ကျော်ဝင်း (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
ကျော်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျော်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ကျော်ဝင်း
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၉၁၈ ခုနှစ်
အမည်ရင်း ကျော်ဝင်း
မိဘအမည် ဦးတင့် + ဒေါ်သန့်
မွေးဖွားရာဒေသ စစ်ကိုင်း၊ ရွာသစ်ကြီး
နိုင်ငံသား
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် သရုပ်ဆောင်
ကြင်ဖော် ဒေါ်တင်တင်မူ
သားသမီး ဒေစီကျော်ဝင်း၊ မေမီကျော်ဝင်း
ထင်ပေါ်ကျော်ကြားမှု ပထမဆုံး မြန်မာ့ရုပ်ရှင် အကယ်ဒမီမင်းသားကြီး
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


ဦးကျော်ဝင်းသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဦးဆုံး အကယ်ဒမီ ရုပ်ရှင်မင်းသားဆု ရရှိသောသူ ဖြစ်သည်။ ဦးကျော်ဝင်းသည် ၁၉၅၂ ခုနှစ်မှာ “မာလာရီ” ဇာတ်ကားနှင့် အကယ်ဒမီရရှိခဲ့သူ တစ်ဦး ဖြစ်သည်။ ရုပ်ရှင်မင်းသား ဦးကျော်ဝင်း အကယ်ဒမီရခဲ့စဉ် ၁၉၅၂ ခုနှစ်တုန်းက အကယ်ဒမီဟု မခေါ်ကြသေးပါ။ အမျိုးသားပညာသည်ဆုဟု ခေါ်ဝေါ်သတ်မှတ်ဆဲ ဖြစ်သည်။

ကျော်ဝင်း၊ ဦး(အကယ်ဒမီ) (ခရစ် ၁၉၁၈ - ၁၉၉၃ )[ပြင်ဆင်ရန်]

ဦးကျော်ဝင်းကို ၁၉၁၈ ခုနှစ်တွင် စစ်ကိုင်း၊ ရွာသစ်ကြီး၌ အဖ ဦးတင့်နှင့် အမိ ဒေါ်သန့်တို့က မွေးဖွားခဲ့သည်။

ဦးကျော်ဝင်းသည် ၁၉၃၉ ခုနှစ်တွင် ပဲရော့ ရုပ်ရှင်မှ ဒါရိုက်တာ ဆရာမြင့်ရိုက်ကူးသော တောင်တော်သခင်မ ဇာတ်ကားအတွက် မန္တလေးတွင် မင်းသားလာရောက် ရွေးချယ် ရာ မင်းသားပေါင်း ၂၇ ဦးထဲမှ ဦးကျော်ဝင်း အရွေးခံရ၍ တောင်တော် သခင်မဇာတ်ကားတွင် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှ ရုပ်ရှင်လောကသို့ခြေချခဲ့သည်။ ထိုဇာတ်ကားတွင် ရုပ်ရှင် မင်းသမီး ခင်မေလေး၊ မင်းသား ကိုဘမြင့်နှင့်အတူ သရုပ်ဆောင်ခဲ့ရသည်။

ထို့နောက်စစ်ကြိုခေတ်တွင် ပဲရော့ရုပ်ရှင်မှပင် ဒါရိုက်တာဆရာရွှေ ရိုက်ကူးသော သံလက်သည်း ဇာတ်ကားတွင် မင်းသမီးခင်ခင်စိန်နှင့် တွဲဖက်၍ လည်း ကောင်း၊ ဒါရိုက်တာ ဦးအောင်ဇံ ရိုက်ကူးသော ထိလိတ် ပိုးဥဇာတ်ကားတွင် မင်းသမီး ခင်ခင်လေးနှင့် လည်းကောင်း ရိုက်ကူးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ ရုပ်ရှင်များ မရိုက်နိုင်ဘဲ ရပ်နားနေခဲ့ကာ ပြဇာတ်လောကသို့ ဝင်ရောက် ကခဲ့သည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင် တင်ဆက်သည့် တကယ့်စစ်သား ပြဇာတ်တွင် ခေါင်းဆောင် မင်းသား အဖြစ်ကပြခဲ့သည်။

