နန်ကျင်း တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"အာရှမှာ ထိပ်တန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၀၁၊ ၈ ဩဂုတ် ၂၀၁၇ ရက်နေ့က မူ

အာရှမှာ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နန်ကျင်းတက္ကသိုလ် (Nanjing University) ဟာ ချူမင်းဆက်ခေတ်ကတည်းက စတင်တည်ရှိခဲ့တဲ့ တက္ကသိုလ်ဖြစ်ပြီး အာရှနိုင်ငံများ ထဲမှာတော့ သက်တမ်းအရှည်ဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

NJU သို့မဟုတ် NU လို့ အတိုခေါက် ခေါ်လေ့ရှိကြတဲ့ နန်ကျင်းတက္ကသိုလ်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်ကျင်းပြည်နယ် အရှေ့မြောက်ဘက် ယန်ဇီမြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရှေးကျတဲ့ တက္ကသိုလ်တစ်ခုပါ။ ဒီတက္ကသိုလ်ဟာ တရုတ်နိုင်ငံမှာ ပထမဦးဆုံးပေါ်ပေါက်ခဲ့တဲ့ သုတေသန အထူးပြု တက္ကသိုလ် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

သမိုင်းကြောင်း

နန်ကျင်းတက္ကသိုလ်ရဲ့ သမိုင်းကြောင်းကတော့ ခရစ်နှစ် ၂၅၈ ခုနှစ် ချူမင်းဆက်ခေတ်မှာ ချူမင်းဆက်ရဲ့ ဘုရင်ဂျင်းက တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ပညာရှင်ဖြစ်တဲ့ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ် အယူအဆတွေကို သင်ယူနိုင်ဖို့အတွက် အခန်းပေါင်း ၁၅၅ခန်း ပါဝင်တဲ့ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ခဲ့စေခဲ့ခြင်းက နန်ကျင်းတက္ကသိုလ် အတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဘုရင်ဂျင်းဟာ ဒီကျောင်းတော်ကို သာမန်မိသားစုများထဲမှ ကျောင်းသားတစ်ယောက်ကျနှုန်းဖြင့် စာသင်ကြားခွင့်ပေးခဲ့ပြီး စာပေသင်ကြားခွင့်ရတဲ့သူဟာ နန်းတော်တွင် အမှုထမ်းခွင့်ကိုပါ ပေးခဲ့ပါတယ်။ အဆိုပါ နန်ကျင်းဘုရင့်ကျောင်းဟာ ဟန်မင်းဆက်ခေတ်အချိန်အထိ ရှိခဲ့ကာ တိုင်းပြည်အတွင်းမှာ အတော်ဆုံး ကျောင်းသားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းမှာ ထင်ရှားတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ခဲ့ပါတယ်။

ထိုစဉ်က အဓိက သင်ကြားပေးခဲ့တာကတော့ ကွန်ဖြူးရှပ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအတွေးအခေါ်နှင့် ကိုယ်ခံပညာတို့ပဲဖြစ်ပါတယ်။

ခရစ်နှစ် ၄၇၀သို့ ရောက်တဲ့အခါမှာတော့ နန်ကျင်းဘုရင့်တက္ကသိုလ်ဟာ ဘာသာရပ်ငါးခုကို စတင် သင်ကြားခဲ့ပါတယ်။ သင်ကြားတဲ့ ဘာသာရပ်တွေကတော့ စာပေ၊ သမိုင်း၊ ကွန်ဖြူးရှပ်လေ့လာရေး၊ ဇာန်လေ့လာရေးနှင့် ယင်ယန်းလေ့လာရေး စတာတွေကို သင်ကြားရုံသာမက သုတေသနတွေကိုလည်း ပြုလုပ်လာခဲ့ပါတယ်။

တက္ကသိုလ်အဓိပတိဖြစ်တဲ့ ဝမ်ဂျင် (Wang Jian) ဟာ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခဲ့ကြတဲ့ သိပ္ပံပညာများရှင်များကိုလည်း တက္ကသိုလ်တွင် လာရောက်ပညာသင်စေခဲ့ပြီး အစဉ်အလာအတွေးအခေါ်များနှင့် သိပ္ပံပညာတို့ကို အတူပူးတွဲ လေ့လာစေပြီး တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ နန်ကျင်း ဘုရင့်ကျောင်းက တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ခြင်းပါ။

