ကျော်မင်း၊ ဦး (အိုင်စီအက်စ်)

ဝီကီပီးဒီးယား မှ

အိုင်စီအက်စ် ဦးကျော်မင်း (၁၈၉၉- ၁၉၈၅)[ပြင်ဆင်ရန်]

အိုင်စီအက်စ် ဦးကျော်မင်း (၁၈၉၉- ၁၉၈၅)

"အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး နယ်ပယ်တွင် ထင်ရှားသည်။ ငယ်စဉ်ကပင် အင်္ဂလန်နိုင်ငံ၏ နာမည်ကြီးဆုံးသော အီတန်ကျောင်းနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။ ယှဉ်ပြိုင်ဖြေဆိုရသော အိန္ဒိယပဋိညာဉ်ခံ အုပ်ချုပ်ရေးဝန်ထမ်းစာမေးပွဲတွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမဆုံးအောင်မြင်ခဲ့သူ ဖြစ်သည်။ ၁၉၃၇ မှ ၁၉၄၂-ခုနှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေးတွင် မြန်မာတိုင်းရင်းသား ဝန်ကြီးချုပ် (၄)ဦးစလုံး၏ အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် ထူးချွန်ထက်မြက်သောနိုင်ငံ့ဝန်ထမ်း တစ်ဦးအဖြစ် ထင်ရှားသည်။"

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၉၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်တွေမြို့၌ ဖွားသည်။ အဖ ဦးထွန်းချန်၊ အမိ ဒေါ်မဦး ဖြစ်သည်။ သားသုံးယောက်တွင် အလတ် ဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ဆင်းမလား စစ်ပြေး ဒေါ်မန်စမစ် အစိုးရ၏ ဘဏ္ဍရေးဝန်ကြီး ဆာထွန်းအောင်ကျော် ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးထွန်းချန်မှာ ဘီအေ၊ ဘီအယ်လ်ဘွဲ့ရ မြေပိုင်ရှင် ဝတ်လုံတော်ရ ဖြစ်၍ အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် ရက်စွဲပါ 'ထွန်းချန် ပြက္ခဒိန်' ကို ပြုစုခဲ့သူ ဖြစ်သည်။


စစ်တွေ စိန့်အယ်နီကွန်ဗင့် သာသနာပြုကျောင်းတွင် စတင် ပညာသင်သည်။ ၁၉၁ဝ ခုနှစ်တွင် ကာလကတ္တား စိန့်ဇာဗီးယား ကောလိပ်သို့ ပြောင်း၍ ပညာသင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ် လိုကယ်စာမေးပွဲကို ပထမအဆင့်မှ ဂုဏ်ထူးဖြင့် အောင်သည်။ ပထမကမာ္ဘစစ် အတွင်း ကမာ္ဘကို ပတ်၍ ဗဟုသုတ ရှာမှီးကာ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လန်ဒန်သို့ ပြန်ရောက်သည်။ ၁၉၂၁ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့၊ ၁၉၂၂ ခုနှစ်တွင် အယ်အယ်လ်ဘီဘွဲ့များ ရသည်။ ၁၉၂၂ ခုနှစ်၊ ဩဂုတ်လတွင် ယှဉ်ပြိုင် ဖြေဆိုရသည့် အိန္ဒိယ ပဋိညာဉ်ခံ အုပ်ချုပ်ရေး ဝန်ထမ်း စာမေးပွဲ (အိုင်စီအက်စ်) ကို မြန်မာ တိုင်းရင်းသားများထဲမှ ပထမဦးဆုံး အောင်မြင်ခဲ့သည်။ ကာလကတ္တားနှင့် အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားဘဝတွင် အားကစား၌ ထူးချွန် ထင်ရှားခဲ့သည်။


၁၉၂၃ ခုနှစ်တွင် စစ်တွေ နယ်ပိုင်ဝန်ထောက်၊ ၁၉၂၇ ခုနှစ်တွင် ဘဏ္ဍရေးဌာန အတွင်းဝန်၊ ၁၉၃၁ ခုနှစ်တွင် မြောင်းမြခရိုင်ဝန်၊ ၁၉၃၆ ခုနှစ်တွင် ပညာရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၃၇-၄၁ ခုနှစ်တွင် သစ်တောဌာန အတွင်းဝန်၊ ဟံသာဝတီ ခရိုင်ဝန် အဖြစ် ထမ်းဆောင်ခဲ့သည်။ ဒုတိယကမာ္ဘစစ် အတွင်း အင်္ဂလိပ် စစ်ပြေးအစိုးရနှင့် အတူလိုက်ပါ၍ ဆင်းမလားတွင် ရုံးစိုက်သည့် စစ်ပြေးအစိုးရ အဖွဲ့၌ တာဝန် ထမ်းဆောင်သည်။ စစ်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် စစ်ကိုင်းအရေးပိုင်၊ ၁၉၄၆ ခုနှစ်တွင် ဧရာဝတီတိုင်း အရေးပိုင်၊ ၁၉၄၇ ခုနှစ်တွင် ဘဏ္ဍရေးဌာန မင်းကြီး အဖြစ် တာဝန်ယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ဝန်ထမ်း ဘဝမှ အငြိမ်းစားယူ၍ နိုင်ငံရေးသမား အဖြစ် ဆောင်ရွက်သည်။


