တဏှာကြွက်နို့ရောဂါ

ဝီကီပီးဒီးယား မှ

တဏှာကြွက်နို့ရောဂါသည် လူ့ကြွက်နို့ဗိုင်းရပ် (human papillomavirus) အကူးခံရသောကြောင့် ဖြစ်ပွားသော ရောဂါဖြစ်၏။ ကူးစက်ခံရခြင်း၏ ၉၀% ကျော် ၂ နှစ်ကျော်အထိ ငုပ်၍ ပွားနေတတ်ပြီး လက္ခဏာမပေါ်။ သို့ရာတွင် အချို့ဖြစ်စဉ်များ၌ ကြွက်နို့ထွက်ခြင်း၊ ကင်ဆာကျိတ်ထွက်ခြင်းများ တွေ့ရတတ်သည်။ ထိုအကျိတ်မှာလည်း အကူးခံရသော နေရာတွင် ပေါ်သည်။ သားအိမ်ခေါင်း မိန်းမကိုယ်ဝ မိန်းမကိုယ် လိင်တံ စအို ပါးစပ် အာခေါင်ပျော့ လည်ချောင်းတို့၌ မြစ်ပွားနာဖြစ်လာနိုင်ချေ များ၏။ သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးမှာ ဤဗိုင်းရပ်လက်ချက်ပင်။ ရောဂါသည် ၇၀% မှာ မျိုးကွဲ-၁၆ (HPV16) နှင့် မျိုးကွဲ-၁၈ (HPV18) တို့ကြောင့် ဖြစ်သည်။ အာခေါင်ပျော့ကင်ဆာ၏ ၉၀% မှာ မျိုးကွဲ-၁၆ ၏ စနက်တည်း။ လိင်အင်္ဂါကြွက်နို့နှင့် အူတွင်းကြွက်နို့တို့ ဖြစ်ခြင်းမှာ အထက်မျိုးကွဲနှစ်ခုကြောင့်ပင်။

ရောဂါဖြစ်စေသေော လူ့ကြွက်နို့ဗိုင်းရပ်သည် ကြွက်နို့ဗိုင်းရပ်မျိုးစုဝင်ဖြစ်သည်။ စာရင်းသွင်းပြီးသော အမျိုးပေါင်း ၁၇၀ ကျော် ရှိသည်။ ၄၀ ကျော်မှာ လိင်မှတဆင့် ကူးသည် (အရှေ့ရော အနောက်အပြင် ပါးစပ်ကိုလည်း စာရင်းတို့ရမည်)။ အရွယ်ငယ်စဉ် လက်တည့်စမ်းခြင်း၊ အဖော်တသိုက်နှင့် ပျော်ပိုက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်ခံအားစနစ် အားနည်းခြင်းတို့ကြောင့် ရောဂါရနိုင်ခြေ များသည်။ ရောဂါရပြီးနောက် အထက်ဖော်ပြပါအတိုင်း လိင်မှတဆင့် ပျံ့သည်။ ကိုယ်ဝန်သည်အမေမှ ဝမ်းထဲနေသို့ ကူးနိုင်သေးသည်။ အခြားကြွက်နို့များမှာ ကိုယ်ခန္ဓာအပြင်ဘက်ချင်း ထိတွေ့မှုကြောင့် ကူးသော်လည်း ဤတဏှာကြွက်နို့ဖြစ်စေသော လူ့ကြွက်နို့ဗိုင်းရပ်မှာ ထိုသို့ မကူး။ လိင်အင်္ဂါ၌ ဤရောဂါဖြစ်နေသူအား စစ်ဆေးရာ လက်ချောင်းထိပ်တွင်ပင် ဗိုင်းရပ်များ ရှိနေကြောင်း တွေ့ထားသည်။ လူ့ကြွက်နို့ဗိုင်းရပ်ကို သာမန် လက်ဆေးရည် ပိုးသတ်ဆေးတို့ဖြင့် မသတ်နိုင်။ ထို့ကြောင့် သဗ္ဗဒါနံ (fomites) တို့မှတဆင့် ကူးတော့သည်။ လူတဦးတွင် လူ့ကြွက်နို့ပိုး တမျိုးထက်မက ရှိနိုင်သည်။ ဤပိုးသည် လူကိုသာ ကူးသည်။

ရောဂါအများစုကို ကာကွယ်ဆေးများဖြင့် တားနိုင်သည်။ ထိရောက်စေရန် ရောဂါမရမီကပင် ကာကွယ်ဆေးထိုးထားသင့်ပြီး လက်တည့်မစမ်းသေးသော ၉-၁၃ အရွယ်ကို သင့်လျော်သည်ဟု အကြံပြုကြသည်။ သားအိမ်ချောင်းကင်ဆာ ဆေးစစ်ခြင်းလုပ်ပါက မူမမှန်ဆဲများကို စောစီးစွာတွေ့နိုင်ပြီး တင်ကြိုကုသနိုင်သည်။ ဆေးစစ်ခြင်းသည် သားအိမ်ချောင်းကင်ဆာရခြင်းနှင့် ၎င်းကြောင့်အသက်ဆုံးများကို လျော့ကျစေသည်။ လိင်ကြွက်နို့ကိုလည်း ဖယ်ဖြတ်ကုသနိုင်သည်။

လူတိုင်းလူတိုင်း အသက်အရွယ်တချိန်ချိန်၌ လူ့ကြွက်နို့ပိုး အကူးခံရသည်။ လိင်မှတဆင့်ကူးသည်မှာ အဓိကဖြစ်၏။ ၂၀၁၈ ခု၌ တကမ္ဘာလုံးတွင် သားအိမ်ချောင်းကင်ဆာရောဂါသည် ၅၆၉၀၀၀ တွေ့ပြီး ၃၁၁၀၀၀ ယောက် သေခဲ့သည်။ အသေများသည်မှာ ဆေးမစစ်နိုင် ဆေးမကုနိုင်သော လူဆင်းရဲနိုင်ငံများတွင်ဖြစ်သည်။ အမေရိကန်၌ တနှစ်လျှင် ၃၀၇၀၀ မျှ ဤရောဂါဖြစ်သူ ရှိနေသည်။ အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသား အထန်သမားတို့၏ ၁% မှာ လိင်အင်္ဂါ၌ ကြွက်နို့ပေါက်တတ်သည်။ သို့သော် ၁၉၀၇ ခုမတိုင်မီအထိ ဗိုင်းရပ်ကြောင့်ဖြစ်သည်ဟု မသိခဲ့ကြ။