၁၃၈၁ခုနှစ်ကို ရောက်တဲ့အခါမှာတော့ နန်ကျင်းဘုရင့်တက္ကသိုလ်မှနေပြီး Imperial Central University လို့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ တက္ကသိုလ် ပရဝုဏ်ကိုလည်း တိုးချဲ့ခဲ့ပြီးနောက် အခြေခံကောလိပ်၃ကျောင်း ကိုလည်း တိုးချဲ့ခဲ့ပါတယ်။ သင်ကြားတဲ့ ဘာသာရပ်တွေမှာလည်း သမိုင်း၊ စာပေ၊ သင်္ချာ၊ ဥပဒေ၊ လက်ရေးလက်သား၊ ဗိသုကာပညာရပ်များကိုလည်း သင်ကြားခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှ ကျောင်းသားပေါင်း ၉ထောင်ကျော်ကို ရွေးချယ်လက်ခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယခင်နာမည်ဟောင်းဖြစ်တဲ့ နန်ကျင်းဘုရင့်တက္ကသိုလ် နာမည်ကိုပဲ ပြန်လည်ခေါ်ဝေါ်ခဲ့ပါတယ်။

နန်ကျင်းတက္ကသိုလ်ဟာ ချူခေတ်၊ ဟန်ခေတ်တလျှောက်လုံးမှာ အောင်မြင်တဲ့ တက္ကသိုလ်ဖြစ်ခဲ့ကာ တက္ကသိုလ်ရဲ့ သင်ကြားရေး၊ အုပ်ချုပ်ရေးများကို တက္ကသိုလ်အဓိပတိနှင့် ဌာနမှူးများက အဓိကတာဝန်ယူဆောင်ရွက်ခဲ့တဲ့ လွတ်လပ်တဲ့ တက္ကသိုလ်တစ်ခုဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

၁၉၀၂ခုနှစ်ကို ရောက်တဲ့အခါမှာတော့ ဂျပန်နိုင်ငံရဲ့ သင်ကြားမှုနည်းစနစ်များကို ကိုးကားပြုပြီး ယခင်ကရှိတဲ့ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲကာ နန်ကျင်းအကယ်ဒမီကျောင်း (School of Nanjing Academy) ဆိုကာ ခေတ်မီတဲ့ တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ တက္ကသိုလ်အဓိပတိ လီ ကွီဇင်း (Li Ruiqing) က တရုတ်နိုင်ငံမှာ ပထမဦးဆုံးသော ခေတ်သစ်အနုပညာဌာနကို တည်ထောင်ခဲ့ပါတယ်။

၁၉၁၅ခုနှစ်နောက်ပိုင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်လာပြီးနောက်ပိုင်းမှာတော့ နန်ကျင်းတက္ကသိုလ်ဟာ ပိုမိုခိုင်မာတဲ့ တက္ကသိုလ်တစ်ခုဖြစ်လာခဲ့ပြီး သဘာဝသိပ္ပံဆိုင်ရာ ဘာသာရပ်များကို သင်ကြားနိုင်လာခဲ့ပါတယ်။

အနောက်ဥရောပနိုင်ငံများတွင် သိပ္ပံပညာသင်ကြားခဲ့ကြသော ပညာရှင်များက နန်ကျင်းတက္ကသိုလ်တွင် လာရောက် အမှုထမ်းသောအခါမှာ နန်ကျင်းတက္ကသိုလ်ဟာ ပိုမိုတောင့်တင်းခိုင်မာသော တက္ကသိုလ်အဖြစ် ၁၉ရာစု တရုတ်နိုင်ငံမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

၁၉၂၂ခုနှစ်မှာတော နန်ကျင်းတက္ကသိုလ်မှာ အရှေ့တိုင်းပညာရေးစင်တာ (Oriental Education Centre) ကိုဖွင့်လှစ်ခဲ့ကာ အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုနှင့် အတွေးအခေါ် ဖလှယ်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကာ ပညာရှင်များ၊ ပညာတော်သင်များစွာလာရောက်ခဲ့ကြပါတယ်။

လာရောက်ကြတဲ့ ပညာရှင်တွေထဲမှာတော့ အမေရိကန်အတွေးအခေါ်ပညာရှင် ဂျွန်ဂျူဝီ (John Dewey)၊ ဗြိတိသျှ အတွေးအခေါ်ပညာရှင် ဘာထရန် ရပ်ဆဲလ် (Bertrand Russell)၊ ဂျာမန် အတွေးခေါ်ပညာရှင် ဟန့် ဒါအစ် (Hans Driesch)၊ အိန္ဒိယ ကဗျာဆရာ ရာဘင်ဒြာ နတ်တဂိုး (Rabindranath Tagore) တို့ပဲဖြစ်ပါတယ်။

