လက်ပတွန်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
လက်ပတွန် ကို ဖန်တီးနေသည်
(ကွဲပြားမှု မရှိ)

၀၆:၃၉၊ ၂၂ ဧပြီ ၂၀၁၆ ရက်နေ့က မူ

လက်ပတွန်သည် ကိန်းပြည့်ဝက်စပင် ရှိသော အခြေခံအမှုန်အမျိုးအစားဖြစ်ပြီး အားပြင်းများဖြင့် အပြန်အလှန်သက်ရောက်မှုမရှိပါ။ လက်ပတွန်များကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ လျှပ်စစ်ဓါတ်ဆောင် လက်ပတွန်များနှင့် လျှပ်စစ်ဓါတ်မဲ့ လက်ပတွန်များ(နျူထရီနိုများ)ဖြစ်သည်။ လျှပ်စစ်ဓါတ်ဆောင် လက်ပတွန်များသည်အခြားအမှုန်များဖြင့် ပေါင်းစပ်၍ အက်တမ်နှင့် ပိုစီထရိုနီယမ်ကဲ့သို့ ဖွဲ့စည်းအမှုန်များ ဖြစ်ပေါ်နိုင်သည်။ သို့သော် နျူထရီနိုများသည် အခြားအရာများဖြင့် အပြန်အလှန်သက်ရောက်မှု နည်းသည်။ လူသိအများဆုံးသော လက်ပတွန်မှာ အီလက်ထရွန်ဖြစ်သည်။

လက်ပတွန်တွင် မျိုးအစား(ရနံ့) ခြောက်မျိုးရှိပြီး မျိုးဆက် ၃ ခုခွဲခြားထားသည်။ ပထမမျိုးဆက်မှာ အီလက်ထရွန်နွယ်လက်ပတွန်များ ဖြစ်ပြီး အီလက်ထရွန်နှင့် အီလက်ထရွန်နျူထရီနို တို့ပါဝင်သည်။ ဒုတိယမှာ မျူယွန်နွယ်လက်ပတွန်များ ဖြစ်ပြီး မျူယွန်နှင့် မျူယွန်နျူထရီနိုတို့ ပါဝင်သည်။ တတိယမျိုးဆက်မှာ တောနွယ်ဝင်လက်ပတွန်များဖြစ်ပြီး တောနှင့် တောနျူထရီနို တို့ပါဝင်သည်။ လျှပ်စစ်ဓါတ်ဆောင် လက်ပတွန်များတွင် အီလက်ထရွန်သည် ဒြပ်ထုအနည်းဆုံးဖြစ်သည်။ ပိုမိုလေးလံသည့် မျူယွန်နှင့် တော အမှုန်များသည် အမှုန်ပြိုကွဲမှုဖြစ်စဉ်မှတဆင့် အီလက်ထရွန်နှင့် နျူထရီနိုများအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားကြသည်။ ထို့ကြောင့် အီလက်ထရွန်များသည် ငြိမ်မှုရှိပြီး စကြာဝဠာအတွင်း အတွေ့ရအများဆုံးသော လျှပ်စစ်ဓါတ်ဆောင် လက်ပတွန်ဖြစ်သည်။ မျူယွန်နှင့် တော အမှုန်များကိုမူ (အာကာသရောင်ခြည်များရိုက်ခတ်ခြင်း၊ အမှုန်အရှိန်မြှင့်စက်များ စသည့်) စွမ်းအင်မြင့် ထိမှန်မှုများတွင်သာ တွေ့ရှိရသည်။

လက်ပတွန်များ၏ သဘာဝဂုဏ်သတ္တိများမှာ လျှပ်စစ်ဓါတ်စပင်နှင့် ဒြပ်ထု တို့ဖြစ်သည်။ လက်ပတွန်များသည့် ကွာ့ခ်များကဲ့သို့ အားပြင်းအပြန်အလှန်သက်ရောက်မှု မရှိပါ။ သို့သော်လည်း အခြေခံအပြန်အလှန်သက်ရောက်မှုများဖြစ်သော ဒြပ်ဆွဲအား၊ (လျှပ်စစ်ဓါတ်ဆောင် လက်ပတွန်များဆိုလျှင်) လျှပ်စစ်သံလိုက်အားနှင့် နျူကလီးယားအားပျော့များဖြင့် အပြန်အလှန်သက်ရောက်မှု ရှိကြသည်။

လက်ပတွန် ရနံ့ တစ်ခုခြင်းစီတွင် သက်ဆိုင်ရာ ဆန့်ကျင်အမှုန်များ ရှိကြပြီး ဆန့်ကျင်လက်ပတွန်များ ဟုခေါ်သည်။ ဆန့်ကျင်လက်ပတွန်များသည် သက်ဆိုင်ရာလက်ပတွန်များဖြင့် နှုတ်လက္ခဏာဆောင်ပမာဏရှိသည့် တူညီသောဂုဏ်သတ္တိများ ရှိကြသည်။ အချို့သော သီအိုရီများအရ နျူထရီနိုများတွင် ဆန့်ကျင်အမှုန်မရှိဟုဆိုသည်။ သို့သော်လည်း မည်သည့်အဆိုက မှန်ကန်သည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။

လက်ပတွန်များသည် စံပြုရူပဗေဒမော်ဒယ်တွင် အရေးပါသော အမှုန်များဖြစ်သည်။ အီလက်ထရွန်များသည် ပရိုတွန်နှင့် နျူထရွန်များနှင့်အတူ အက်တမ်များကို ဖွဲ့စည်းထားသော အမှုန်များဖြစ်သည်။ အက်တမ်များတွင် အီလက်ထရွန်များအစား မျူယွန်သို့မဟုတ် တောအမှုန်များဖြင့် အစားထိုးခြင်းဖြင့် ထူးခြားအက်တမ်များကို ဖန်တီးပြုလုပ်နိုင်သည်။ လက်ပတွန်-ဆန့်ကျင်လက်ပတွန် စုံတွဲဖြင့်လည်း ပိုစီထရွန်နီယမ် ဟူသော ထူးခြားအက်တမ်ကို ဖန်တီးနိုင်သည်။ ထူးခြားအက်တမ်များသည် သဘာဝအတိုင်း မတည်ရှိနိုင်ဘဲ အချိန်တိုအတွင်း ပြိုကွဲသွားလေ့ရှိသည်။