မောင်မောင်သိုက်

ဝီကီပီးဒီးယား မှ
ပန်းချီ မောင်မောင်သိုက်

ပန်းချီမောင်မောင်သိုက် သည် စာနယ်ဇင်းသရုပ်ဖော်ပန်းချီပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ပန်းချီကားများသည် အလွန်လက်ရာမြောက်ပေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ပန်းချီ မောင်မောင်သိုက်ကို အဘ ရွှေပန်းထိမ်ဆရာ ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့မှ ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းပုဇွန်တောင်မြို့နယ်၌ မွေးဖွားသည်။ မွေးချင်း (၆) ဦးအနက် အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်က မူလတန်းပညာကို ဒဂုံမြို့နယ် ထန်းတောရပ်ကွက် မြူနီစီပယ်ကျောင်းတွင် စတင်သင်ကြားခဲ့သည်။ အလယ်တန်းနှင့် အထက်တန်း ပညာရပ်များကို ဗဟိုအမျိုးသား စံပြအထက်တန်းကျောင်း (စင်ထရယ်-ယခုလသာ ၁) တွင် သင်ကြားခဲ့သည်။

ပန်းချီလောကသို့[ပြင်ဆင်ရန်]

စင်ထရယ်ကျောင်းမှ ပန်းချီဆရာ ဦးကြည်ထံမှ အခြေခံပန်းချီပညာရပ်များကို သင်ယူကာ ပန်းချီလောက၊ ကာတွန်းလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီ ဦးဘကြည်ဦးဘရင်ကလေးဦးသောင်းဟန်ဦးညိုလှ စသည့် ပန်းချီဆရာကြီးများရေးဆွဲသည့် ပုံများကို ကူးယူးရေးဆွဲကြည့်ခြင်း၊ နိုင်ငံခြားမဂ္ဂဇင်းများတွင်ပါသည့် ပုံများကို ဇယားချ ကူးယူရေးခြင်းခြင်း သရုပ်ဖော်ပန်းချီပညာရပ်ကို ဆက်လက်လေ့လာသင်ယူခဲ့သည်။ ၁၉၆၅ မှ စတင်ကာ ပန်းချီရေးဆွဲခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီလောကသို့ ဝင်ရောက်ခဲ့သည်။

ချိုတေးရှင်မဂ္ဂဇင်းတွင် သရုပ်ဖော်ပန်းချီ စတင်ရေးဆွဲခဲ့ပြီး တပ်မတော်လေတပ်တွင် စက်မှုပုံဆွဲဆရာအဖြစ် ၄ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာတွန်းသော်က၏ ကူညီမှုဖြင့် ရှုမဝမဂ္ဂဇင်း၊ သောကြာစာစောင်တို့တွင် ရေးဆွဲခဲ့သည်။ ၁၉၆၅-၆၆ ဝန်းကျင်၏ နာမည်ကြီးရုပ်ပြစာစောင်တစ်ခုဖြစ်သော ရွှေစွန်ညိုရုပ်ပြစာစောင်တွင်လည်း ပန်းချီဝင်းဌေးနှင့် တွဲဖက်၍ ရုပ်ရှင်ကုမ္ပဏီများ၏ ရုပ်ရှင်ဒီဇိုင်းများကို ရေးဆွဲခဲ့သည်။ ထို့အပြင် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ စာအုပ် မျက်နှာဖုံး သရုပ်ဖော်ပုံများကို ရေးဆွဲခဲ့သည်။ မောင်မောင်သိုက်သည် ပန်းချီမဆွဲမီက ထိပ်တန်းမဂ္ဂဇင်း ၂ စောင်ဖြစ်သော ငွေတာရီနှင့် မြဝတီမဂ္ဂဇင်းတို့တွင် ကာတွန်းနှင့် ရုပ်ပြရေးဆွဲခဲ့သည်။


