ဂရပ်ဖစ်အနုပညာ

ဝီကီပီးဒီးယား မှ

ဂရပ်ဖစ်အနုပညာဆိုသည်မှာ အမြင်ဆိုင်ရာ အနုပညာအမျိုးအစားများထဲတွင် ပါဝင်သော အနုပညာပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။ ဂရပ်ဖစ်အနုပညာကို ပုံနှိပ်ခြင်းအနုပညာဟု ဝက်ဘ်စ်တာအဘိဓာန် ကဖွင့်ဆိုပြီး ဓာတ်ပုံနည်းပညာ၊ ကျောက်ပုံနှိပ်နည်းပညာ၊ သစ်ထွင်းနည်းပညာ၊ ကြေးပုံနှိပ်နည်းပညာ အစရှိသည်တို့ကိုအသုံးပြု၍ တီထွင်ဖန်တီးသော အနုပညာလက်ရာများဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထို့အပြင် လိုင်းများ၊ အသွေးအနုအရင့်နှင့် ရုပ်လုံးရုပ်ကြွများ ပေါ်လွင်ရန်သရုပ်ဖော်ရသော အမြင်ဆိုင်ရာ အနုပညာအမျိုးအစားဟု အောက်စဖို့အဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုသည်။

အမြင်ဆိုင်ရာတင်ပြချက်များကို မျက်နှာပြင်တစ်ခုပေါ်တွင် ရေးဆွဲတင်ပြထားခြင်းကို ဂရပ်ဖစ်ဟု ခေါ်ဆိုသည်။ နံရံ၊ ကင်းဗတ်၊ ပိုးဇာ၊ စက္ကူ၊ ကျောက်တုံးနှင့် ပုံနှိပ်နိုင်သော သို့မဟုတ် ရေးဆွဲနိုင်သော ကြားခံအလွှာတစ်ခုကို မျက်နှာပြင်ဟု ခေါ်ဆိုသည်။ ပုံနှိပ်ခြင်း သို့မဟုတ် ရေးဆွဲခြင်းများတွင် သတင်း အချက်အလက်များ၊ သရုပ်ဖော်ပုံများ၊ ဖျော်ဖြေရေးဆိုင်ရာ အကြောင်းအရာများနှင့် အနုပညာဆိုင်ရာ တင်ပြချက်များ ပါဝင်နိုင်သည်။ သို့သော် ဂရပ်ဖစ်အတတ်ပညာတစ်ခုခုကို အသုံးပြု၍ ထုတ်လုပ်လိုက်သော လက်ရာတိုင်းကို အနုပညာပစ္စည်းဖြစ်သည်ဟု ခေါ်ဆိုနိုင်မည်မဟုတ်ပါ။ အနုပညာမြောက်ခြင်းသည် သီးခြားတည်ရှိသော ဂုဏ်သတ္တိတစ်ခုဖြစ်သည်။

ဂရပ်ဖစ်ဆိုသောဝေါဟာရသည် ဂရိဝေါဟာရဖြစ်သည်။ ဂရပ်သည် ဂရပ်ဖစ်စကားလုံး၏ ရုပ်ရင်းစကား လုံးဖြစ်သည်။ x ဝင်ရိုးနှင့် y ဝင်ရိုးသည် ဂရပ်ဝေါဟာရကို ကိုယ်စားပြုသည်။ ထို့ကြောင့် နှစ်ဖက်မြင်ဟု ဆိုနိုင်ပါ သည်။ ကွန်ပျူတာနည်းပညာတိုးတက်လာသောအခါ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ဂရပ်ဖစ် လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ ထိုသို့လုပ်ကိုင်ရာတွင် နှစ်ဖက်မြင်အမျိုးအစားနှင့် သုံးဖက်မြင် အမျိုးအစားများ ပါဝင်နေပါသည်။ ပုံနှိပ်ရန် သို့မဟုတ် ပုံနှိပ်ထုတ်ဝေရန်ရည်ရွယ်၍ဖန်တီးသော အရာဝတ္ထုတိုင်းကို နှစ်ဖက်မြင်အမျိုးအစားဟုခေါ်သည်။ တီဗီ သို့မဟုတ် ကွန်ပျူတာမော်နီတာပေါ်တွင် သရီးဒီမျက်မှန်ကဲ့သို့ အခြားအရာဝတ္ထုတစ်ခုကို ကြားမခံပဲ မျက်မြင်ဖြင့် တိုက်ရိုက်ကြည့်ရှုရသော အရာဝတ္ထုတိုင်းကိုလည်း နှစ်ဖက်မြင်ဟုသာခေါ်သည်။ ထို့ကြောင့် သုံးဖက်မြင်နည်းပညာဖြင့် ထုတ်လုပ် လိုက်သော ရုပ်ရှင်ကားများသည်လည်း ဂရပ်ဖစ်တွင် အကြုံဝင်သည်။ ဂရပ်ဖစ်အနုပညာတွင် သုံးဖက်မြင် ဖန်တီးထားသည့် အနုပညာလက်ရာများကိုလည်း ထည့်သွင်းထားသည်။ သုံးဖက်မြင်ရုပ်ရှင်ကားများကို မျက်မှန်တပ်၍ ကြည့်ရှုသောအခါ x နှင့် y ဝင်ရိုးအပြင် z ဝင်ရိုး(ထုထည်) ပါဝင်လာသည့် အတွက် သုံးဖက်မြင်ဟု ခေါ်ဆိုနိုင်ခြင်းဖြစ်သည်။

ဂရပ်ဖစ်အနုပညာလက်ရာများသည် ခရစ်မပေါ်မီနှစ်ပေါင်း ၂၅၀ဝ က တည်းက တည်ရှိခဲ့သည်။ အီဂျစ် လူမျိုးများသည် ဂရပ်ဖစ်ကို စတင်အသုံးပြုခဲ့ကြသည်။ ဂရပ်ဖစ်အနုပညာသည် ပုံနှိပ်ခြင်းနည်းစနစ်များ တွင် အများစုတည်မီသည်။ ထို့ကြောင့် နည်းပညာတိုးတက်မှုနှင့်အတူ ဂရပ်ဖစ်၏ တိုးတက်ပြောင်းလဲမှု သည်လည်း မြင့်မားခဲ့သည်။ အရှိန်အဟုန် ကောင်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]