ဘုန်းကြီးကျောင်း

ဝီကီပီးဒီးယား မှ

ဘုန်းကြီးကျောင်းသည် ဘုန်းကြီး၊ ရဟန်း၊ သံဃာများ သီတင်းသုံးရာ နေရာ အဆောက်အဦကို ခေါ်သည်။ တချို့ဘုန်းကြီးကျောင်းများသည် ကိုရင်များ၊ အနီးအနားမှ ကလေးသူငယ်များကို စာသင်ပေးလေ့ ရှိသည်။ ရှေးခေတ်ကာလကတည်းက ဘုရင်နှင့် မိဖုရား၊ မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်များက မိမိတို့၏ကိုးကွယ်ရာ ရဟန်းသံဃာတော်များကို ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းလေ့ ရှိကြသည်။ ဘုန်းကြီးကျောင်းများတွင် အရုဏ်တက်ချိန်၊ ဆွမ်စားချိန်များ သိရန်အတွက် တီး၍ ရသော အုန်းမောင်းကို ထားရှိသည်။ ဥပုသ်နေ့များတွင် လူများ သီလဆောက်တည်ရန်၊ ညနေစောင်း ဝတ်တက်ရန်အတွက် ဓမ္မာရုံ ရှိကြသည်။ တချို့ဘုန်းကြီးကျောင်းဝင်းများတွင် ဘိနပ်စီး မဝင်ရပေ။ စစ်ကိုင်းတောင် ဒေသများတွင် ဘုန်းကြီးကျောင်းများကို ချောင်ဟုလည်း ခေါ်ဆိုကြသေးသည်။ မြန်မာနိုင်ငံတဝန်းတွင် ဗုဒ္ဓဝင် အကြောင်းအရာများကို သစ်ထွင်းပန်းပုများနှင့် ထုလုပ်ထားသော ဘုန်းကြီးကျောင်းများလည်း ရှိပြီး ထိုကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်တွင်လေသည်။ အရပ်ဒေသတစ်ခုတွင် ဘုန်းကြီးကျောင်းသည် အတော်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

ကျောင်း[ပြင်ဆင်ရန်]

ရှေးခေတ် ရဟန်းတော်များသည် တောထဲတောင်ထဲ သစ်ပင်ရင်းကောင်ချောက် တောင်ခေါင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ နတ်ကွန်းစေတီ စသည့်နေရာမျိုးများတွင် ဝါကပ်နေထိုင်၍ ရဟန်းတရား ပွားများအားထုတ်ကြသည်။ မိမိတို့၏ ဘုဉ်းကံအလျောက် ကျောင်းလှူလိုသောအလှူရှင်တို့ ပေါ်ပေါက်လာသောအခါ အောက်ပါ ကျောင်းအမျိုးအစား ငါးပါး၌လည်း နေထိုင်သီတင်းသုံးနိုင်ကြောင်း မြတ်စွာဘုရားက ခွင့်ပြုတော်မူသည်။ ထိုကျောင်းငါးမျိုးမှာ- (၁) ဝိဟာရ = လေးဘက်မိုးကျောင်း

(၂) အဍ္ဎယောဂ = နှစ်ဘက်မိုးကျောင်း

(၃) ပါသာဒ = အထွတ်ပါသော ပြာသာဒ်ရှည်ကျောင်း

(၄) ဟမ္မိယ = ပြာသာဒ်ဦးပြည်းကျောင်း

(၅) ဂုဟ = လိုဏ်ဂူကျောင်းတို့ဖြစ်ကြသည်။

[၁]

အိပ်ရာနေရာများ[ပြင်ဆင်ရန်]

ကျောင်းနှင့်ပတ်သက်၍ ရဟန်းတော်များ အသုံးပြုနိုင်သော ပရိဘောဂများကို မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ပါသည်။ ယင်းတို့မှာ-

(၁) မဉ္စ -ညောင်စောင်း၊ အိပ်ရာခဋင်အမျိုးမျိုး

(၂) ပီဌ - အင်းပျဉ်၊ စားပွဲကုလားထိုင်အမျိုးမျိုး

(၃) ဘိသိ - ဘုံလျှို၊ အပြင်ကအဝတ်သို့မဟုတ် သမင်ရေ စသော အပ်သောသားရေကို ချုပ်ပြီးလျှင် အတွင်း၌ အဆာသွတ်ထားသော ထိုင်စရာ အိပ်စရာ ဖုံမွေ့ယာ အမျိုးမျိုး (လဲ-ဝါဂွမ်း အဆာသွတ်ထားလျှင် မထိုင်ကောင်း၊ မအိပ်ကောင်းပေ။ အဝတ်အစား၊ သားမွေးသိုးမွေး အဆာ၊ ပိုးချည် အဆာ၊ မြက်သစ်ရွက် အဆာ၊ အုန်းဆံ အဆာ တစ်မျိုးမျိုးကို သွတ် ထားလျှင်ကား ထိုင်ကောင်း၊ အိပ်ကောင်း ပါသည်)