တရုတ်- ဂျပန်စစ်ပွဲအတွင်းမှာ နန်ကျင်းတက္ကသိုလ်ကို ချောင်ဒူ ဒေသသို့ ပြောင်းရွေ့ခဲ့သော်လည်း ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သိပ္ပံနည်းပညာကျောင်းတို့ကို တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၄၉ခုနှစ်မှာ တရုတ်နိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ CPC တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ကာ သင်ကြားရေးများကို အရှိန်မပြတ်လည်ပတ်နိုင် ခဲ့ပါတယ်။

၁၉၇၆ခုနှစ်မှာတော့ တရုတ်နိုင်ငံသမိုင်းမှာ အထင်အရှားဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို နန်ကျင်းတက္ကသိုလ်မှ စတင်ခဲ့ကာ တက္ကသိုလ်ကောင်စီဘုတ်အဖွဲ့ဝင် ဆရာများအပါအဝင် ကျောင်းသားများက ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၇၈ခုနှစ်မှာတော့ နန်ကျင်းတက္ကသိုလ် ဒဿနိကဗေဒဌာနမှ ဘုတ်အဖွဲ့ဝင်ဆရာတစ်ဦးဖြစ်တဲ့ ဟူ ဖူမင်း (Hu Fuming) က Debate on Standards for Judging the Truth ဆိုတဲ့ စာတမ်းကို တနိုင်ငံလုံးတွင် ရေးသားထုတ်ဝေဖြန့်ချိခဲ့ရာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးကို လက်ခံခဲ့ကာ လွတ်လပ်သော အတွေးအခေါ်များ နေရာယူနိုင်ခဲ့ပါတယ်။

၁၉၇၈ခုနှစ်မှာတော့ ယဉ်ကျေးမှုတော်လှန်ရေးအဆုံးသတ်ခဲ့ကာ နန်ကျင်းတက္ကသိုလ်တွင် ယခင်က ဖွင့်လှစ်ခဲ့ဖူးသော ဆေးသိပ္ပံ အပြင် အခြားသော မဟာဌာနများကို ပြန်လည်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပါတယ်။

၂၀ဝ၉ခုနှစ်မှာ နန်ကျင်းဆေးတက္ကသိုလ်အဖြစ် ဇန်လင်း ပရဝုဏ် (Xianlin Campus) သို့ပြောင်းရွေ့ခဲ့ပါတယ်။

ဌာနများ

သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ဝခန့် ရှိနေပြီဖြစ်တဲ့ နန်ကျင်းတက္ကသိုလ်ဟာ ကျောင်း ၁၉ကျောင်း၊ မဟာဌာန (၄)ခု၊ အင်စတီကျူ့(၄)ခု တို့အပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် တွဲဖက်ဖွင့်လှစ်ထားတဲ့ တရုတ်- အမေရိကန် လေ့လာရေးစင်တာ (Hopkins-Nanjing Center) တို့ရှိပါတယ်။

နန်ကျင်းတက္ကသိုလ်ရဲ့ ကျောင်းပရဝုဏ်ဟာ နန်ကျင်းမြို့အလယ်တွင်တည်ရှိပြီး အဓိကကျောင်းပရဝုဏ် ၂ပိုင်းကွဲနေပါတယ်။ မြောက်ပိုင်း ဥယျာဉ်ဒေသကတော့ ဟန်ကု လမ်းမကြီး (Hankou Road) အပါအဝင် စာသင်ကြားတဲ့ ခန်းမများနှင့် သုတေသန စင်တာများ တည်ရှိပါတယ်။ တောင်ပိုင်း ဥယျာဉ်ဒေသမှာတော့ ကျောင်းသားများရဲ့ အိပ်ဆောင်များနှင့် ကျောင်းဝန်ထမ်းများရဲ့ အိပ်ဆောင်များ တည်ရှိပါတယ်။ နန်ကျင်းတက္ကသိုလ်ဟာ ယန်ဇီမြစ်ကမ်းဘေးမှာရှိသလို ကျူဇန် တောင်၊ ကျူပါးတောင်စတဲ့ သဘာဝ ပတ်ဝန်းကျင် အားဖြင့်လည်း လှပတဲ့ နေရာတစ်ခုပါ။

