အာရေဗျပင်လယ်

ဝီကီပီးဒီးယား မှ
အာရေဗျပင်လယ်
ကိုဩဒိနိတ်18°N 66°E / 18°N 66°E / 18; 66
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများအိန္ဒိယနိုင်ငံအီရန်နိုင်ငံမော်လဒိုက်နိုင်ငံအိုမန်နိုင်ငံပါကစ္စတန်နိုင်ငံဆိုမာလီယာနိုင်ငံယီမင်နိုင်ငံ
အကျယ်ဆုံး အနံ၂,၄၀၀ km (၁,၅၀၀ mi)
မျက်နှာပြင် ဧရိယာ၃,၈၆၂,၀၀၀ km2 (၁,၄၉၁,၀၀၀ sq mi)
အနက်ဆုံး အနက်အရှိုင်း၄,၆၅၂ m (၁၅,၂၆၂ ft)

အာရေဗျကျွန်းဆွယ်နှင့် အိန္ဒိယနိုင်ငံတို့အကြားရှိ အိန္ဒိယသမုဒ္ဒရာ၏ တစ်စိတ်တစ်ဒေသ ကို အာရေဗျပင်လယ်ဟုခေါ်သည်။ ထိုပင်လယ်သည် အိန္ဒိယနိုင်ငံ၏ တောင်ဘက်အစွန်းရှိ ကိုမိုရင်အငူရှိ အာဖရိကတိုက်ဆိုမာလီယာနိုင်ငံ၏အရှေ့ဘက် ကမ်းခြေရှိ ဂွါဒါဖွီးအငူအထိ စိတ်ကူးဖြင့် ရေးဆွဲထားသောမျဉ်းကြောင်း၏ မြောက်ဘက်တွင်တည်ရှိသည်။ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့၊ ပါးရှင်းပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့တို့သည် အာရေဗျ ပင်လယ်၏ လက်တက်များ ဖြစ်ကြသည်။ ရှေးအခါက ထိုအာရေဗျပင်လယ်သည် ပင်လယ်ကြောင်း ကူးသန်းသွားလာမှုအတွက် အလွန်အရေးပါခဲ့သည်။ ကမ္ဘာ့အရှေ့ဘက်စွန်းဒေသများမှ ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် တင်ဆောင်ပြီးလျှင် အာရေဗျကျွန်းဆွယ် အနောက်ဘက် ကမ်းခြေသို့ တင်ပို့ပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် ကုလားအုပ်များဖြင့် အာရေဗျကျွန်းဆွယ်ကို ဖြတ်သန်းကာ မြေထဲပင်လယ်ဘက်သို့ သယ်ဆောင်ပေးခဲ့ကြလေသည်။

အာရေဗျပင်လယ်အတွင်းရှိ ကျွန်းကြီးများမှာ လက်ကဒိုက်ကျွန်းစုနှင့် ဆိုကိုထရာကျွန်းတို့ဖြစ်သည်။ လက်ကဒိုက်ကျွန်းစုသည် အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းခြေမှ အလွန်တွင်တည်ရှိကြသည်။ ဆိုကိုထရာ ကျွန်းသည်ကား အီသီယိုးပီးယားနိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိလေသည်။

အာရေဗျပင်လယ်၏ပျမ်းမျှအနက်မှာ အလံ ၁၅ဝဝ ခန့်ရှိ သော်လည်း အိန္ဒုမြစ်နှင့် နာဗဒ္ဒမြစ် အပါအဝင် မြစ်အများအပြား စီးဝင်သော အရှေ့မြောက်ဘက်ပိုင်းတွင်မူ ထိုထက်တိမ်လေသည်။ မုတ်သုန်ရာသီ အစနှင့်အဆုံးတို့တွင် အာရေဗျပင်လယ်ထဲ၌ အတွင်းဝိုက်လေဝဲ(ဆိုင်ကလုန်း)များ ကျရောက်တတ်သည်။ ထိုအတွင်းဝိုက်လေဝဲများသည် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်ပိုင်းရှိ မဲလ ဒိုက်ကျွန်းများ အနီးတစ်ဝိုက်တွင် စတင်ဖြစ်ပေါ်တတ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)