အော်လီယန်းမြို့

ဝီကီပီးဒီးယား မှ
အော်လီယန်းမြို့မှာ ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးအတွက် ကျော်ကြားလှသည်။

အော်လီယန်းမြို့သည် (ပြင်သစ်: Orléans) ပြင်သစ် နိုင်ငံ လွှားရားခရိုင်၏မြို့တော်ဖြစ်သည်။ လွှားမြစ် လက်ယာ ဘက်ကမ်းပေါ်တွင် တည်ရှိ၍ ပါရစ်မြို့မှအနောက်တောင်ဘက် ၇၅ မိုင်ခန့်ကွာဝေးသည်။ အော်လီယန်းမြို့သည် ပြင်သစ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်လျက်ရှိသော ရှေးမြို့ဟောင်းဖြစ်သည့် အပြင် ထိုမြို့တွင် သမိုင်းဝင် အထိမ်းအမှတ်အဆောက်အဦး များလည်းရှိသည်။ အထူးသဖြင့် အော်လီယန်းမြို့၏ လုံမပျို ဟုအမည်တွင်သော ပြင်သစ်အမျိုးသမီး အာဇာနည် ဂျုန်းအော့အတ် အကြောင်းနှင့်စပ်လျဉ်း၍၊ သမိုင်း၌ထင်ရှားသောမြို့ ဖြစ်သည်။


အော်လီယန်းမြို့ တည်ရှိရာအရပ်တွင် ရှေးအခါက ဂေါလလူမျိုးတို့၏ ဂျီနီဗမ်မြို့ရှိသည်။ ဘီစီ ၅၂ ခုနှစ်တွင် ဂေါလလူမျိုးတို့သည် ဂျူးလယပ်ဆီဇာကို တော်လှန်ပုန်ကန်ကြ သဖြင့် ရောမတို့က ထိုမြို့ကိုဖျက်ဆီးခဲ့သည်။ ထို့နောက် ရောမ တို့သည် ထိုနေရာတွင် မြို့သစ်တည်၍ ဧကရာဇ်ဩရီလီယန်ကို ဂုဏ်ပြုသောအားဖြင့် ဩရီလီယာနမ်ဟုအမည်ပေးခဲ့ကြသည်။ အော်လီယန်းဟူသည်မှာ ထိုရောမအမည်မှ ဆင်းသက်လာသော အမည်ပင်ဖြစ်သည်။

ဖရန့်လူမျိုးများကောင်းစားစဉ်အခါက အော်လီယန်းမြို့ သည် ထင်ရှားသောမြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။ ၁၃ဝ၉ ခုနှစ် ကတည်ထောင်ခဲ့သော အော်လီယန်းတက္ကသိုလ်ကျောင်းသည် ရောမတရားဥပဒေနှင့် ဉာာဏ်သစ် အရေးပုံခေတ်ပညာများ ဆည်းပူးရာ ဗဟိုဌာနဖြစ်ခဲ့သည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဖြစ်ပွားကြသော နှစ် ၁ဝဝ စစ်ပွဲအတွင်း ၁၄၂၉ ခုနှစ်တွင် အင်္ဂလိပ်တပ်များက အော်လီယန်းမြို့ကို ဝိုင်းရံတိုက်ခိုက်ကြစဉ် ဂျုန်းအော့အတ်သည်ပြင်သစ်တပ်ကို ဦးစီးလျက် ရန်သူကိုတိုက် ထုတ်၍ မြို့ကိုကယ်ခဲ့လေသည်။ ထိုကြောင့် သူရဲကောင်း အမျိုးသမီးဂျုန်းအတွက် အထိမ်းအမှတ်ရုပ်တုကို ထုလုပ်ထားရှိ ၍ နှစ်စဉ် နှစ်တိုင်း ပွဲတော်ကျင်းပလေ့ရှိလေသည်။ ၁၈၇ဝ ပြည့်နှစ်တွင် စတင်ဖြစ်ပွားသော ပြင်သစ်နှင့် ပရပ်ရှားစစ်ပွဲအတွင်းက အော်လီယန်းမြို့သည် ရန်သူ့လက်တွင်း သို့ ကျရာက်ခဲ့ရသေးသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမန်တို့က မြို့ကိုသိမ်းပိုက်ခဲ့ရာ ၁၉၄၄ ခုနှစ်သို့ရောက်မှ လွတ်မြောက်ခဲ့လေသည်။ ယခုအခါ အော်လီယန်းမြို့သည် စည်ကားတိုးတက် လျက်ရှိ၍ အိုးခွက်လုပ်ငန်း၊ သိုးမွေးထည်လုပ်ငန်းတို့ကို လုပ် ကိုင်သည်။ မီးရထားလမ်းဆုံမြို့လည်းဖြစ်သောကြောင့် ကုန်စည် ဖြန့်ဖြူးရာ ဗဟိုဌာနဖြစ်သည်။ ၁၅၆၂ ခုနှစ်တွင် အသစ်ပြန်၍ ဆောက်ခဲ့သော ကသီဒရယ်ဘုရားရှိခိုးကျောင်း၊ ၁၄၄၂ ခုနှစ်က ဆောက်လုပ်၍ ယခုပြတိုက်အဖြစ် အသုံးချလျက်ရှိသော မြို့တော်ခန်းမ၊ ဂျုန်းအော့အတ် တည်းခိုခဲ့ဖူးသောအိမ် စသည် တို့မှာ ထင်ရှားသောအဆောက်အဦးများဖြစ်သည်။ အော်လီယန်း မြို့ရှိလူဦးရေမှာ ၁၉၆၈ ခုနှစ် သန်းခေါင်စာရင်းအရ ၉၅,၈၂၈ ယောက်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)