(၄) ဗိမ္မောဟနံ - ခေါင်းအုံး-မှီအုံး

(၅) ကောစ္ဆ - အလယ်၌ အတွင်းသို့ ကျုံ့ဝင်၍ အထက်အောက် မျက်နှာနှစ်ဘက် အပြန့်ကျယ်သော အခင်းမျိုး (ထက်စည်ပုံနှင့်တူသည်၊ ပလ္လင်ပုံ ထိုင်စရာ အသုံးအဆောင်)တို့ ဖြစ်ကြသည်။ [၁]

ပရိဘောဂများ[ပြင်ဆင်ရန်]

ကျောင်းအသုံးအဆောင် ပရိဘောဂများအဖြစ် ရဟန်းတော်များ အသုံးပြုနိုင်သော အခင်းဆယ်မျိုးကိုလည်း မြတ်စွာဘုရား ခွင့်ပြုတော်မူထားပါသည်။ ယင်းတို့မှာ-

(၁) ဘိသိ = ဘုံလျှို၊

(၂) စိမိလိကာ = အဝတ်ကြမ်း၊ (အင်္ဂတေစသည့် အချောကိုင်အပ်သော ကျောင်း၌ အရောင် မပျက်အောင် ခင်းထားအပ်သော အခင်းကြမ်း)

(၃) ဥတ္တရတ္ထရဏ = အပေါ်ခင်း၊ (ညောင်စောင်း၊ အင်းပျဉ်စသည်တို့ အပေါ်၌ ခင်းအပ်သော အိပ်ရာခင်း စသောအခင်းမျိုး)

(၄) ဘူမတ္ထရဏ = မြေအခင်း၊ (စိမိလိကာရှိလျှင် စိမိလိကာအပေါ်က ခင်းရပြီး စိမိလိကာမရှိလျှင် မြေပေါ် အင်္ဂတေပေါ်၌ ခင်းရသော သင်ဖြူး၊ ဖယောင်းပုဆိုး စသော အခင်းမျိုး)

(၅) တဋ္ဋိကာ =ဖျာကြမ်း၊ (နှီး၊ ထန်းရွက် စသည်ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းအခင်းမျိုး)

(၆) ဓမ္မက္ခဏ္ဍ =သားရေပိုင်း၊ သားရေနွယ်၊ (ခြင်္သေ့ရေ၊ ကျားရေ၊ သစ်ရေစသော အားလုံးသောသားရေများတည်း၊ ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိကပိုင် အဖြစ်ဖြင့် ́ သွားလေရာယူ၍ မသုံးစွဲကောင်းသော်လည်း ကျောင်းအသုံး အဆောင်အဖြစ် သားရေအားလုံး သုံးဆောင်ကောင်းပါသည်)

(၇) နိသိဒန = နိသီဒိုင် (သင်းပိုင်အတွင်းက ခံ၍ ဝတ်ရန် ဖြစ်သည်၊ နေရာထိုင်ခင်းကဲ့သို့ ခင်း၍လည်း သုံးနိုင်သည်၊ ကျောင်းများကို မိမိ အညစ်အကြေးများ မပေကျံစေရန်၊ ဆွမ်းဟင်းစက်များ မပေစေရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်၊ သုက်နှီးသင်္ကန်းဟုလည်း ခေါ်ဆိုကြသည်)

(၈) ပစ္စတ္ထရဏ =သီးခြားအခင်း၊ (သားမွေးကော်ဇောအခင်းအမျိုးမျိုး)

(၉) တိဏသန္ထရ =မြက်များကို တွဲစပ်၍ အခင်းပြုလုပ် ထားသောအခင်း၊

(၁၀) ပဏ္ဏသန္ထရ =သစ်ရွက်များကို တွဲစပ်၍ အခင်း ပြုလုပ်ထားသောအခင်း ( အင်ဖက်ခင်း ဓနိပျစ်ခင်း သက်ငယ်ပျစ်ခင်း စသည်တို့ကဲ့သို့ အခင်း ပြုလုပ်ထားသော အခင်းအမျိုးမျိုး)တို့ ဖြစ်ကြသည်။

