အိုက်၊ ဟွိုင်းဗရက်ဗန်

ဝီကီပီးဒီးယား မှ
Woodcut portrait of Hubert van Eyck, by Edme de Boulonois, mid-16th century.

ဟွိုင်းဗရက်ဗန်အိုက် (Hubert van Eyck သို့မဟုတ် Huybrecht van Eyck ၁၃၈၅–၉၀ – ၁၈ စက်တင်ဘာ ၁၄၂၆)နှင့် သူ၏ညီ ယန်ဗန်အိုက် (Jan van Eyck)တို့သည် ၁၅ ရာစုနှစ်အတွင်းက နာမည်ကျော်ကြား ထင်ရှားခဲ့သော ဖလန်းဒါး ပန်းချီပညာကျော်နှစ်ဦး ဖြစ်လေသည်။

ဟွိုင်းဗရက်ဗန်အိုက်သည် ဗဲလဂျီယန်နိုင်ငံ (ဖလန်းဒါးပြည်) မဆိုက်နယ်၌ ဖွားမြင်ခဲ့သည်။ သူမွေးဖွားသည့်နှစ်ကို အတိအကျမပြောနိုင်ကြသော်လည်း ခရစ် ၁၃၆၆ ခုနှစ်ဟု ခန့်မှန်းကြသည်။ သူနှင့်သူ့ညီ ယန်ဗန်အိုက်သည် ဖလန်းဒါးနံရံ ပန်းချီစံနစ်ကို အခြေခံချပေးခဲ့ကြသည်။ ရှေးကရှိနှင့်ပြီးဖြစ်သော ဆီဆေးရေးနည်းကို ပိုမိုကောင်းမွန်လာအောင် နည်းသစ်ထွင်၍ ရေးဆွဲခဲ့၏။ အထူးသဖြင့် ပိုး၊ ဖဲ မှန် စသည်တို့နှင့် အရောင်တောက်ပြောင်သော ပစ္စည်းများကို ရေးဆွဲသရုပ်ဖော်ရာ၌ လက်စွမ်းမြောက်လှပေသည်။ ထိုညီအကို နှစ်ယောက်၏ အကောင်းဆုံးလက်ရာ ပန်းချီကားများကို များသောအားဖြင့် ဂင့်၊ ဗရူး ဂျ၊ အန့်တွပ်၊ မျူနစ်နှင့် ပါရစ်မြို့များတွင် တွေ့နိုင်လေသည်။

ဟွိုင်းဗရက်ဗန်အိုက်သည် ဒေသအနှံ့အပြားသို့ ခရီးထွက်ခဲ့ဖူးသည် ဆိုသည့်အချက်မှလွဲ၍ သူ့အကြောင်းကို ကောင်းစွာမသိရချေ။ သူကျော်ကြားလာခြင်းမှာ သူရေးဆွဲသော အဒိုရေးရှင်းအော့သလမ့် (Adoration of the Mystic Lamb)ဆိုသည့် ပန်းချီကားကြောင့်ဖြစ်သည်။ ထိုပန်းချီကားကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဂင့်မြို့ရှိ ဘုရားရှိခိုးကျောင်းအတွင်းမှ ဘုရားစင်နံရံတွင် ရေးဆွဲထားလေသည်။ ၁၄၂၆ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဟွိုင်း ဗရက် ကွယ်လွန်သောအခါ သူ၏ရုပ်ကလာပ်ကို သူ၏အကောင်းဆုံး လက်ရာဖြစ်သော အဒိုရေးရှင်းအော့ သလမ့် ပန်းချီကား ရေးဆွဲထားရာ ဘုရားစင်အောက်ဘက်ရှိ လိုဏ်အတွင်း၌ မြှုပ်နှံ သင်္ဂြိုဟ်လိုက်ကြလေသည်။

အဒိုရေးရှင်းအော့သလမ့် ပန်းချီကားကို ဟွိုင်းဗရက်က စတင်ရေးဆွဲခဲ့သော်လည်း အဆုံးမသတ်မီ ကွယ်လွန်သွားသဖြင့် သူ၏ညီ ယန်ဗန်အိုက်က ပြီးစီးအောင် ရေးဆွဲခဲ့ရလေသည်။ ဟွိုင်းဗရက် ရေးဆွဲခဲ့သော ပန်းချီကားများသည် တည်ငြိမ်သည့် ခန့်ညားမှုကို ဖော်ပြကြလေသည်။ အဒိုရေးရှင်းအော့သလမ့်ပန်းချီကားမည်မျှကောင်းမွန် သနည်းဆိုလျှင် ပထမကမ္ဘာစစ်အပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုကြရာတွင် ထိုပန်းချီကားပါဝင်သော မှန်ကူကွက်ကို ဂျာမနီနိုင်ငံက ဘယ်လ်ဂျီယံနိုင်ငံအား ပြန်လည်ပေးအပ်ရမည် ဆိုသော စာပိုဒ်တစ်ပိုဒ်ပါရှိခြင်းဖြင့်သိသာနိုင်ပေသည်။ ဟွိုင်းဗရက်ဗန်အိုက်နှင့် ယန်ဗန်အိုက် ညီအကို နှစ်ယောက်သည် ဗလန်းဒါးပြည်၏ ပန်းချီအတတ်ကို အခြေခံ ချပေးခဲ့သူများဖြစ်ရုံမက ဥရောပတိုက်တစ်တိုက်လုံးရှိ ပန်းချီ ပညာ၏ အခြေခံကိုလည်း ပြောင်းလဲပေးခဲ့သူများလည်း ဖြစ်လေသည်။ ထို့ပြင် ပန်းချီရေးခြယ်ရာ၌ ရှုခင်းကိုပါတွဲဖက်၍ ရေးခြယ်ထိုက်ကြောင်းကိုလည်း စတင်ရေးဆွဲပြခဲ့သော ပန်းချီ ကျော်များဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)