၁၉၅ဝ မှ ၁၉၆ဝ ပြည့်နှစ် အထိ စစ်တွေ ပါလီမန် အမတ်အဖြစ် ရွေးကောက်ခံရ၍ ၁၉၅၁ ခုနှစ်တွင် လွတ်လပ်သော ရခိုင်ပါလီမန်အုပ်စုနှင့် ရခိုင်အမျိုးသားညီညွတ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အစိုးရအဖွဲ့ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။


၁၉၁၈ ခုနှစ်မှ စတင်၍ ကမာ္ဘ့တဝန်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့သည်။ ပြည်တွင်းတွင်လည်း ခရီးအနှံ့ သွားသည်။ တိုင်းပြည်နှင့် ပတ်သက်၍ ဒေသန္တရဗဟုသုတ များပြားသူ၊ ကမာ္ဘအမြင်ရှိသူ အဖြစ် ထင်ရှားသည်။ ထူးချွန် ထက်မြက်သော နိုင်ငံ့ဝန်ထမ်း တဦး ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကွန့်ဖရင့်၊ ၁၉၄၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသည့် ကွန်ဖရင့်၊ ၁၉၄၈ ခုနှစ်တွင် ဝါရှင်တန်၌ ကျင်းပသည့် ကမာ္ဘ့ရော်ဘာ ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ်တွင် မော်စကိုနှင့် ပီကင်း၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ်တွင် လန်ဒန်နန်းတက်ပွဲ အခမ်းအနား၊ ၁၉၅၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ကမာ္ဘ့ဘဏ် အစည်းအဝေးများကို တက်ရောက်ခဲ့သည်။


အားကစား ထူးချွန်သူ တဦးအနေဖြင့် မြန်မာနိုင်ငံ အိုလံပစ်အသင်း၊ ဂေါက်သီးအသင်းများကို ဦးဆောင်၍ ဂျပန်၊ ဖိလစ်ပိုင်နှင့် ယိုးဒယားနိုင်ငံများသို့ သွားရောက်ခဲ့ရသည်။


ဦးကျော်မင်းသည် အင်္ဂလိပ်ဘာသာ ထူးချွန်၍ အင်္ဂလိပ်ဘာသာဖြင့် 'The Burma We Love' 'ကျွန်ုပ်တို့ချစ်သော ပြည်မြန်မာ' (၁၉၄၅)၊ 'Through the Iron Curtain via the BacK Door' 'သံကန့်လန့်ကာ နောက်ကွယ်မှ ဆိုဗီယက်' (၁၉၅၂)၊ 'Preliminary Report on New Industries for Burma' 'မြန်မာပြည်အတွက် စက်မှုလုပ်ငန်းသစ်များ ပဏာမရီပို့' (၁၉၄၇)၊ 'Mein Kampf ā La Kyaw Min' 'မိန်းကင့် အလာ့ ကျော်မင်း' (၁၉၄၇)၊ 'Introducing Buddhist Abhidhamma Meditation and Concentration' 'ဗုဒ္ဓ အဘိဓမ္မာ နိဒါန်း' (၁၉၇၉) စာအုပ်များကို ပုံနှိပ် ထုတ်ဝေခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားခဲ့သော စာအုပ်မှာ ပါလီမန်တွင် ပြောကြားခဲ့သည့် ရခိုင်ပြည်နယ် ကိစ္စများဖြစ်သော 'ရခိုင်ပြည်နယ်' (၁၉၆၁) ဖြစ်သည်။


ဦးကျော်မင်းသည် ဇနီး ဒေါ်စိန်သာနှင့် သမီး ဒေါ်မင်းစိန်ဦး (မစ္စက် ရစ်ချတ်ပေါ်ဦး)၊ သား ဦးမင်းစိန် (ဘာရစ်စတာ ဝတ်လုံဘွဲ့) တို့ ထွန်းကားသည်။ ဇနီး ဒေါ်စိန်သာ ကွယ်လွန်ပြီးနောက် ဒေါ်လှဝင်းနှင့် နောက်အိမ်ထောင် ပြုသည်။


၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော် ကောင်စီက နိုင်ငံဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အိုင်စီအက်စ် ဦးကျော်မင်းသည် ၁၉၈၅ ခုနှစ် ဩဂုတ်လ ၂ဝ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်မှ