လူ့အခွင့်အရေး

ဝီကီပီးဒီးယား မှ

လူ့အခွင့်အရေးဆိုသည်မှာ လူသားများ၏ မွေးရာပါ အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ လူ့အခွင့်အရေးအချက်များ ဖြစ်သော အသက်ရှင်နေထိုင်ခွင့်လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ ဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဖြစ်သော မိမိကိုယ်ပိုင် ယဉ်ကျေးမှုတွင် လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာ ရရှိခွင့်၊ အလုပ် လုပ်ကိုင်ခွင့်နှင့်ပညာသင်ကြားခွင့် စသည်တို့ ဖြစ်သည်။

လူ့အခွင့်အရေးဆိုသည်မှာအဘယ်နည်း[ပြင်ဆင်ရန်]

လူ့အခွင့်အရေးဆိုသည်မှာ ကြောက်ရွံခြင်းမှကင်းဝေးခြင်း (Freedom from Fear) နှင့် တောင့်တခြင်းမှကင်းဝေးခြင်း (Freedom from Wants) ဟု အဓိပ္ပာယ်ဖွင့်ဆိုသူများရှိသည်။ ကြောက်ရွံခြင်းမှကင်းဝေးခြင်းဆိုသည်မှာ လူသားတစ်ယောက်သည် မိမိ၏ အခြေခံလွတ်လပ်ခွင့်များ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်စော်ကားမည်ကို မကြောက်ရွံရဘဲ လုံခြုံစိတ်ချစွာနေနိုင်သလို တောင့်တခြင်းမှ ကင်းဝေးခြင်းဆိုသည်မှာလည်း မိမိ၏အသက်ရှင်ဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အခြေခံအထောက်အပံ့များကိုရရှိနိုင်သော အခြေအနေမျိုးဖြင့် မတောင့်မတမကြောင့်မကျဘဲ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ချွင်းချက်အနေဖြင့် လူ့အခွင့်အရေးဆိုသော စကားလုံးကို ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ယနေ့တိုင်ပြီးပြည့်စုံခြင်းမရှိပေ။ ကမ္ဘာကုလသမဂ္အဖွဲ့ကြီးက လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေသူတို့၏အခြေခံလွတ်လပ်များနှင့် သက်ဆိုင်သည့်တရားရေးဆိုင်ရာအာမခံချက် ဟု လူ့အခွင့်ရေးကို အဓိပ္ပာယ်ဖွင့်ထားသည်ကိုတွေ့ရသည်။ ထိုအဓိပ္ပာယ်အရဆိုလျှင် လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို တူရာအုပ်စုဝင်လိုက်လည်း ခံစားခွင့်ရကြောင်းတွေ့ရှိရသည်။ ထိုသို့ခံစားခွင့်ရစေရန် သက်ဆိုင်ရာအစိုးရများကလည်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းညွန်းများအတိုင်း အာမခံချက်ထားပြီး ကာကွယ်ပေးရမည်ဆိုသည့် အစိုးရများ၏ တာဝန်ရှိမှုကိုညွန်းဆိုပြသထားသည်။

လူ့အခွင့်အရေး၏ အခြေခံအချက်များ[ပြင်ဆင်ရန်]

  • လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။
  • အသားရည်အရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံးအပေါ်တန်းတူညီမျှမှုရှိသည်။
  • လူသားများသည် တစ်ယောက်နှင့်တစ်ယောက်ကွဲပြားနိုင်သော်လည်း လူဖြစ်ခြင်းဆိုသည်အချက်မှာ အားလုံးတူညီသည့်အတွက်လူ့အခွင့်အရေးမှာလည်းလူသားအားလုံးအတွက်ဖြစ်သည်။
  • လူ့အခွင့်အရေးသည် လူတိုင်းအတွက်မွေးရာပါအခွင့်အရေးဖြစ်သည်။
  • မွေးဖွားလာသည်မှစတင်ပြီး သေဆုံးတိုင်လူ့အခွင့်အရေးသည်အရေးပါသည်။
  • လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက် မရ။

လူ့အခွင့်အရေးနှင့် တရားဥပဒေ[ပြင်ဆင်ရန်]

လူ့အခွင့်အရေးနှင့် တရားဥပဒေပိုင်းဆိုင်ရာအချက်နှစ်မျိုးစလုံးဖြင့် အကျုံးဝင်လျက်ရှိပြီး တစ်ခါတစ်လေပင်ခွဲခြားခြင်းမပြုနိုင်ပေ။ လူ့အခွင့်အရေးဆိုသည်မှာ ဥပဒေအရ ခံစားခွင့်ရှိသလိုကျင့်ဝတ်အရ လုပ်ဆောင်သင့်သည်ဟူသော အချက်နှစ်ချက်စလုံးနှင့် သက်ဆိုင်သည်။ အချို့အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးထားသည့်အတွက် ထိုအခွင့်အရေးမျိုးကို တရားရေးဆိုင်ရာအခွင့်အရေး (Legal Rights) ဟုခေါ်လေ့ရှိသည်။ ထိုအခွင့်အရေးများကို နိုင်ငံတော်၏ တရားဥပဒေထဲများတွင်ခံစားနိုင်ခွင့်ရှိသည့်အတွက် ထိုဥပဒေကို တရားရေးဆိုင်ရာဥပဒေဟုသတ်မှတ်နိုင်သည်။ ခိုင်လုံသောအကြောင်းအရာမရှိမချင်း အပြစ်မရှိဟု ဥပဒေကဖွင့်ဆိုထားချက်များ၊ သက်သေ၊ အာမခံရရှိခွင့်များသည် တရားဥပဒေဆိုင်ရာ အခွင့်အရေးများဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

  1. အောင်မျိုးမင်း။ လူ့အခွင့်အရေးလက်စွဲ