အော်လီဗာ လော့ဂျ်

ဝီကီပီးဒီးယား မှ

အင်္ဂလိပ်လူမျိုး ရူပဗေဒ ပညာရှင်ကြီး ဆာအော်လီဗာလော့ဂျ( ခရစ် ၁၈၅၁-၁၉၄ဝ )သည် ခရစ် ၁၈၅၁ ခုနှစ်၊ ဇွန် လ ၁၂ ရက်နေ့တွင် စတက်ဖို့ရှိုင်ယာနယ် ပင့်ဟားမြို့တွင်ဖွားမြင်သည်။ သူသည် မူလက ကုန်သည်လုပ်ငန်းကိုသာ လုပ်ကိုင်ရန်ရည်ရွယ်ခဲ့သော်လည်း သူ၏ သိပ္ပံပညာကိုလိုက်စားလိုသည့်ဝါသနာကို မမျိုသိပ်နိုင်လွန်းသဖြင့် ၁၈၇၂ ခုနှစ်၌ လန်ဒန်တက္ကသိုလ်သို့ ဝင်ရောက်ပညာသင်ကြားခဲ့ပြီးနောက် ၁၈၇၅ ခုနှစ်တွင် ဗက်ဖို့ကော်လိပ်ကျောင်း၌ ဒဿနိကဗေဒကထိကအဖြစ် ခန့်ထားခြင်းကိုခံခဲ့ရလေသည်။ ၁၈၇၉ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်၌ အသုံးချမှု သင်္ချာပညာလက်ထောက်ပါမောက္ခဖြစ်လာ၍ နောက်နှစ်နှစ်အကြာ အသက် ၃ဝ အရွယ်တွင် လီဗာပူးတက္ကသိုလ်၌ ရူပဗေဒပါမောက္ခအဖြစ် ခန့်ထားခြင်းခံခဲ့ရသည်။ ၁၉ဝဝ ပြည့်နှစ်တိုင်အောင် ထိုအလုပ်တွင် တည်မြဲခဲ့၍ ထို့နောက်တွင် ဗာမင်ဂမ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ခန့်ထားခြင်း ခံခဲ့ရလေသည်။


သူ၏ သုတေသနလုပ်ငန်းများမှာ များသောအားဖြင့် လျှပ်စစ်ဓာတ်နှင့် စပ်လျဉ်းသော ပညာရပ်များနှင့် သက်ဆိုင်ခဲ့သည်။ သူစုံစမ်းရှာဖွေခဲ့သည့်ပညာရပ်များမှာ လျှပ်ပြက်ခြင်း၊ လျှပ်စီးကြောင့် မြူထူတို့ ကွဲပြားလွင့်စဉ်ခြင်း၊ ဝိုင်ယာလက် လွှင့်ခြင်း၊ လျှပ်စစ်ဓာတ်လှိုင်းများအကြောင်း စသည်တို့နှင့်သက်ဆိုင်သော ပညာရပ်များဖြစ်၏။ သူ၏ ဝိုင်ယာလက်လွှင့်ခြင်းနှင့်စပ်လျဉ်း၍ တွေ့ရှိမှုများမှာ လွန်စွာအရေးကြီးသောကြောင့် လော့ ကယ်လဗင်က ဝိုင်ယာလက်အသံလွှင့်ခြင်း ပညာနှင့်စပ်လျဉ်း၍ အခြားသိပ္ပံ ပညာရှင်ကြီးများဖြစ်သော ဟက်ဇနှင့် မက်ဆွဲတို့၏ အမည်များနှင့်အတူ လော့ဂျ၏အမည်ကိုလည်း မှတ်တမ်းတင်ထားသင့်သည်ဟု ပြောဆိုခဲ့လေသည်။


၁၉ဝ၂ ခုနှစ်တွင် လော့ဂျသည် ဆာဘွဲ့ပေးအပ်ခြင်းကို ခံခဲ့ရ၍ ထိုနှစ်တွင်ပင် အက်(ဖ) အာ အက်(စ) ဘွဲ့ကို ရရှိခဲ့၏။ ၁၉၁၉ ခုနှစ်တွင် တော်ဝင်အနုပညာအသင်းကြီးက လော့ဂျ၏ဝိုင်ယာလက်ပညာနှင့် သက်ဆိုင်သော ရှေ့ပြေးလုပ်ငန်းများအတွက် 'အဲလဗက်' ရွှေတံဆိပ်ဆုဖြင့် ချီးမြှောက်ခြင်းကိုခံခဲ့ရလေသည်။ ထို့အပြင် ဗြိတိသျှအစည်းအရုံးကြီးနှင့် အခြားသော ရူပဗေဒဆိုင်ရာအဖွဲ့အစည်း အများအပြားတို့တွင်လည်း ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် လော့ဂျသည် ဗာလင်ဂမ် တက္ကသိုလ် ကျောင်းအုပ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့၍ နောက်နှစ်တွင် အမေရိကတိုက်သို့ လှည့်လည်ကာ သိပ္ပံပညာရပ်များအကြောင်းကို ဟော ပြောခဲ့လေသည်။


ဆာလော့ဂျသည် သိပ္ပံပါရဂူကြီးတစ်ဦးပင်ဖြစ်သော်လည်း ဝိညာဉ် နှင့်စပ်ဆိုင်သော ပညာရပ်များ၌ လွန်စွာစိတ်ပါဝင်စားကာ ၁၉၁ဝ ပြည့်နှစ်မှ အစပြုကာ ဝိညာဉ်များနှင့်ဆိုင်သောပညာများနှင့် စပ်လျဉ်း၍ ထင်ပေါ်ကျော် စောခဲ့လေသည်။ သူသည် သေသူ၏ဝိညာဉ်နှင့် ဆက်သွယ်မှု၌ လွန်စွာ ယုံကြည်သက်ဝင်၍ သိပ္ပံပညာရှင်နှင့် ဘာသာရေးကိုလည်း ညီညွတ်စေရန် ကြိုးပမ်းအားထုတ်ခဲ့၏။ ဆာလော့ဂျသည် သူ၏အလုပ်များကြားထဲကပင် သိပ္ပံပညာနှင့်စပ်ဆိုင်သော စာအုပ်စာတမ်းမြောက်မြားစွာကို ရေးသားထုတ် ဝေခဲ့သည်။ ထိုစာအုပ်စာတန်းများထဲတွင် ဝိညာဉ်ပညာနှင့်ဆိုင်သည့် စာအုပ် များအပြင် ရေလေးတစ်ဗစ်တီ အကြောင်း၊ အီသာ အကြောင်း စသောသိပ္ပံပညာ စာအုပ်စာတန်းများပါဝင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)