ကိုရီးယားအဆင့်မြင့် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"အာရှထိပ်တန်း တ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၆:၂၉၊ ၁၇ စက်တင်ဘာ ၂၀၁၈ ရက်နေ့က မူ

အာရှထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ ကိုရီးယား အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (Korea Advanced Institute of Science and Technology - KAIST) ကို ၁၉၇၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန် စက်မှုနည်းပညာရှင်က အဓိက အကူအညီပေးရေး အစီအစဉ်နဲ့ တောင်ကိုရီးယားအစိုးရက ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတနိုင်ငံ စတင်တည်ထောင် ပြီးနောက် ဖွင့်လှစ်ခဲ့တဲ့ ပထမဦးဆုံးသော စက်မှုနှင့် နည်းပညာ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အာရှဒေသတွင်းမှာ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေတဲ့ တက္ကသိုလ်တစ်ခုဖြစ်ကာ တောင်ကိုရီးယားနိုင်ငံမှာတော့ နံပါတ် ၂ နေရာမှာ ရပ်တည်နေတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကို အတိုကောင်အားဖြင့် KAIST (ကိုက်စ်) လို့ ခေါ်ကြပါတယ်။

သမိုင်းကြောင်း

၁၉၇၁ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီးက တောင်ကိုရီးယားနိုင်ငံ စက်မှုဖွံ့ဖြိုးတိုးတက်ရေးများကို ပြုလုပ်ရန်အတွက် ကုလသမ္မဂ နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ် (USAID) မှ အမေရိကန်ဒေါ်လာ ၃၄ သန်းကို ချေးယူခဲ့ပြီးနောက် စက်မှုဖွံ့ဖြိုးတိုးတက်စေဖို့ အစီအစဉ်များကို ရေးဆွဲခဲ့ ပါတယ်။ အဲ့ဒီလိုရေးဆွဲရာမှာ အနာဂတ်မှာ စက်မှုပညာရှင်များစွာ ပေါ်ပေါက်လာရေးကို အဓိကဦးတည် ခဲ့တာကြောင့် စက်မှုလက်မှုသိပ္ပံကျောင်းကို စတင်တည်ထောင်ခဲ့ပါတယ်။

အဲ့ဒီလို တည်ထောင်ပြီးနောက် အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ ဒုတိယ အဓိပတိဖြစ်သူ ဖရက်ဒစ် အီး တာမန်း (Frederick E. Terman) နဲ့ ဘရွတ်ကလင်း စက်မှုအသက်မွေး သိပ္ပံကျောင်းမှ ဂျောင်ဂမ်မို တို့က စက်မှုသိပ္ပံကျောင်းအတွက် အဓိက သင်ကြားရေးအစီအစဉ်များကို ရေးဆွဲပေးခဲ့ကာ တောင်ကိုရီးယားနိုင်ငံ အတွက် အားထားရမဲ့ စက်မှုပညာရှင်ဘွဲ့ရများကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာ သုတေသနနဲ့ သင်ကြားရေး လေ့ကျင့်ရေး အစီအစဉ်များကို စတင်နိုင်ခဲ့ပေမဲ့ ၁၉၈၄ ခုနှစ်ရောက်မှ စက်မှုအင်ဂျင်နီယာ ဘွဲ့တွေကို ပေးအပ်နိုင်ခဲ့ပါတယ်။

အစောပိုင်းကာလတွေတုံးက KAIST (ကိုက်စ်) ဟာ စက်မှုလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ စက်မှုပညာရှင်များစွာ မွေးထုတ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ပညာရေးအစီအစဉ်ကို ရေးဆွဲခဲ့ပေမယ့် ၁၉၇၃ ခုနှစ်မှ စတင်ကာ စက်မှုလုပ်ငန်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ နည်းပညာနဲ့ အတွေးအခေါ်သစ်များ ပေါင်းစပ်တည်ထွင်နိုင်တဲ့ ပညာရှင်များပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ကာ သာမန်စက်မှုပညာရှင်များထက် အတွေးအခေါ်ကောင်းမွန်တဲ့ စက်မှုနည်းပညာရှင်များ မွေးထုတ်ပေး နိုင်ရေးကို အဓိကရည်ရွယ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ ကိုရီးယား နည်းပညာတက္ကသိုလ် (KIT) နဲ့ KAIST (ကိုက်စ်) တို့ပူးပေါင်းလိုက်ပြီး ယခင်ဖွင့်လှစ်ထားတဲ့ ဆိုးလ်မြို့မှ ဒေးဂျောင် (Daejeon) ဒေသတွင်ရှိသော ဒေးဒုတ် (Daedeok) စက်မှုမြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

