ဒီမော့စသီးနီး

ဝီကီပီးဒီးယား မှ

ရှေးခေတ်အခါကစ၍ ယခုခေတ်တိုင်အောင် စကားပြော ကောင်းလိုသူများ စံထားရသည့်သူမှာ ဘီစီ ၃၈၃ ခုနှစ်လောက် တွင် မွေးဖွားခဲ့သော အက်သင်းမြို့သား ဒီမော့စသီးနီး (ဘီစီ ၃၈၃-၃၂၂) ဖြစ်လေ သည်။ အစပထမတွင် စကားပြောရာ၌ အထစ်နေ၍၊ အသံမှာ ကြောင်စာစာ ဖြစ်နေသည့်ပြင်၊ ပခုံးကိုတွန့်၍ စကားပြော တတ်သဖြင့်၊ ဒီမော့စသီးနီးပြောလျှင် လူရယ်စရာဖြစ်ခဲ့ရ၏။ သို့ရာတွင် စကားပြောကောင်း တစ်ယောက် မဖြစ်မနေဟူသော မခံချင်စိတ်ဖြင့် ကြိုးစားမှုကြောင့်၊ အစဉ်အဆက် စံတင်ထား ရသော စကားပြောကောင်းပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာရလေ သည်။

ဒီမော့စသီးနီးသည် စကားပြောကောင်းဖြစ်အောင် ကြိုးစား သောအကြောင်းမှာ ဤသို့ဖြစ်၏။ ဒီမော့စသီးနီး၏ ဖခင်သည် သူငယ်စဉ်အခါကပင် သေဆုံးသွားခဲ့သဖြင့်၊ ကျန်ရစ်သော ပစ္စည်းအမြောက်အမြားကို ရင်းချာသော ဆွေမျိုးနှစ်ဦးက ဒီမော့စသီးနီး၏ အမွေထိန်းများအဖြစ် အုပ်ထိန်းခဲ့ကြ၏။ ထို ဆွေမျိုးနှစ်ဦးသည် ပစ္စည်းများကို မသမာသောနည်းဖြင့် ချယ် လှယ် သုံးဖြုန်းပစ်ကြ၍၊ ဒီမော့စသီးနီးကိုမူ ဆင်းရဲငြိုငြင်စွာ ထား၏။ အကြောင်းမှန် သိလာသောအခါ၊ ဒီမော့စသီးနီးသည် ထိုဆွေမျိုးနှစ်ဦးကို တရားစွဲဆိုနိုင်ရန်၊ စကားပြော ကောင်းရ မည့် ရှေ့နေတစ်ဦးအဖြစ်ရောက်အောင် အတော်ပင်ခဲယဉ်း ပင်ပန်းစွာ ကြိုပန်းရလေသည်။ ထိုကြောင့် တစ်နေ့တွင် ရည် မှန်းချက်အတိုင်း စကားပြောကောင်းလှသော ရှေ့နေတစ်ဦး အဖြစ် ရောက်ရှိလာပြီးလျှင်၊ ဆွေမျိုးများကို တရားစွဲဆိုကာ အနိုင်ယူခဲ့၏။ သို့သော် ပစ္စည်းများမှာ ကုန်လုနီးပါး ဖြစ်နေ ပြီဖြစ်၍၊ ဒီမော့စသီးနီးသည် သူ၏ပစ္စည်း အနည်းငယ်မျှကိုသာ ပြန်ရသည်။ ထိုအခါမှစ၍ ရှေ့နေကြီးတစ်ဦးအဖြစ် အသက်မွေး လေရာ၊ ထင်ရှားကျော်ကြာလာလေသည်။

ထိုအလုပ်အကိုင်ဖြင့် ငွေဝင်လမ်းဖြောင့်သောကြောင့်၊ ပစ္စည်း ဥစ္စာ အတော်ပင် စုဆောင်းမိ၏။ အသက် ၄ဝ ခန့်တွင် နိုင်ငံ ရေး၌ ပါဝင်ဆောင်ရွက်လေသည်။ ထိုအချိန်၌ မြောက်ဘက်မှ မက်ဆီဒုန်ပြည်သည် အက်သင်းအစရှိသော ဂရိပြည်နယ်များကို ခြိမ်းခြောက်လာရာ၊ ဒီမော့စသီးနီးသည် မက်ဆီဒုန်ပြည့်ရှင် ဘုရင်ဖိလစ်၏ ကျူးကျော်လာမည့်အရေးကို ကြိုတင်ကာကွယ် တွန်းလှန်၍ မိမိတို့၏လွတ်လပ်ရေးကို စီမံဆောင်ရွက် သင့် ကြောင်းကို အကြိမ်ကြိမ်ပင် လှုံ့ဆော်သတိပေး တိုက်တွန်းလေ သည်။ ဒီမော့စသီးနီးက ဖိလစ်ဘုရင်ကိုခု ခံရန် လှုံ့ဆော်သော စကားရပ်တို့သည် ယနေ့တိုင် စကားပြောကောင်းသူတို့ စံနမူနာ ယူထိုက်သော စကားများဖြစ်လေသည်။

