တောက်ထိန်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
ဗိုလ်တောက်ထိန်
(၁၉၁၁-၁၉၉၆)
မွေးသက္ကရာဇ်၁၉၁၁
မွေးဖွားရာဒေသပျဉ်းမနားမြို့
အမည်ရင်းစံမြ
သခင်အမည်သခင်စံမြ
ဗိုလ်ဘွဲ့အမည်ဗိုလ်တောက်ထိန်
ဂျပန်အမည်Nakagawa Ichiro
မိဘအမည်ဦးဘိုးအောင်၊ ဒေါ်ရွှေမြ
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းသတ္တမတန်း၊ ခေမာသီဝံကျောင်း၊ ပျဉ်းမနားမြို့
အလုပ်အကိုင်တောင်သူလုပ်ငန်း
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမ အဆင့်)
ကွယ်လွန်ရက်၁၉၉၆-ခုနှစ်၊ ဧပြီလ(၁၈)ရက်
လက်မှတ်

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်တောက်ထိန် ကို ၁၇ ဇန်နဝါရီ ၁၉၁၁ ခုနှစ်တွင် ရမည်းသင်း ခရိုင် ပျဉ်းမနားမြို့ ၌ ဦးဘိုးအောင်၊ ဒေါ်ရွှေမြ တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အမည်ရင်း မှာ ကိုစံမြ ဖြစ်ပြီး တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်သောအခါ သခင်စံမြ ဖြစ်လာခဲ့သည်။ ဂျပန် အမည်မှာ နာကာဂါဝါ အီချိရို ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည် ခံယူရာ တွင် ဗိုလ်တောက်ထိန် ဖြစ်လာခဲ့သည်။

ကျောင်းသားဘဝ နှင့် ပညာရေးရာ[ပြင်ဆင်ရန်]

ပျဉ်းမနားမြို့ ခေမာသီဝံကျောင်း တွင် သတ္တမတန်း အထိ ပညာသင်ကြားခဲ့သည်။

အသက်မွေးမှု ဘဝ[ပြင်ဆင်ရန်]

၁၈ နှစ်သား တွင် ကျောင်းမှ ထွက်၍ တောင်သူလုပ်ငန်း လုပ်ကိုင်ခဲ့သည်။

အမျိုးသား နိုင်ငံရေး ဆောင်ရွက်ချက်[ပြင်ဆင်ရန်]

၁၉၃၈ ခုနှစ် တွင် ပျဉ်းမနားမြို့ တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ပျဉ်းမနား စီရင်စုလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး အလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ ဗမာ့လက်ရုံးတပ် တွင် မြို့နယ်တပ်မှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံ သို့ စစ်ပညာသင်ရန် စေလွှတ်သည့် တတိယအသုတ် မြန်မာမျိုးချစ် လူငယ်များနှင့် အတူ ၁၉၄၁ ခုနှစ် မေလ တွင် ကိုဆိုင်မာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွဲခဲ့ရာ ၁၉၄၁ ခုနှစ် မေလကုန်တွင် ဂျပန်နိုင်ငံ သို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်း နှင့် တိုင်ဝမ်ကျွန်း တို့တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ထားဝယ်စစ်ကြောင်း ပုလောမြို့ သို့ ချီတက်လာစဉ်

ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ရေကြောင်းချီ တပ်ဖွဲ့ (မြိတ်စစ်ကြောင်း) ဖြင့် မြန်မာနိုင်ငံ တွင်း ချီတက်ကာ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ဖျက်သိမ်း၍ ဘီဒီအေ ဖွဲ့သည့်အခါ တပ်ခွဲ ၂ တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလ က တိုင်း ၆ ( မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူ နှင့် တောင်ပိုင်း ရှမ်းပြည်) တွင် ဒုတိယ တိုင်းမှူး အဖြစ် တော်လှန်တိုက်ခိုက်ခဲ့သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး အပြီးတွင် တပ်မတော် မှ နုတ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပျဉ်းမနားနယ်တွင် ဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ရာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ တွင် ဗိုလ်တောက်ထိန် သည် ရဲအဖွဲ့၊ သစ်တောလက်နက်ကိုင် တပ်ဖွဲ့၊ စစ်ဝန်ထမ်း တပ်ဖွဲ့၊ မီးရထား လက်နက်ကိုင် အဖွဲ့၊ ကျောင်းသားရဲခေါင်များ တပ်ဖွဲ့၊ မီးသတ် ကာကွယ်ရေး အဖွဲ့ များကို ဦးစီး ခေါင်းဆောင်ကာ သောင်းကျန်းမှု ကာကွယ်ရေး ကော်မတီ ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဗိုလ်တောက်ထိန် သည် ပြည်သူ့ ငြိမ်းချမ်းရေး ပြောက်ကျားတပ်ကို ဦးဆောင်ဖွဲ့စည်းပြီး ၂၈ မတ် ၁၉၅၀ ပြည့်နှစ် တွင် ကွန်မြူနစ် လက်အောက် ကျရောက်နေသော ပျဉ်းမနားမြို့အား ဗမာ့တပ်မတော် တပ်ရင်း(၁) ဗိုလ်မှူးကြီး ထွန်းစိန် နှင့် ပူးပေါင်းကာ ပြန်လည် သိမ်းပိုက်ခဲ့သည်။

ပါတီ နိုင်ငံရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပျဉ်းမနား ခရိုင် ဗမာပြည် ဆိုရှယ်လစ် ပါတီ ဉက္ကဌ နှင့် ဖဆပလ ဉက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၁ ပထမ အကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တွင် ဖဆပလ အမတ်လောင်း အဖြစ် ပျဉ်းမနား မဲဆန္ဒနယ်မှ လည်းကောင်း၊ ၁၉၅၆ ဒုတိယ အကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တွင် ဖဆပလ အမတ်လောင်း အဖြစ် ပျဉ်းမနား မြောက်ပိုင်း မဲဆန္ဒနယ်မှ လည်းကောင်း ဝင်ရောက် အရွေးခံရာ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲရာ တွင် တည်မြဲ ဖဆပလ တွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယ အကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တွင် တည်မြဲ ဖဆပလ အမတ်လောင်း အဖြစ် ပျဉ်းမနား မဲဆန္ဒနယ် မှ ဝင်ရောက် အရွေးခံရာ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

၈ ဩဂုတ် ၁၉၈၈ အရေးအခင်း အပြီးတွင် နိုင်ငံရေးပါတီများ တရားဝင် ဖွဲ့ခွင့် ပြုသည့် အခါ ပျဉ်းမနား မြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖဆပလ ဗဟို အဖွဲ့ချုပ် နှင့် ဒီမိုကရေစီ ပါတီ တို့တွင် နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် တွင် ဒီမိုကရေစီ ပါတီ နာယက အဖြစ်မှ နုတ်ထွက်ခဲ့သည်။

ဆုတံဆိပ်ရေးရာ[ပြင်ဆင်ရန်]

၂၅ မတ် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ် အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၇ ဇွန် ၁၉၈၀ ပြည့်နှစ် တွင် နိုင်ငံတော် ၏ အကျိုးကို ဦးစီးဆောင်ရွက်ခဲ့ သည့်အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမ အဆင့်) ချီးမြှင့်ခြင်း ခံရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၈ ဧပြီ ၁၉၉၆ ခုနှစ် တွင် ပျဉ်းမနားမြို့၌ ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။