အထက်ပါ အိပ်ရာနေရာ ပရိဘောဂအခင်းများသည် ကျောင်းနှင့်ဆက်စပ်သော ပရိဘောဂများ ဖြစ်သည်။ ကပ္ပိယကာရကတို့သည် ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ကူညီ လုပ်ဆောင်ပေးရပေမည်။ [၁]

ကျောင်းမြေပြုပြင်ခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်များသည် ကျောင်းဆောက်မှုစသည်ကို ပြုလုပ်သောအခါ မြေတူးမှု မြေဆွမှု မြေတူးရန် ခိုင်းစေမှု စသည်ကို ပြုလုပ်ကြရသည်။ ထိုအခါ ဝိနည်းဒေသနာတော်နှင့် အညီ ကပ္ပိယကာရကတို့အား ခိုင်းစေပါမူ အပြစ်ကင်းစင် နိုင်ပေမည်။ ကပ္ပိယကာရကတို့လည်း ဝိနည်းဒေသနာ ဝေါဟာရများကို ကျွမ်းကျင်နားလည်ထားပါမှ ရဟန်းတော် များအား အကူအညီပေးနိုင်ပေလိမ့်မည်။ သို့ဖြစ်၍ ပထဝီခဏနသိက္ခာပုဒ်လာ ဝေါဟာရတို့ကို ဖော်ပြလိုပါသည်။

ရဟန်းတော်သည် မြေကို ကိုယ်တိုင် တူးလျှင် လည်းကောင်း၊ သူတပါးကို တူးစမ်းဟု ခိုင်းလျှင်လည်းကောင်း အာပတ်သင့်ပါသည်။ မြေကို တူးခြင်းဆိုရာ၌ တူးခြင်း တစ်မျိုးသာမက ဖောက်ခွဲခြင်း ခြစ်ခြင်း မီးတိုက်ခြင်းစသော ဖျက်ဆီးခြင်းအားလုံးကို ယူရပါသည်။ [၁]

မြေအမျိုးမျိုး[ပြင်ဆင်ရန်]

ပထဝီမြေကြီးသည် ဇာတပထဝီ၊ အဇာတပထဝီဟူ၍ (၂) မျိုး ရှိသည်။ ထိုတွင် ဇာတပထဝီဟူသည်မှာ မြေဖြစ်ပြီးသော ပထဝီတည်း။ အဇာတပထဝီဟူသည်မှာ မြေအမျိုးတွင် မပါဝင်သော ပထဝီတည်း။ ဇာတပထဝီသည်လည်း သုဒ္ဓပထဝီ၊ မိဿပထဝီ၊ ပုဉ္ဇပထဝီဟူ၍ (၃) မျိုး ပြား၏။

သုဒ္ဓပထဝီမှာ-မြူမှူန်(ဖုန်)သက်သက်၊ သို့မဟုတ် မြေညက် သက်သက်တည်း၊ မြေမှုန့် မြူမှုန့်-ဖုန်ဟု ခေါ်သော အပေါ်မြေကို ပံသု-ဟုခေါ်၍ မြူဖုန်တို့၏ အောက်၌ရှိသော မြေသားကို မတ္တိကာ-မြေညက်ဟု ခေါ်၏။

မိဿပထဝီဟူသည်မှာ ကျောက်ခဲ ကျောက်စရစ် အိုးခြမ်း ကျောက်ပြုပ်ခဲတို့နှင့် ရောနေသော ပံသုနှင့်မတ္တိကာ ပထဝီများတည်း၊ ထိုသို့ ရောရာ၌ ပံသုဖြစ်စေ၊ မတ္တိကာဖြစ်စေ တစ်ဝက်၊ တစ်ဝက်ထက် များလျှင် ဇာတပထဝီတွင် ပါဝင်၏။ ပံသု-မတ္တိကာတို့က နည်း၍ ကျောက်ခဲစသည်က များလျှင် အဇာတပထဝီတွင် ပါဝင်၏။

ပုဉ္ဇပထဝီကား စုပုံထားသောမြေမှန်မြေညက်များတည်း၊ ထိုမြေပုံများသည် အမိုးအကာမရှိသော လွင်ပြင်၌ သို့မဟုတ် မိုးမလုံသောနေရာ၌ ပုံထားသဖြင့် တစ်ကြိမ်မိုးစွတ် ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်တော့သည်။ အထက်ပိုင်းသာ မိုးစို၍ အောက်ပိုင်း အတွင်းပိုင်း၌ မိုးမစို လျှင်ကား ထိုနေရာသည် ဇာတပထဝီတွင် မပါဝင်သေးပေ။