ပထမတွင် အက်သင်းနိုင်ငံသားတို့သည် ဒီမော့စသီးနီး၏ ဟောပြောချက်များကို ဂရုမထားကြချေ။ ထိုနောက်မှ ဒီမော့ စသီးနီး၏စကားများ မှန်ကန်ကြောင်း သိလာကြကာ၊ ဒီမော့ စသီးနီး၏ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ကြသော် လည်း၊ နောက်ကျခဲ့ချေပြီ။ ထိုကြောင့် အက်သင်းနိုင်ငံငယ်နှင့် အခြား ဂရိပြည်နယ်များမှာ ဖိလစ်၏လက်အောက်သို့ ကျ ရောက်ရလေတော့၏။ သို့သော် ဒီမော့စသီးနီး၏ ဆောင်ရွက် မှုကြောင့် အက်သင်းနိုင်ငံငယ်မှာ တန်ခိုးမှေးမှိန်ခြင်း မရှိခဲ့ချေ။

ဒီမော့စသီးနီးသည် အက်သင်းနိုင်ငံငယ် အကျိုးကို ဆက် လက်ထမ်းဆောင်လေရာ၊ အက်သင်းနိုင်ငံငယ်က သူ့အား ခေါင်းဆောင်အဖြစ်ဖြင့် အားကိုးအားထား ပြုလေသည်။ ထိုကဲ့ သို့ ဆောင်ရွက်နေစဉ် ဘီစီ ၃၃ဝ ပြည့်နှစ်တွင် ရန်သူများက ဒီမော့စသီးနီး၏ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးဆောင်ရွက်မှုများကို ထိခိုက်ပျက်ပြားအောင် ဝေဖန်ပြောဆိုလာကြသည်။ ထိုကိစ္စများ အတွက် ဖြေရှင်းချက်များပါရှိသော ဟောပြောချက်တို့သည် ယခုခေတ်အထိ အကောင်းဆုံး ဟောပြောချက်တစ်ခုအဖြစ်ဖြင့် စံတင်ထားရလေသည်။

ဒီမော့စသီးနီး၏ ကံကြမ္မာသည် မှေးမှိန်သည်ထက် မှေးမှိန် လာလေရာ၊ မက်ဆီဒုန်ပြည့်ရှင် ဖိလစ်ဘုရင် ကွယ်လွန်သော အခါ၊ သားတော် အက်လက်ဇန္ဒာဘုရင်၏ လက်ထက်တွင် လာဘ်ယူမှုဖြင့် စွပ်စွဲဖမ်းဆီးခြင်း ခံရလေသည်။ သို့သော် ဒီမော့စသီးနီးသည် ထောင်မှထွက်ပြေး လွတ်မြောက်၍ တိုင်း တပါးတွင် ရှောင်တိမ်း နေရလေ၏။

ဘီစီ ၃၂၃ ခုနှစ်တွင် အယ်လက်ဇန္ဒာဘုရင် ကွယ်လွန်သော အခါ၊ ဂရိပြည်နယ်များသည် မက်ဆီဒုန်၏ စိုးမိုးမှုကို ပုန်ကန် ခြားနားရန် ဒီမော့စသီးနီးအား အက်သင်းသို့ ပြန်လာစေ၍၊ ခေါင်းဆောင်စေသည်။ သို့ရာတွင် ဂရိတို့သည် အရေးနိမ့်၍၊ ဒီမော့စသီးနီးသည်လည်း အသက်ဘေးအတွက် ထွက်ပြေးရပြန် သည်။ နောက်ဆုံးတွင် ရန်သူလက်ချက်ဖြင့် အသေမခံဘဲ၊ ကလောင်တံထဲတွင် အသင့်ထည့်ထားသော အဆိပ်များကို မျိုချ ကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )