ဥသျှစ်ပင်မြို့

ဝီကီပီးဒီးယား မှ
ဥသျှစ်ပင်မြို့
ဥသျှစ်ပင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဥသျှစ်ပင်မြို့
ဥသျှစ်ပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°41′12″N 95°00′52″E / 18.68667°N 95.01444°E / 18.68667; 95.01444ကိုဩဒိနိတ်: 18°41′12″N 95°00′52″E / 18.68667°N 95.01444°E / 18.68667; 95.01444
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပြည်ခရိုင်
မြို့နယ်ပန်းတောင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်အတွင်း မြို့(၂)မြို့အနက် စည်ကားသော မြို့တစ်မြို့ ဖြစ်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၏ အနောက်ဘက် အစွန်ဆုံးမြို့ ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ဟူ၍ တိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခုတို့ ဆုံရာနယ်စပ်မြို့ဖြစ်သည့်အပြင် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးနှင့် ပြည်-တောင်ကုတ်ပြည်ထောင်စုလမ်းမကြီးတို့၏ ဆုံစည်းရာ လမ်းဆုံမြို့လည်း ဖြစ်သည့်အတွက် စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေး လွန်စွာ အချက်အချာကျသော ကုန်စည်စီးဆင်းမှုကောင်းမွန်သည့် မြို့တစ်မြို့လည်း ဖြစ်သည်။ မြို့ပြဧရိယာအကျယ်အဝန်းမှာ ၂.၆၅ စတုရန်းမိုင် (၆.၉ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။

၂၀၀၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့သော ကြံခင်း-ပခုက္ကူရထားလမ်းသည် မြို့အတွင်း ဖြတ်သန်းသွားရာ ရထားဘူတာရှိသည့် မြို့လေးလည်း ဖြစ်သည်။ ယင်းဘူတာနှင့်အပြိုင် မြန်မာ့မီးရထားမှ ဥသျှစ်ပင် ကွန်ကရစ်ဇလီဖားတုံးစက်ရုံလည်း တည်ဆောက်ခဲ့ရာ ယခုအချိန်ထိ လည်ပတ်လျက်ရှိသည်။ သို့ရာတွင် ရထားလမ်းအား နှစ်အနည်းငယ်သာ အသုံးပြုပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ရံဖန်ရံခါမှ လွဲ၍ ရထားပြေးဆွဲခြင်း မရှိတော့ပေ။