၂၀ဝ၆ ခုနှစ် ဇူလိုင်လတွင် ကျောင်းအဓိပတိတာဝန်ကို လွဲယူခဲ့တဲ့ ဆပ် က KAIST (ကိုက်စ်) စက်မှုတက္ကသိုလ်ဖွံ့ဖြိုးရေး အစီအစဉ်ကိုရေးဆွဲခဲ့ပါတယ်။ ဒီအစီအစဉ်ကို KAIST (ကိုက်စ်) ၅နှစ်ဖွံ့ဖြိုးရေး စီမံကိန်းလို့ အမည်သတ်မှတ်ခဲ့ပြီး KAIST (ကိုက်စ်) ဟာ နောက်လာမဲ့ ၅ နှစ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်း စက်မှုတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရေးကို အဓိကရည်ရွယ် ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာတော့ ကိုရီးယားအဆင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (Korea Advanced Institute of Science and Technology) လို့ သတ်မှတ်နေရာမှ KAIST (ကိုက်စ်) ဆိုတဲ့ အတိုခေါက်နည်မည်ကိုပဲ တရားဝင်သုံးစွဲရန် သတ်မှတ်လိုက်ပါတယ်။

ပညာရေး

KAIST (ကိုက်စ်) က ကျင့်သုံးနေတဲ့ ပညာရေးစနစ်ကတော့ တမူထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ KAIST (ကိုက်စ်) ဟာ တောင်ကိုရီးယားအစိုးရရဲ့ အထောက်အပံ့ကို အပြည့်အဝရရှိတဲ့ သုတေသနအထူးပြု စက်မှုတက္ကသိုလ် ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် KAIST (ကိုက်စ်) မှာ ဘယ်လိုဘာသာရပ်မဆို သင်ကြားခွင့်ရတဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူကျောင်းသားတိုင်းဟာ နေ၊ စား စားရိတ်ငြိမ်း ပညာတော်သင်ဆုကို ရရှိကြပါတယ်။

ထူးခြားမှုအနေနဲ့ ပါရဂူဘွဲ့ကျောင်းသားများဟာ တောင်ကိုရီးယားနိုင်ငံတွင် ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်း စစ်မှုတာဝန် ၃နှစ် ထမ်းဆောင်ရမည်ဆိုတဲ့ အချက်မှ ကင်းလွတ်ခွင့်ရကာ စစ်မှုတာဝန် ထမ်းဆောင်စရာ မလိုပါဘူး။ နိုင်ငံတကာမှ ကျောင်းသားများကိုလည်း စားရိတ်ငြိမ်း ပညာတော်သင်ဆု ပေးအပ်လေ့ရှိပါတယ်။ သို့သော်လည်း တောင်ကိုရီးယား နိုင်ငံသားအများစုကိုသာ လက်ခံလေ့ရှိပါတယ်။

KAIST (ကိုက်စ်) ရဲ့ သင်ကြားရေး အစီအစဉ်ကတော့ အင်ဂျင်နီယာဘာသာရပ်များနှင့် သင်္ချာဘာသာရပ်ကိုသာ အထူးပြုသင်ကြားခြင်းပါ။ အခြား မည်သည့် ဘာသာရပ်ကိုမျှ သင်ကြားခြင်းမရှိသလို ဘာသာရပ်ဌာနခွဲများ အဖြစ် ဖွင့်လှစ်ထားခြင်းလည်း မရှိပါဘူး။ သင်ကြားတဲ့ ဘာသာရပ်များအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခြင်းလည်းဖြစ်ပါတယ်။

KAIST (ကိုက်စ်) ရဲ့ သင်ကြားရေး၊ လေ့ကျင့်ရေး အစီအစဉ်အားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး စက်မှုနည်းပညာဝန်ကြီးဌာနရဲ့ အဓိကလမ်းညွှန်မှုဖြင့် လုပ်ဆောင်ရပါတယ်။ ဘွဲ့ကြို သင်တန်းသားများဟာ နှစ်သက်တဲ့ ဘာသာရပ်များကို ရွေးချယ်ခွင့် သင်ယူခွင့်ရှိပါတယ်။ ဘွဲ့လွန်ဘွဲ့များဖြစ်တဲ့ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့များအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး သက်ဆိုင်ရာ ဘာသာရပ်အတွက် ထူးခြားတဲ့ စွမ်းဆောင်ရည်ရှိမှသာ ကျောင်းဝင်ခွင့်ရရှိကြပါတယ်။ အဆိုပါ ဘွဲ့များအတွက် နိုင်ငံတကာအသိအမှတ်ပြု ပညာရေးစာဆောင်များတွင် ဆောင်းပါးများ ပါဝင်ရေးသား နိုင်သူများကိုသာ အဓိကထားရွေးချယ်လေ့ရှိပါတယ်။