ထိုပြဇာတ်သည် တိုက်ပွဲခန်းများ ပါသော စစ်သား ဘဝ သရုပ်ဖော်ပြဇာတ်ဖြစ်၍ ပြဇာတ်တွင်ပါဝင်သူများအား သရုပ်ဆောင် ပီပြင်ရေးနှင့် သဘာဝ ကျရေးအတွက် တပ်မတော်သားများ ကိုယ်တိုင် စစ်ပညာများ လေ့ကျင့် သင်ကြားပေးခဲ့ရသည်။ ထိုစဉ်က ဗိုလ်မှူးကြီးဖိုးကူ(အငြိမ်းစား ဗိုလ်မှူးကြီး ဖိုးကူ) (နိုင်ငံဂုဏ်ရည် ပထမဆင့်) ကိုယ်တိုင် ကြပ်မတ် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ထိုပြဇာတ်ကပြခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာစစ်ဘက်အရာရှိကြီးများ၊ ဗိုလ် မိုးကြိုးနှင့် ဂျပန်စစ်အရာရှိကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ပြီးဆုံး၍ မဟာမိတ်တပ်များ ပြန်လည်ဝင်ရောက်လာသော အချိန်တွင် ကမ္ဘာစစ်ကြီးမှာ အမည်ရှိ ပြဇာတ်ကို ဦးကျော်ဝင်း ပါဝင်ကပြသည်။ ပြဇာတ် ဒါရိုက်တာမှာ ဆရာခန့်ဖြစ်ပြီး၊ မင်းသမီးများမှာ ခင်မာကြည် နှင့် ခင်ခင်တင့်တို့ ဖြစ်သည်။ ပထမ၌ မြိုင်ရုံတွင် စတင် ကပြသည်။ နောက်ပိုင်း၌ ဂျူဗလီတွင် ဆက်လက်ကပြသည်။ ဂျူဗလီတွင် ပြစဉ်၌ အမေရိကန် ဒုတိယသမ္မတနှင့် သန်းကြွယ် သူဌေးကြီး ရော့ဖယ်လားတို့ လာရောက်ကြည့်ရှု့ပြီး အပျော် တမ်းရုပ်ရှင်ရိုက်ကူးစက်ဖြင့် ရိုက်ကူးသွားခဲ့သည်။

ရော့ဖယ်လားက ဦးကျော်ဝင်းအား အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် ချီးဘူးကို ကမ္ဘာ့ရုပ်ရှင်လောကသို့ သွင်းပေးခဲ့ရာ အောင်မြင်နေကြောင်း၊ ဦးကျော်ဝင်းသည်လည်း အလားအလာ ရှိကြောင်းပြော၍ ဦးကျော်ဝင်းအား အမေရိကန်ပြည်ထောင်စုသို့ လိုက်ရန်ခေါ်လေသည်။ လုပ်ဖော်ကိုင်ဖက် ဝိုင်းတော်သားများက တား၍ မလိုက်ဖြစ်ခဲ့ပေ။

ဦးကျော်ဝင်းသည် စောဘုရင်ခံ ပြဇာတ်ကို နောက်ဆုံး ကပြခဲ့ပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးခဲ့သည်။ စစ်ကြိုခေတ်က ပထမဆုံး ရိုက်ကူးခဲ့သော သွေးတစ်စက် ဇာတ်ကားကို ပြန်လည်ရိုက်ကူးသည်။ မင်းသမီးမှာ အလှဘုရင်မ ခင်မြရင် ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အနုပညာနှင့် စက်မှု လက်မှုများ တိုးတက်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေး အကဲဖြတ်အဖွဲ့ကို ဖွဲ့ပြီး မြန်မာဇာတ်ကားများကို စစ်ဆေး၍ ပထမဆုံးအကြိမ် အကယ်ဒမီဆုများကို ချီးမြှင့်ခဲ့ရာ ၁၉၅၁ ခုနှစ်၌ ညွန့်မြန်မာ ရုပ်ရှင်အတွက် ဒါရိုက်တာ ရွှေဒုံးဘီအောင်ရိုက်ကူးသည့် မာလာရီ ဇာတ်ကားတွင် ပီပြင်ပြောင်မြောက်စွာ သရုပ် ဆောင်ခဲ့သော ရုပ်ရှင်မင်းသား ဦးကျော်ဝင်းအား ပထမဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို ချီးမြှင့်ခဲ့သည်။ ထို အချိန်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လိုက်မင်းသား နှင့် မင်းသမီးဆုဟူ၍ ဆုသုံးဆု ပေးခဲ့ရာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုများအဖြစ် ပထမ ချစ်သက်ဝေ(အေဝမ်း)၊ ဒုတိယ မယားနှင့်လူပျို(အောင်ဇေယျ)နှင့် တတိယ ချစ်၍ ခေါ်ရာ (ဗြိတိသျှဘားမား)တို့က ရရှိခဲ့ပြီး ရုပ်ရှင်အနုပညာသည် ဆုအတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဦးကျော်ဝင်းက မာလရီဇာတ်ကားဖြင့် ရရှိသည်။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ကြည်ကြည်ဌေးက ချစ်သက်ဝေ ကားအတွက် ရရှိခဲ့သည်။