ဥသျှစ်ပင်မြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်သော ပန်းတောင်းမြို့နှင့် (၁၀)မိုင်သာဝေး၍ ပြည်မြို့နှင့် မိုင်(၂၀)မျှကွာဝေးပြီး ရန်ကုန်မြို့နှင့် (၁၉၉)မိုင် ကွာဝေးသည်။ ပန်းတောင်းမြို့သည် ကုန်းဘောင်ခေတ်မှ အစပြု၍ ဧရာဝတီမြစ်ကူးနဝဒေးတံတား မရှိခင်ကာလဆီအထိ ဇက်ဆိပ်နှင့် ရေလမ်းခရီး တွင်ကျယ်ခဲ့ရာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ထင်ရှားခဲ့ဖူးပြီး မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သော်လည်း ယခုအချိန်တွင်မူ မစည်ကားတော့ချေ။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ဥသျှစ်ပင်မြို့တွင် ဗမာလူမျိုးများ အဓိကနေထိုင်ပြီး ရခိုင်၊ချင်းနှင့်ကရင်လူမျိုးများလည်း ရှိရာ ၂၀၁၈ ခုနှစ်၊လူဦးရေ စာရင်းအရ စုစုပေါင်းလူဦးရေမှာ (၁၁,၁၁၃)ဦး ဖြစ်သည်။ ဥသျှစ်ပင်မြို့သည် တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်တစ်ခုမှ ဖြတ်သန်းသည့်ပြည်ထောင်စုလမ်းမကြီးများ ဆုံသည့် မြို့အဖြစ်တည်ရှိခြင်းကြောင့် လည်းကောင်း၊ မြို့အနီးပတ်ဝန်းကျင်တွင် တပ်ရင်းတပ်ဖွဲ့များ၊စက်ရုံများ၊သင်တန်းကျောင်းများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း အဆောက်အဦများ ဝန်းရံတည်ရှိခြင်းကြောင့်လည်းကောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ ရွှေ့ပြောင်းရောက်ရှိသူများကြောင့်လည်းကောင်း နှစ်စဉ် လူဦးရေမှာတိုးတက်လျက်ရှိသည်။ ဘာသာရေးတွင် အများအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်ကြသော်လည်း ခရစ်ယာန်ဘာသာဝင်များလည်း ရှိသည်။ ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်စာသင်တိုက်များ၊မိုးကုတ်ဝိပဿနာဓမ္မရိပ်သာများတည်ရှိသည်။ စာသင်တိုက်များထဲတွင် သုခိတာရာမပရိယတ္တိစာသင်တိုက်သည် ထင်ရှားသည်။ ခရစ်ယာန်ဘာသာ ဘုရားရှိခိုးကျောင်းများလည်းရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြို့မတိုင်မီ ကျေးရွာဖြစ်မည့်နေရာတွင် သိုက်ဆရာတစ်ယောက်၏ဥသျှစ်ခါးပင် လိုက်ရှာရာ ဥသျှစ်ပင်တစ်ပင်၏ ခါးလည်မှ ရွှေကြက်ဥ ရသည်ကို အစွဲပြု၍ "ဥသျှစ်ခါးရပ်"ဟု တွင်ရာမှ နောင်တွင် ဥသျှစ်ပင်ကျေးရွာ ဟု ပေါ်ပေါက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ဥသျှစ်ပင်ကျေးရွာကို မြို့သစ်အဖြစ်အနောက်ဘက် ပုသိမ်-မုံရွာလမ်းအထိ မြို့ကွက်အသစ်ရိုက်၍ ထပ်မံတိုးချဲ့ခဲ့ရာ ယခုအချိန်တွင် ရတနာပုံရပ်ကွက်အတွင်း ကျရောက်ခဲ့ပြီဖြစ်သော  မြို့မြေကွက်ပေါင်း(၁၂၃၀)နှင့် လမ်းများအပြင်မြို့မဈေးကြီး၊ တိုက်နယ်ဆေးရုံ၊ နယ်မြေရဲစခန်း၊ ဆည်မြောင်းဝန်ကြီးဌာနဝန်း၊ ရိုးမဧရာပန်းခြံတို့အပါအဝင် ဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၄၃၇/၂၀၁၃)ဖြင့်(၆.၆.၂၀၁၃) ရက်နေ့တွင် ဥသျှစ်ပင်မြို့(ဥသျှစ်ပင်ကျေးရွာအုပ်စု)ကို ဥရှစ်ပင်မြို့(ဥသျှစ်ပင်မြို့) အဖြစ် အတည်ပြုလိုက်ပြီး မြို့ဖွင့်ပွဲအခမ်းအနားကို (၂၇.၆.၂၀၁၃)နေ့တွင် ကျင်းပခဲ့သည်။ ရပ်ကွက်အနေဖြင့် ပြည်တော်သာရပ်ကွက်၊ ရွှေပင်ရပ်ကွက်၊ ရတနာပုံရပ်ကွက် ဟူ၍ မြို့ ပေါ် (၃)ရပ်ကွက်နှင့် လဲရွာကျေးရွာအုပ်စု၊ ညောင်ချေထောက်ကျေးရွာအုပ်စုတို့ဖြင့်ဖွဲ့စည်းပြီး မြို့အဖြစ် မြို့မိန့်ထုတ်ပြန်ကြေညာပြဋ္ဌာန်းခဲ့သည်။ မြို့အုပ်ချုပ်ရေးမှူးရုံးသည် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီး ဘေးတွင် တည်ရှိသည်။ ပြည်တော်သာရပ်တွင် တည်ရှိသော မြို့မအထက်တန်းကျောင်းကြီးသည် အကျယ်အဝန်းအားဖြင့်(၁၅.၈၃)ဧက ကျယ်ဝန်းပြီး (၁၉၅၂)တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါတွင် နှစ်ပေါင်း(၇၀)​ကျော်ပြီ ဖြစ်သည်။ ရတနာပုံရပ်ကွက်တွင် အလယ်တန်းကျောင်း(၁)ကျောင်း၊​ရွှေပင်ရပ်ကွက်တွင် အာသောကာရာမ(ရွှေပင်)ကျောင်းတိုက်တွင်၊ဘုန်းတော်ကြီးသင် မူလတန်းကျောင်းများလည်း ရှိသည်။

ထင်ရှားသော နေရာဒေသများ[ပြင်ဆင်ရန်]