နန်ကျင်းတက္ကသိုလ်ဟာ သက်တမ်းအားဖြင့်လည်း ကြာရှည်ခဲ့သလို နေရာဒေသအားဖြင့်လည်း နေရာပေါင်းများစွာကို ပြောင်းရွေ့ခဲ့ရတဲ့ တက္ကသိုလ်ကြီးပါ။ သို့သော်လည်း သက်တမ်းကြာတဲ့အမျှ ကျောင်းပိုင် စာအုပ် စာတမ်းများ၊ မှတ်တမ်းများဟာလည်း သမိုင်းသုတေသန လေ့လာရေးအတွက် များစွာအထောက်အပံ့ဖြစ်စေပါတယ်။

ချူမင်းဆက်ခေတ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတော်ကြီးဖြစ်ပေမဲ့ တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီ ယှဉ်ဘောင်တန်းနိုင်တဲ့ တက္ကသိုလ်အဖြစ်ရပ်တည်ခဲ့တာက ၁၉၀၂ခုနှစ် ရောက်မှဖြစ်တာကြောင့် တက္ကသိုလ်စတင်တည်ထောင်မှုကို မေလ ၂၀ရက်နေ့ ၁၉၀၂ခုနှစ်လို့ သတ်မှတ်ထားကြပါတယ်။

အဆင့်သတ်မှတ်ချက်

ပညာရေးအဆင့်သတ်မှတ်အရ တရုတ်နိုင်ငံမှာ နံပါတ် ၂နေရာမှာ ရပ်တည်နိုင်ပြီး အာရှဒေသတွင်းမှာတော့ နံပါတ် ၄နေရာမှာ ရပ်တည်နေသလို အာရှပစိဖိတ်ဒေသတွင်းမှာတော့ နံပါတ် ၂၃နေရာမှာ ရပ်တည်နိုင်တဲ့ တက္ကသိုလ်ကြီးပါ။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ သဘာဝသိပ္ပံလေ့လာရေးမှာ ၇၈နေရာမှာ ရပ်တည်နိုင်ပါတယ်။

နိုင်ငံတကာ

အနောက်တိုင်းစာပေနဲ့ အတွေးအခေါ်လေ့လာရေးအတွက် ပထမဦးဆုံး စတင်ဖွင့်လှစ်နိုင်တဲ့ တက္ကသိုလ်ဖြစ်ကာ ဘာသာစကားအားဖြင့်လည်း အင်္ဂလိပ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား၊ ဂျာမန်ဘာသာစကား သင်ကြားရေးဌာနများကို တရုတ်နိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ နိုင်ငံတကာမှ ကျောင်းသားများစွာကို လက်ခံသင်ကြားပေးနေပြီး နိုင်ငံပေါင်း ၆၁နိုင်ငံမှ ကျောင်းသားများ လာရောက်သင်ကြားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှ ပညာရှင်ပေါင်းများစွာကလည်း လာရောက်ပို့ချနေပါတယ်။

၂၀၁၄ခုနှစ်မှာ နိုင်ငံတကာမှ ကျောင်းသားပေါင်း ၃ထောင်၆ရာကျော်ရှိပြီး အာရှဒေသမှ ၄၀%၊ ဥရောပနိုင်ငံများမှ ၄၀%၊ အမေရိကန်မှ ၂၀% အထိရှိပါတယ်။

ထင်ရှားသူများ

နန်ကျင်းတက္ကသိုလ်မှ ကျောင်းသားဟောင်းတွေထဲမှာ တရုတ်နိုင်ငံရဲ့ ခေတ်သစ် သိပ္ပံစွန့်ဦးတီထွင်ပညာရှင် ဝိုင် အိပ်ဂျ် ဝူး (Y. H. Woo)၊ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရူပဒေအမျိုးသမီး ပညာရှင်ဖြစ်တဲ့ ချန်ရှိအန်ဝူ (Chien-Shiung Wu)၊ တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်စနစ်ကို တည်ထောင်ခဲ့သူ ဆု ပို ယန် (Hsu Po-Yuan)၊ စင်ကာပူနိုင်ငံ စက်မှုလုပ်ငန်းကို တည်ထောင်ခဲ့သူ တန် အိ ဖန် (Tang I-Fang)၊ ဟောင်ကောင် ရုပ်ရှင်ငန်း တည်ထောင်သူ ချောင် ချန်း (Chang Cheh)၊ တရုတ်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးသမား ဂေါင်ကန် (Guo Quan) တို့ပါဝင်ပါတယ်။