မှုခင်းသိပ္ပံ

ဝီကီပီးဒီးယား မှ

မှုခင်းသိပ္ပံ ဆိုသည်မှာ သိပ္ပံပညာအား ရာဇဝတ်မှုဆိုင်ရာ ဥပဒေ နှင့် တရားမကျင့်ထုံးဆိုင်ရာ ဥပဒေတို့တွင် အသုံးချခြင်း ဖြစ်ပြီး အထူးသဖြင့် ရာဇဝတ်မှုခင်းများကို စုံစမ်းထောက်လှမ်းရာတွင် အသုံးချလေ့ ရှိပြီး လက်ခံနိုင်လောက်သော သက်သေအထောက်အထား နှင့် ရာဇဝတ်မှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် သက်ဆိုင်သော ဥပဒေ ကျင့်ထုံးများနှင့် အညီ လုပ်ဆောင်လေ့ ရှိသည်။

မှုခင်း သိပ္ပံပညာရှင်များသည် သိပ္ပံနည်းကျ အထောက်အထားများကို မှုခင်းအား စုံစမ်းထောက်လှမ်းစဉ်အတွင်း စုဆောင်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့်ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလေ့ ရှိသည်။ အချို့ မှုခင်း သိပ္ပံပညာရှင်များမှာ မှုခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်၍ သက်သေအထောက်အထားများ စုဆောင်းလေ့ရှိပြီး အချို့မှာမူ ဓာတ်ခွဲခန်းများ အတွင်း လုပ်ကိုင်လေ့ ရှိကာ အခြားသူများမှ ဓာတ်ခွဲခန်းသို့ ယူဆောင်လာသော အရာဝတ္ထုများကို ခွဲခြမ်း စိတ်ဖြာမှု ပြုကြသည်။

ထိုသူတို့ အနေနှင့် ဓာတ်ခွဲခန်းတွင်း လုပ်ဆောင်သော အခန်းကဏ္ဍအပြင် ရာဇဝတ်မှု နှင့် တရားမမှု ဆိုင်ရာ အမှုအခင်းများတွင် တရားစွဲဆိုသူ ဘက်မှဖြစ်စေ ခုခံချေပသူဘက်မှ ဖြစ်စေ ကျွမ်းကျင်ပညာရှင် သက်သေအဖြစ် သက်သေခံ ထွက်ဆိုလေ့ ရှိကြသည်။ မည်သည့် ပညာရပ်ကဏ္ဍမဆို မှုခင်းသိပ္ပံ ပညာ ဖြစ်နိုင်သော်လည်း အချို့သော ပညာရပ်ကဏ္ဍများတွင် အများအားဖြင့် မှုခင်းများကို စုံစမ်းစစ်ဆေးရာမှ အချိန်ကြာလာသည်နှင့် အမျှ တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မှုခင်း သိပ္ပံဆိုသော စကားရပ်၏ အင်္ဂလိပ် စကားလုံး Forensic Science မှာ လက်တင်ဘာသာ စကားလုံး နှစ်လုံး ဖြစ်သော Forensis နှင့် science တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ ပထမ စကားလုံး ဖြစ်သော Forensis ၏ အဓိပ္ပာယ်မှာ အများပြည်သူရှေ့တွင် ဆွေးနွေးခြင်း သို့မဟုတ် စစ်ဆေးခြင်း ဟု အဓိပ္ပာယ်ရသည်။ ရှေးခေတ်ကာလ အချိန်များက တရားခွင်များသည် အများပြည်သူရှေ့မှောက်တွင် ကျင်းပလေ့ ရှိသဖြင့် တရားစီရင်ရေးဆိုင်ရာအရ အလွန်ခိုင်မာသော ဂယက်အနက် ရှိသည်။ ဒုတိယ စကားလုံး ဖြစ်သော science သည် လက်တင်ဘာသာစကား အသိပညာမှ ဆင်းသက်လာပြီး ယနေ့ခေတ်တွင် အသိပညာအား စနစ်တကျ ရယူခြင်းဆိုသော သိပ္ပံနည်းကျ လုပ်ဆောင်မှုများနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ နှစ်ခု ပေါင်းစပ်ကြည့်မည် ဆိုလျှင် မှုခင်းသိပ္ပံသည် မှုခင်းများကို ဖြေရှင်းရာတွင် သိပ္ပံနည်းကျ လုပ်ဆောင်မှုများနှင့် လုပ်ငန်းစဉ်များကို အသုံးပြုခြင်းပင် ဖြစ်သည်။

အမည်မှည့်ခေါ်ခြင်း[ပြင်ဆင်ရန်]

Forensic ဆိုသော စကားလုံးသည် လက်တင်ဘာသာစကား forensis မှ ဆင်းသက်လာပြီး "ဖိုရမ်၏ ရှေ့မှောက်တွင်" ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံး၏ သမိုင်းကြောင်းမှာ ရောမခေတ်တွင် အခြေတည်ပြီး ထိုအချိန်က ရာဇဝတ်မှုအား စွဲဆိုခြင်း ဆိုသည်မှာ ဖိုရမ်ဟု ခေါ်သော လူအများစုဝေးရာနေရာတွင် အများပြည်သူရှေ့မှောက်၌ မှုခင်းအား ချပြရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ အဖြစ် စွပ်စွဲခံရသူနှင့် စွပ်စွဲသူ နှစ်ဦးစလုံးတို့သည် ၎င်းတို့ဘက်မှ ဇာတ်လမ်းကို ပြောပြရသည်။ ထိုနှစ်ယောက်ထဲမှ အကောင်းဆုံး ငြင်းချက်ထုတ်နိုင်သူ ဖော်ပြနိုင်သူ အားအသာပေး၍ ဆုံးဖြတ်လေ့ ရှိသည်။