဖြစ်သော မြေဆွေးကိုလည်း လယ်သမား၊ ဥယျာဉ် ခြံသမားက ဝယ်ယူလျက် ရှိသည်။ စာရေးသူ ရောက်ရှိနေသည့် Baba Atomic Centre ရှိ ဓာတ်ခွဲခန်း များ တွင် အသုံးပြုနေသော Gas Burner များအတွက် လိုအပ်သော ဓာတ်ငွေ့ရည်ကို အဆိုပါ မွမ်ဘိုင်းမြူ အဖွဲ့ပိ်ုင် ဓာတ်ငွေ့ လုပ်ငန်းမှ ဝယ်ယူ အသုံး ပြုနေကြောင်း သိရှိမှတ်သားခဲ့ဖူးပါ သည်။

ယခုအခါ အိန္ဒိယ နိုင်ငံတွင် Multiplex Annapurna အမည်ဖြင့် သဘာဝ မြေဆွေးမြေဆီတစ်မျိုး ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။ အဆိုပါ သဘာဝ မြေဆီမှာ ကောင်းစွာကြေညက် ဆွေးမြည့်ပြီး ဖြစ်သော မြေဆွေးတွင် တမာစေ့ ကြိတ်ဖတ်၊ ကြက်ဆူစေ့ကြိတ်ဖတ် တို့အပြင် Trichoderma, Azotoba-cteria စသည့် အနုဇီဝပိုးများဖြင့် ကောင်းစွာဓာတ်ပြုထားသော အနည်အနှစ်များဖြင့် ရောစပ်အားဖြည့် ထားသော သဘာဝ မြေဆီစစ်စစ် ဖြစ်သည်ဟု ဆိုသည်။ သူတို့၏ အဆိုအရ Multiplex Annapurna သည် သီးနှံပင်များကို ရှင်သန်ကြီး ထွားအထွက်တိုးစေရုံမျှမက မြေဆီလွှာ အရည်အသွေး တိုးတက်လာ အောင်လည်း ပြုပြင်ပေးနိုင်စွမ်း ရှိသည်ဟု သိရှိရသည်။ အဆိုပါ သဘာဝ မြေဆီကို အသုံးပြုကာ သဲမြေ၊ ရွှံ့စေးမြေများကို ထယ်ရေး၊ သမန်း ကောင်းအောင်ပြုပြင်နိ်ုင်သည်ဟု လည်း ဆိုသည်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ပြည် နယ်တစ်ခုဖြစ်သော Kamtaka တွင်လည်း Karnataka Compost Developnent Corporation Ltd. ဟု အမည်ပေးထားသော လုပ်ငန်းအဖွဲ့ အစည်းတစ်ခုရှိသည်။ ထိုအဖွဲ့ အစည်းတွင် လက်တွေ့ ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များနှင့် လိုအပ်သော ပစ္စည်းကိရိယာ အပြည့်အစုံ ရှိ့ပါသည်။ ထိုအဖွဲ့အစည်းသည် ၁၉၇၅ ခုနှစ် စတင်ထူထောင်ချိန်မှ စ၍ ယနေ့အထိ သဘာဝ မြေဆွေး မြေဆီ ထုတ်လုပ်ရေးကို အောင်မြင် စွာ လုပ်ကိုင်လာခဲ့သည့် အဖွဲ့အစည်းပင် ဖြစ်သည်။ သူတို့ ထုတ်လုပ်နေသော သဘာ ဝမြေဆွေး မြေဆီ၏ အခြေခံ ကုန်ကြမ်းမှာ မြန်မာနိ်ုင်ငံ ရှိ အိမ်တိုင်း၏ မီးဖိုချောင်းများက နေ့စဉ်စွန့်ပစ်နေသော သီးနှံအကြွင်း အကျန်ကဲ့သို့သော မြို့ပြ စွန့်ပစ် အမှိုက်များ၊ ကောက်ရိုး၊ ပေါင်းမြက်၊ သစ်ရွက်ဆွေး၊ သစ်တို သစ်စအဆွေး စသည်သဘာဝအမှိုက်မျိုးစုံပင်ဖြစ်သည်။