နာဂမုနိဘုရားကြီး၊ ရန်ကင်းအေးစေတီတော်၊ မင်္ဂလာအတုလအနန္တမုနိစေတီတော်တို့အပြင် မြို့နှင့်(၂)မိုင်ကျော်ကွာဝေးသော ကျောက်ဖူးကျေးရွာတွင် ဘိုးတော်ဘုရား၏ ရခိုင်ပြည်မှ မဟာမြတ်မုနိဘုရားကြီး ပင့်ရာတွင် သားတော် အိမ်ရှေ့မင်းသား တစ်ထောက်နားရာ ကျောက်ဖူးချောင်း ကမ်းနဖူးပေါ်တွင် ရခိုင်ဟန် ဘုရားများနှင့် စေတီတော်(၃)ဆူတို့ တည်ရှိသည်။ ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီး သခင်မြမွေးရပ်မြေ ထုံးဘိုမြို့နှင့် နာမည်ကျော် တန်ခိုးကြီး အကောက်တောင်ဘုရားသို့လည်း သွားရောက်နိုင်သည်။ ပြည်မြို့ဘက်မှလာလျှင် သမိုင်းဝင် ငါးမျက်နှာဘုရားနှင့် ရွှေပုံစွန်းစေတီတော်၊ ရွှေမြင်မှန်းရုပ်ရှင်တော်မြတ်နှင့် ကြောင်လိမ်နန်းတော်ကိုလည်း ဝင်ရောက် လေ့လာနိုင်သည်။

စီးပွားရေး/ပုဂ္ဂလိကဘဏ်များ[ပြင်ဆင်ရန်]

စိုက်ပျိုးရေးတွင် ယခင်က ဆန်စပါးကို အဓိက စိုက်ပျိုးကြသော်လည်း စီးပွားရေးလမ်းဆုံမြို့ဖြစ်သည်နှင့်အညီအနယ်နယ်အရပ်ရပ်မှ ကုန်စည်များကိုသာ အဓိကထား ရောင်းဝယ်ဖောက်ကားကြသည်။ အထူးသဖြင့် ရခိုင်ရိုးမမှရသော ဆတ်သားခြောက်၊တညင်းသီး၊အာပူရွက်နှင့် ဆင်ခရမ်းချဉ်သီးများကို လူသိများလှသည်။ အစိုးရကျွန်းစိုက်ခင်းနှင့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ၊ငှက်ပျောစိုက်ခင်းများ လည်း ရှိသည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဆန်၊ပဲ၊နှမ်းပွဲရုံများ၊ဆီစက်၊ဆန်စက်၊ပရိဘောဂပစ္စည်းလုပ်ငန်းများ၊သစ်တောထွက်ပစ္စည်း၊သစ်၊ဝါးလုပ်ငန်း၊အုတ်လုပ်ငန်းများ စသည်တို့ဖြစ်သည်။

ပုဂ္ဂလိကဘဏ်များ

၁။မြန်မာအ​ရှေ့တိုင်းဘဏ်လီမိတက်(Myanmar Oriental Bank/MOB Bank)

၂။က​မ္ဘောဇဘဏ်(KBZ Bank)

၃။မြန်မာ့​ရှေ့​ဆောင်ဘဏ်(Myanma Apex Bank/MAB Bank)

၄။သမဝါယမဘဏ်(Co-operate Bank/CB Bank)

ပွဲတော်များ[ပြင်ဆင်ရန်]

ဥသျှစ်ပင်မြို့၏ အထင်ကရပွဲတော်များမှာ နာဂမုနိဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်နှင့် နတ်တော်လပြည့်နေ့ ရန်ကင်းအေးဘုရားဗုဒ္ဓပူဇနိယ ပွဲတော်နှင့်တကွ တစ်ပြိုင်တည်း ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊​ဖေ့ဘွတ်စာမျက်နှာတွင်မူရင်းတင်သူများ၊​ရှေးလူကြီးများ၏ ​ပြောကြားချက်များ၊မြို့အုပ်ချုပ်​ရေးမှူးရုံး၏ မြို့မှတ်တမ်းများ၊အုပ်ချုပ်​ရေးမှူးများ၏ လူမှုကွန်ယက်တွင် တင်ပြချက်များ၊ပန်း​တောင်းမဲဆန္ဒနယ်မှ လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်နှင်းသစ်၏ ဥသျှစ်ပင်မြို့နဲ့ ဆိုင်​သောလွှတ်​တော် ​မေးခွန်းနှင့် အ​ဖြေများ၊ဝီကီပီဒီးယား၊ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံရှိ မြို့နယ်များ

[၁][လင့်ခ်သေ]