အောဒပ် လီယိုနတ် ဟပ်စလေ

ဝီကီပီးဒီးယား မှ
Huxley (1954)

အောဒပ် လီယိုနတ်ဟပ်စလေ(ခရစ် ၁၈၉၄ ဖွား)သည် အင်္ဂလန်နိုင်ငံ၊ ဆားရေးနယ်၌ ၁၈၉၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အောဒပ်သည် ကမ္ဘာကျော် သိပ္ပံပညာရှင် တောမတ်ဟင်နရီ ဟပ်စလေ၏ သားဖြစ်သူ လီယိုနတ်ဟပ်စလေ၏ တတိယသား ဖြစ်သည်။ သူသည် အီတန်ကောလိပ်ကျောင်းနှင့် အောက်စဖို့တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့လေသည်။ ဦးစွာ၌ သိပ္ပံပညာရှင်တစ်ဦးဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း မျက်စိအားမကောင်းသဖြင့် ထိုရည်ရွယ်ချက်ကို ဖျက်ပြီးလျှင် စာရေးဆရာအလုပ်ကို လုပ်ကိုင်လေသည်။ သူ၏ ပထမဝတ္ထုများသည် ပထမကမ္ဘာစစ်ကြီးပြီး၍ မကြာမီအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ ထိုဝတ္ထုများတွင် လူ့လောက ပျက်စီးယိုယွင်းနေပုံများကို ပေါ်လွင်စွာ ဖော်ပြထားလေသည်။ သူသည် စာမွန်များနှင့် ကဗျာများကိုလည်း ရေးသားခဲ့၏။

ဟပ်စလေသည် သူ့ခေတ်ကမ္ဘာကြီးကို မနှစ်မြို့သဖြင့် ရဲရင့်သည့် ကမ္ဘာသစ်ခေါ် ဝတ္ထုကို ရေးသားခဲ့၏။ ထိုဝတ္ထုတွင် စက်ဖြင့်ပြီး၍ ဝိဉာဉ်ကင်းမဲ့သည့် စိတ်ကူးယဉ် ကမ္ဘာကို ဖန်တီးထားလေသည်။ ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်းတွင် ဟပ်စလေသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုနီးယား ပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အယူဝါဒနှင့် ဒဿနိကဗေဒဘက်တွင် စိတ်ပါဝင်စားလာခဲ့ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)