အမျိုးသမီးများ၏ ကိုယ်နေဟန်ထား ကျနပြေပြစ်လှပပုံ ရေးဆွဲရာတွင် နာမည်ကြီးခဲ့သူ ပန်းချီမောင်မောင်သိုက်သည် မဂ္ဂဇင်းသရုပ်ဖော် ပန်းချီလောက၌သာမက ဆီဆေးပုံတူရေးဆွဲရာတွင်လည်း နာမည်ကျော်လူကြိုက်များသူ တစ်ဦးဖြစ်သည်။ ရေဆေးပန်းချီနှင့် ဆီဆေးပန်းချီကား အမြောက်အမြားရေးဆွဲခဲ့ပြီး ပန်းချီပြပွဲပေါင်းများစွာကိုလည်း ခင်းကျင်းပြသနိုင်ခဲ့သူ ဖြစ်သည်။

ထင်ရှားလက်ရာ[ပြင်ဆင်ရန်]

ကမ္ဘာသိထင်ရှားသောလက်ရာများမှာ မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ဓမ္မိကာရာမကျောင်း၌ ရေးဆွဲထားသော ဘိက္ခူနီသာသနာစတင်ပုံ ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ မေလတွင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ၂၀ဝ၇ ခုနှစ်က ရေးဆွဲခဲ့သည့် မင်္ဂလာဒုံလေဆိပ်သစ်ကြီး ပြည်ပထွက်ခွာခန်းမတွင်ချိတ်ဆွဲထားသော ရွှေတိဂုံစေတီတော်နှင့် ကရဝိက်တို့ပါရှိသော ကန်တော်ကြီးရှုမျှော်ခင်းပုံကို ပန်းချီဆရာ ကျော်သောင်းနှင့် ပူးတွဲ၍လည်းကောင်း၊ နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် ချိတ်ဆွဲထားသော နိုင်ငံတော် ဖွံ့ဖြိုးမှုအရပ်ရပ်မြင်ကွင်း (၁၈'x၃၆')၊ ဇေယျာသီရိခန်းမရှိ အပြည်ပြည်ဆိုင်ရာ စာချုပ်ခန်းမကြီးတွင် ရေးဆွဲထားသော ကျေးစေတမန်ပန်းချီကားကို ပန်းချီဆရာ ကျော်သောင်းနှင့်တွဲဖက်၍လည်းကောင်း ရေးဆွဲခဲ့သည်။

၁၉၇၀ နှစ်များတဝိုက်က ထွက်ခဲ့သော မဂ္ဂဇင်းများမှ ယနေ့ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင်ခဲ့သော ပန်းချီမောင်မောင်သိုက်သည် စာရေးဆရာပေါင်းများစွာ၏ ဝတ္ထုမျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများကိုလည်း ရေးဆွဲခဲ့သည်။ ပြည်ပပြပွဲ အဖြစ် ၁၉၉၆ ဇွန်-ဇူလိုင် တွင် စင်ကာပူ စန်တိုဆာ၊ မလေးရှား နှင့် ထိုင်းတို့တွင် လှည့်လည် ပြသခဲ့သည်။ ကျော်ကြားသော ကားတွဲများမှာ ဓမ္မိကရာမ၊ မလေးရှားပီနန်း နှင့် ဘုန်းကြီးကျောင်း တို့ ဖြစ်သည်။


တကိုယ်တော် ပြပွဲအဖြစ် ပထမအကြိမ် ၁၉၉၁ အင်းလျားလိတ် ဟိုတယ်တွင်လည်းကောင်း ၊ ဒုတိယအကြိမ်အဖြစ် အမျိုးသမီး ဟူသော ခေါင်းစဉ်နှင့်လည်းကောင်း၊ ၁၁ဇွန် - ၁၀ ဇူလိုင် ၂၀၀၅ အထိ နယူးထရပ်ရှာအတ် ပြခန်းတွင်လည်းကောင်း၊ သမ္မတဟိုတယ်တွင် ၁၉၇၅ မှ ၂၀၀၈ အထိ မြန်မာ့အကနှင့်အလှ ခေါင်းစဉ်ဖြင့် ပြသခဲ့သည်။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပန်းချီ မောင်မောင်သိုက်သည် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရွှေဗဟိုဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် ရှိပြီ ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Maung Maung Thike။ ၀၂ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မေ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  2. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)