KAIST (ကိုက်စ်တ်) မှ ၁၉၇၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရကျောင်းသားပေါင်း ၁၃၇၅၀ဝ ခန့်ရှိပြီး မဟာဘွဲ့ရသူပေါင်း ၂၄၈၀ဝ ခန့်၊ ပါရဂူဘွဲ့ရပေါင်း ၉၈၇၉ ဦး အထိရှိပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် KAIST တွင် စာရင်းသွင်းခဲ့တဲ့ ကျောင်းသား ၁သောင်းကျော် အနက် ကျောင်းသား ၃၉၀ဝ ကျော်သာ ဘွဲ့ရရှိခဲ့ကြပါတယ်။ KAIST သို့ ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသားအမျာစုဟာ သိပ္ပံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၇၀ ကျော်မှ ကျောင်းသား ၆၀ဝ ာခန့်လည်း တက်ရောက်နေကြပါတယ်။

ဌာနနဲ့ ပရဝုဏ်များ

KAIST (ကိုက်စ်) မှာ လက်အောက်ခံကောလိပ် ၆ ခု၊ ကျောင်း ၂ ကျောင်းနဲ့ ဌာန ၃၃ ခုရှိတဲ့အပြင် တောင်ကိုရီးယားနိုင်ငံ အဆင့်မြင့်စက်မှုလေ့လာရေး (KIAS)၊ နိုင်ငံတော် နာနိုဖာ့ စင်တာ (NNFC) နဲ့ ကိုရီးယားသိပ္ပံအကယ်ဒမီ (KSA) စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများလည်းရှိပါတယ်။

KAIST ရဲ့ ကျောင်းပရဝုဏ်နှစ်ခုရှိပြီး တစ်ခုကတော့ ဒေးဂျောင်ဒေသတွင်ရှိကာ တစ်ခုကတော့ ဆိုးလ်မြို့တွင်ရှိပါတယ်။ တက္ကသိုလ်ရဲ့ သုတေသနစင်တာကတော့ ဒေးဂျောင်ပရိဝုဏ်ရှိ ဒေးဒုတ်စက်မှုမြို့တွင် တည်ရှိပါတယ်။ ဒေးဒုတ်စက်မှုမြို့တွင် ကီလိုမီတာ ၁၅၀ ကျယ်ဝန်းသော မြေတွင် စက်မှုသုတေသန အလုပ်ရုံပေါင်းများစွာ တည်ဆောက်ထားခြင်းလည်းဖြစ်ပါတယ်။

ဒေးဂျောင် ပရဝုဏ်တွင် စာသင်ခန်းမ၊ သုတေသနစင်တာများ စက်မှုလုပ်ငန်းအလုပ်ရုံများတည်ရှိပြီး ကျောင်းသားများအားလုံးဟာ ကျောင်းဝင်းထဲမှာပဲ အဆောင်နေစနစ်ကို ကျင့်သုံးရပါတယ်။ သို့သော်လည်း အိမ်ထောင်ရှိတဲ့ ကျောင်းသားများကတော့ ကျောင်းဝန်းပြင်ပမှာသာ နေထိုင်ရလေ့ရှိပါတယ်။

ဆိုးလ်မြို့ ကျောင်းပရိဝုဏ်တွင်တော့ စီးပွားရေးမဟာဌာနနှင့် သတင်းနည်းပညာစီမံခန့်ခွဲမှုဌာနတို့သာ ဖွင့်လှစ်ထားပါတယ်။ ဆိုးလ်မြို့ ကျောင်းပရိဝုဏ်မှာတော့ KAIST (ကိုက်စ်) ကျောင်းသားများရဲ့ တီထွင်ဖန်တီးမှုများကို လေ့လာနိုင်ရန်နှင့် နိုင်ငံတကာနှင့်ချိတ်ဆက်ရသော လုပ်ငန်းများကို အဓိကလုပ်ဆောင်လေ့ရှိပါတယ်။

KAIST (ကိုက်စ်) ဟာ အာရှဒေသတွင်းမှာ ထင်ရှားတဲ့ စက်မှုတက္ကသိုလ်အဖြစ်ရပ်တည်နေပြီး တောင်ကိုရီးယား အစိုးရရဲ့ အထောက်အပံ့ကို အဓိကရယူထားတဲ့ စက်မှုတက္ကသိုလ်ဖြစ်ကာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကမ္ဘာမှာ စက်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာစေဖို့ အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။