ထို ဇာတပထဝီတွင် ပါဝင်သော သုဒ္ဓပံသု၊ သုဒ္ဓ မတ္တိကာ၊ မိဿပံသု၊ မိဿမတ္တိကာများကို တူးဖောက် ခွဲဖျက် မီးတိုက်ခြင်း၊ ထိုဇာပထဝီများကို ခြေလက် တုတ်ဖြင့် ခြစ်ခြင်း ရေးသားခြင်း၊ အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်းစွန့်ခြင်းတို့တွင် တစ်ခုခုကို ပြုလုပ်လျှင် အာပတ်သင့်၏။ ထိုဇာတပထဝီပေါ်၌ သပိတ်ဖုတ်ရန်၊ ဆိုးရည်ကျိုရန် မီးမွှေးလျှင်လည်း ထိုပထဝီကို မီးတိုက်ရာ ရောက်သောကြောင့် အပြစ်ဖြစ်သည်ပင်တည်း။

ပုဉ္ဇပထဝီနှင့်စပ်၍ လွင်ပြင်ရှိခြတောင်ပို့ ခြအိမ်များနှင့် ပန်းအိုး၌ တည်ထားအပ်သော မြေများလည်း ပထမ တစ်ကြိမ် မိုးစွတ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်ကြသည်။ ထို့ကြောင့် ပန်းအိုး၌ရှိသော မြေများကို မတူးဆွကောင်း၊ မဖျက်ကောင်းပေ။

ဇာတပထဝီတွင် မပါဝင်သော အုတ်ကျောက်စသည်တို့ များစွာ ပါသောမြေ၊ သပိတ်ဖုတ်ဖူးသော နေရာဖြစ်၍ မီးလောင်ပြီးသောမြေ၊ မိုးမစွတ်သေးသော၊ စွတ်သော်လည်း (၄) လမပြည့်သေးသော မြေပုံ၊ တောင်ပို့၊ ခြအိမ်များနှင့် ပန်းအိုးအတွင်းရှိ မြေများကိုမူ ဖျက်ဆီးသော်လည်း အပြစ် မရှိပါ။ ထိုဇာတပထဝီကိုပင် သစ်တုံးလှိမ့်ရင်း၊ တောင်ဝှေး ထောက်ရင်း၊ တံမြက်လှည်းရင်း ပျက်စေသော်လည်း ဖျက်ဆီး လိုသောစိတ် မရှိလျှင် အာပတ်မသင့်ပါ။ ဖျက်ဆီးလိုသော စိတ်ရှိလျှင်ကား မိမိ၏ စင်္ကြံသွားလမ်းကို သူတပါး သိအောင် ခြေဖြင့် ပြင်းပြင်းနင်း၍ သွားရုံမျှဖြင့် အာပတ်သင့်နိုင်ပါသည်။ [၁]

အပ်သောမြေတူးခိုင်းနည်း[ပြင်ဆင်ရန်]

အတူးခိုင်းခြင်း၊ တူးစေခြင်းပြုလုပ်လျှင် အာပတ်သင့် နိုင်သဖြင့် ရဟန်းတော်များသည် ကပ္ပိယကာရကတို့အားအပ်သော ခိုင်းနည်းဖြင့် ခိုင်းကြရန်ဖြစ်သည်။

ခိုင်းနည်းအရ အပ်သောခိုင်းနည်းနှင့် မအပ်သော ခိုင်းနည်းဟူ၍ (၂) မျိုး ရှိ၏။

ဤမြေကို တူးစမ်း၊ ဤတွင်းကို တူးစမ်း၊ ဤမြေကို ခွဲစမ်း၊ ဖောက်စမ်း၊ ဖြိုဖျက်စမ်း၊ မီးတိုက်စမ်း စသည်ဖြင့် မြေကို တိုက်ရိုက် ညွှန်ပြ၍ ခိုင်းခြင်းသည် မအပ်သောခိုင်းခြင်း ဖြစ်သည်။

ဤတွင်းကို ဤမြေကို ကပ္ပိစမ်း၊ သိစမ်း၊ ဤမြေဖြင့် အလိုရှိသည်၊ ဤမြေကို ယူခဲ့စမ်းပါ” စသော ခိုင်းခြင်းများသည် အပ်သောခိုင်းခြင်း ဖြစ်၏။