မာလာရီဇာတ်ကားသည် ၁၉၅၁ ခုနှစ်တွင် ရိုက်ကူးပြီး ထိုနှစ်မှာပင် ရုံတင် ကပြခဲ့သော ကားဖြစ်သည်။ ခေါင်းဆောင် မင်းသမီးမှာ တင်တင်မူ ဖြစ်သည်။ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးဆိုသည့် အနှစ်သာရကို ဖော်ဆောင်သည် နိုင်ငံရေးနှင့် စစ်ရေးနောက်ခံကားဖြစ်သည်။ ထိုကားတွင် ဦးကျော်ဝင်းသည် အမျိုးသား နိုင်ငံရေးလှုပ်ရှားမှုနှင့် လွတ်လပ်ရေး ထိန်းသိမ်း ကာကွယ်ရေးကို ဆောင်ရွက်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ပင်ပင်ပန်းပန်း စွန့်စွန့်စားစား သရုပ်ဆောင်ခဲ့သည်။

၁၉၄၈ ခုနှစ်ကာလ၌ တင်တင် (တင်တင်မူ) သည် မုဒုံမယ်ရပြီး ရုပ်ရှင်လောကသို့ လင်နှင်အပျို ဇာတ်ကားဖြင့် ဝင်ရောက်ခဲ့ရာ ဦးကျော်ဝင်းနှင့် စတင်တွေ့ရှိပြီး ညာလက် ရုံး ဇာတ်ကားကို အတူတွဲရိုက်ကူးခဲ့ရာမှ မေတ္တာမျှကာ ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ ဦးကျော်ဝင်းနှင့် ဒေါ်တင်တင်မူ တို့သည် ၁၉၅၇ - ၅၉ ခုနှစ်တွင် မြတ်မော်ဦး ရုပ်ရှင် ကုမ္ပဏီကို စတင်တည်ထောင်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း ကို လုပ်ကိုင်ခဲ့သည်။ မြတ်မော်ဦး ကုမ္ပဏီမှနှင်းတွေဝေမှဖြင့် ဇာတ်ကားကို စတင်ရိုက်ကူးပြီး ၁၉၆၈ ခုနှစ်တွင် ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသည့် သံသာလေကမ်းတိုင် ဇာတ်ကားတွင် ဦးကျော်ဝင်းသည် ခေါင်းဆောင်ပါဝင်ကာ မေသစ်၊ တင်တင်မူ တို့နှင့် ရိုက်ကူးခဲ့သည်။

ဦးကျော်ဝင်းသည် အားလပ်သည့် အချိန်များတွင် ဘိလိယက်ထိုး အားကစားနည်းကို ကစားလေ့ရှိသည်။ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု ကလပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ဘိလိယက် ပြိုင်ပွဲတွင် ချန်ပီယံ(ပထမဆု)ကို ဆွတ်ခူးရရှိ ခဲ့သည်။

ဦးကျော်ဝင်းသည် ရုပ်ရှင်အနုပညာ ပြည့်ဝသော အဆင့်မြင့် ရုပ်ရှင်အနုပညာရှင်ကြီးဖြစ်သည်။ ဒါရိုက်တာ၏ ညွှန်ကြားမှုကို အလွယ်တကူနားလည်သဘောပေါက်ပြီး ပီပြင်အောင် သရုပ်ဆောင်နိုင်စွမ်းရှိကာ အချို့အခန်းများတွင် လိုချင်သည့် ပုံစံကိုပြောလိုက်ပါက ဇာတ်လမ်း ဇာတ်ကွက်နှင့် အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သည်ဟု ပြောစမှတ်ပြု ရသော ရုပ်ရှင်အနုပညာရှင် တစ်ယောက်ဖြစ်သည်။

ဦးကျော်ဝင်းသည် မကွယ်လွန်မီ အချိန်အထိ ရုပ်ရှင် ဇာတ်ကားပေါင်း ၅ဝ ကို ရိုက်ကူးခဲ့သည်။ ပထမဆုံး အကယ်ဒမီ (အမျိုးသား သရုပ်ဆောင်) ဆုရှင် မင်းသားကြီး ဦးကျော်ဝင်းသည် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ရုပ်ရှင်မင်သမီး အကယ်ဒမီကြီး ဒေါ်တင်တင်မူ နှင့် သမီးများဖြစ်ကြသော ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဒေစီကျော်ဝင်း နှင့် မေမီကျော်ဝင်းတို့ ကျန်ရစ်ခဲ့ကြသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)