အထူးစိတ်ဝင်စားဖွယ် ကောင်းသည်မှာ အဆိုပါ Karnataka Compost Development ကော်ပိုရေးရှင်းက ထုတ်လုပ်သော တီဂျစ်စာ မြေဆီ - Vermi Compost ပင်ဖြစ်သည်။ အိန္ဒိယတွင် အဆိုပါ Karmataka ကဲ့သို့သော အဖွဲ့အစည်းပေါင်း ၁၃ ခုရှိသည်ဟု ဆိုသည်။ စာရင်းဇယား ကိန်းဂဏန်းများအရ Karmataka သည် ယခင်က တစ်နှစ်လျှင် မြေဆွေး မြေဆီ တန် ၅ဝ ခန့်သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း သဘာဝ သီးနှံ အခြေခံ အမှိုက်များကို ကျေးလက်ဒေသများအထိ ကွင်းဆင်းစု ဆောင်းသော အထူးစီမံချက် ရေးဆွဲ အကောင်အထည် ဖော်ပြီးချိန်မှစ၍ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယခုအခါ တစ်နှစ်လျှင် မြေဆွေး မြေဆီတန်ချိန် ၃၅ဝ အထိ ထုတ်လုပ် နိုင်ပြီဟု ဆိုသည်။

Karmataka က ထုတ်လုပ် ရောင်းချလျက်ရှိသော သဘာဝ အခြေခံ မြေဆီများ၏ ရောင်းဈေးကို စိတ်ပါဝင်စားသူများ လေ့လာမှတ်သားနိုင်ရန် အလို့ငှာ ဇယားပြု ဖော်ပြပေး လိုက်ပါသည်။

အောက်ဖော်ပြပါ အဖွဲ့အစည်းတို့က ဆောင်ရွက်နေသော လုပ်ငန်းများမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေသည့်အပြင် မြို့ပြအမှိုက် ပြဿနာကိုလည်း အထိုက်အလျောက် ပြေလည်စေသော နည်းများပင် ဖြစ်သည်။ စဉ် မြေဆွေးမြေဆီ အမျိုးအစား မက်ထရစ်တစ်တန် ပုံတိုက် ရောင်းဈေး အိတ်သွပ် ၁ ဇီဝသဘာဝမြေဆီ ရူးပီး ၉ဝဝ ရူးပီး ၁၁၅ဝ ၂ အထူးဇီဝသဘာဝ မြေဆီ(မြေဆွေး၊ တမာကြိတ်ဖတ်၊ သဘာဝ ဖော့စဖိတ် ကျောက်မှုန့်၊ ကြက်ချေးနှင့် ကြက်ခြံထွက်အမှိုက် အနုဇီဝဓာတ်ပြု အနည်အနှစ်၊ မြင်းချေး ၂၅ % ရူးပီး ၁၆ဝဝ ရူးပီး ၂၃၅ဝ နှင့် ၂၈ဝဝ နှစ်စားရှိ ၃ ဇီဝရွှေမြေဆီ(အမှတ် ၂ ပါ အထူးဇီဝ သဘာဝ မြေဆီတွင် သွပ်ဓာတ်နှင့် ဘိုရွန်ဓာတ်အားဖြည့် ထားသည်) - ရူးပီး ၃၅ဝဝ ၄ တီကျစ်စာ မြေဆီ Vermi Compost ရူးပီး ၂၇၅ဝ ရူးပီး ၃၇၅ဝ

ယနေ့မျက်မှောက်ပြု ကြုံတွေ့နေရသော ကမ္ဘာကြီး ပူနွေးလာမှု၊ ဖန်လုံအိမ် ဓာတ်ငွေ့ပြဿနာမှအစ မြေဆီလွှာ ဩဇာဓာတ် ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိ်ုင်နေရသော စိုက်ပျိုးမြေများအား ပြန်လည်အားဖြည့် ကယ်တင်ရေးတွင်လည်းကောင်း၊ စားနပ်ရိက္ခာ ဖူလုံရေးတွင်လည်းကောင်း ကောင်းစွာအထောက်အကူ ပြုနိုင်မည့် နည်းကောင်းများ ဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။

မြန်မာနိုင်ငံမှ စည်ပင်သာယာ အဖွဲ့များနှင့် သမဝါယမ အသင်းစု များအနေဖြင့် အတုယူ လုပ်ဆောင်သင့်သော လုပ်ငန်းများ ဖြစ်သည်ဟု ဆိုချင်ပါသည်။

Source : Waste to Healoth - KCDC, Multiplex Annapurna - An Organic Manure : Agro India - April 2003