နေရာကို မသတ်မှတ်ဘဲ မြေပေါက်လိုက်၊ တွင်းတူးလိုက် စသောခိုင်းခြင်းများလည်း အာပတ်မသင့်ပါ၊ သို့ရာတွင် ဝိနည်းအရာ လိမ္မာစေရန်အတွက် “ကပ္ပိစမ်း၊ သိစမ်း” ဟူသော သာသနာဝေါဟာရ အသုံးများကိုသာ သုံးမိအောင် အသုံးပြုသင့်ပါသည်။ ကပ္ပိယကာရကတို့လည်း သံဃဝယျာဝစ္စ ကြိုးစားထမ်းဆောင်ကာ သံဃာတော်များ အပြစ်ကင်းစင် ရေးကို အကူအညီ ပေးသင့်ပေသည်။ [၁]

ကျောင်းဆောက်ရာ၌ လိုက်နာဖွယ်[ပြင်ဆင်ရန်]

သံဃာတော်များ နေထိုင်ရန်အတွက် ကျောင်း ဆောက်လိုလျှင် ကျောင်းနေရာကို ညွှန်ပြဖို့ရာ ရဟန်းများကို ထိုကျောင်းဆောက်မည့် အရပ်သို့ ပင့်ရမည်။ ထိုရဟန်းတို့က ပိုးရွခြပုန်းကောက်ပဲသီးနှံ စသော ဘေးရန်မရှိရာအရပ်၊ လှည်း တစ်စီး လှည့်ပတ်လောက်ရာ ဥပစာမျက်နှာစာရှိသောအရပ်ကို ညွှန်ပြရမည်။

ပရွက်ခြစသည်ဖြင့် သနားဖွယ်သတ္တဝါကလေးများ၏ အမြဲ နေရာအရပ်၊ ဆင်၊ မြင်း၊ သစ်၊ ကျားစသော ရန်မူတတ်သော သတ္တဝါကြမ်းများ၏ အမြဲနေရာ အမြဲ ကျက်စားရာအရပ်၊ ကောက်ပဲသီးနှံစိုက်ပျိုးရာအရပ်၊ ခိုးသူတို့ကို သတ်ဖြတ်ရာအရပ်၊ လမ်းဆုံကျသောအရပ် စသော မလွတ်လပ်သောအရပ်များ၌ ကျောင်း မဆောက်ရပေ။

အကြောင်းကိစ္စရှိ၍ ထိုကျောင်းပတ်ပတ်လည်ကို လှည့်လည်လိုလျှင် နွား(၂) ကောင်၊ နွား (၄) ကောင်တပ်ဆင် ထားသောလှည်းဖြင့် လှည့်ပတ်လောက်သော ဥပစာအကျယ် အဝန်း ထားရှိရမည်၊ ထိုသို့ မလှည့်ပတ်နိုင်လောက်အောင် ချောက်ကမ်းပါးစသည်နှင့် နီးကပ်နေလျှင် မဆောက်ရပေ။

ကပ္ပိယကာရကတို့သည် ကျောင်း ဆောက်ရာ၌ နေရာမှန်၊ နေရာကောင်းများရရှိအောင် ရှာဖွေခြင်း၊ ကျောင်း ဆောက်လုပ်ရေးကိစ္စများကို ကူညီပံ့ပိုးခြင်း စသည်ဖြင့် ဆောင်ရွက်သင့်ကြပေသည်။ [၁]

ကျောင်းပရိဘောဂများ ထိန်းသိမ်းပါ[ပြင်ဆင်ရန်]

ရဟန်းတော်များသည် သံဃိက ညောင်စောင်း စသည်ကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီးဖြစ်စေ၊ ကပ္ပိယတို့ကို အခင်းခိုင်း၍ဖြစ်စေ ထိုနေရာမှ အခြားတစ်နေရာသို့ သွားလိုလျှင် ကိုယ်တိုင်သိမ်း၍လည်းကောင်း၊ တစ်ယောက် ယောက်ကို အသိမ်းခိုင်း၍လည်းကောင်း သွားရမည်ဟု မြတ်စွာဘုရားက ပညတ်တော်မူခဲ့သဖြင့် ကပ္ပိယကာရက တို့သည် သံဃိကပစ္စည်းများ ကျောင်းပရိဘောဂများ မပျက်စီးစေရန် အမြဲ စောင့်ရှောက်ရမည်။ ရဟန်းသံဃာတော် တို့အတွက် ခင်းပေးပြီးလျှင် ကိစ္စပြီးပါက ချက်ချင်း သိမ်းဆည်းရမည်။ ပစ္စည်းများ ပျောက်ပျက်လေလွင့် ဆုံးရှုံးမှု မရှိရလေအောင် ကပ္ပိယကောင်း တစ်ယောက်ပီပီ အစဉ်သဖြင့် လေးလေးစားစား ထိန်းသိမ်းကြရပေမည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၁၀၅-၁၁၅, ၁၁၈။