စွယ်စုံကျမ်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - min:Ensiklopedia
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - hif:Encyclopedia
စာကြောင်း ၅၅၅ - စာကြောင်း ၅၅၅ -
[[he:אנציקלופדיה]]
[[he:אנציקלופדיה]]
[[hi:विश्वज्ञानकोष]]
[[hi:विश्वज्ञानकोष]]
[[hif:Encyclopedia]]
[[hr:Enciklopedija]]
[[hr:Enciklopedija]]
[[hsb:Encyklopedija]]
[[hsb:Encyklopedija]]

၁၇:၀၀၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

၁၉၀၂ ခုနှစ် ထုတ်ဝေသော Brockhaus Konversations-Lexicon

စွယ်စုံကျမ်း

စွယ်စုံကျမ်းဆိုသည်မှာ အားလုံးသောဘာသာရပ်များကို ဖော်ပြရှင်းလင်းထားသော စာအုပ်အစုအဝေး တစ်ခုဖြစ်သည်။ အက္ခရာစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားသည်။ အေဒီ ၁ ရာစုမှ ဖလင်းနီးဆိုသူ ရောမမြို့သား ရေးသားခဲ့သော သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးသည် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကြသည်။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ အတွဲပေါင်း (၅၀၂၀)ပါဝင်သော အကြီးမားဆုံး စွယ်စုံကျမ်းကြီးမှာ တတိယအကြိမ် ပြုစုထားသော တရုပ်စွယ်စုံကျမ်းကြီး ဖြစ်သည်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားသော စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဓမ္မဆရာတစ်ဦး ဖြစ်သော ဂျွန်ဟာရစ်က ရေးသားခဲ့သည်။ စွယ်စုံကျမ်း အမည်မှာ တစ်လောကလုံးဆိုင်ရာ ဝိဇ္ဇာနှင့် သိပ္ပံ အင်္ဂလိပ် အဘိဓာန် ဖြစ်သည်။[၁]


လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှေးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်သောကျမ်းကို စွယ်စုံကျမ်းဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြသည့်နည်းတူ ယခု ခေတ်တွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်သော အင်္ဂလိပ်ဘာသာဖြင့် 'အင်စိုင်ကလိုပီးဒီးယား'ဟူသည့် ကျမ်းမျိုး ကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။ စွယ်စုံကျမ်း ဂန္ထဝင်မှအစ၊ ယခုမြန်မာ့စွယ်စုံကျမ်းအပါအဝင် ဘာသာစကားအမျိုးမျိုးဖြင့် ပြုစုခဲ့ကြသော ကမ္ဘာ့စွယ်စုံကျမ်း အကြောင်း သိမှတ်ဖွယ်ရာတို့ကို ဖတ်ရှုလေ့လာနိုင်စေအံ့ငှာ တင်ပြအပ်ပါသည်။


ဗဟုသုတ အမျိုးမျိုးတို့ကို ဗဟုသုတရှာမှီးသူတို့ လွယ် လင့်တကူ ရှာဖွေဖတ်ရှု၍ အကိုးအကား ပြုနိုင်ကြစေခြင်းငှာ စုဆောင်းရေးသား ပြုစုထားသောကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် 'အင်စိုင်ကလိုပီးဒီးယား'ဟု ခေါ်လေသည်။ လူတို့သည် မိမိနှင့် တကွ မိမိပတ်ဝန်းကျင်ကို သိလိုသောဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာ တို့ကို ရှာဖွေစူးစမ်း၍ စာများကို ရေးသားကြလေသည်။ ဤ သည်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် လူတို့သိလိုသော ဗဟုသုတအချက်အလက်တို့ကို အလွယ်တကူ ရှာဖွေရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဗဟုသုတအမျိုးမျိုးနှင့် ဆိုင်ရာ အချက်အလက်များကို စုဆောင်း၍၊ လူတို့ လွယ်လင့် တကူဖတ်ရှု ကိုးကားနိုင်ကြစေရန် စွယ်စုံကျမ်းဟူသည်ကို ပြုစု ကြရသည်။ စွယ်စုံကျမ်းသည် လူ တိရစ္ဆာန် အရာဝတ္ထုတို့နှင့် တကွ ယင်းတို့တည်ရှိရာ နေရာဒေသအကြောင်းတို့ကို ဖော်ပြ ပေးသည်။ ထို့ကြောင့် စွယ်စုံကျမ်း၏ အခြေခံသဘောကား လူတို့က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ မေးလိုက်သော မေးခွန်းတို့ကို အဖြေရှာပေးရသည့် သဘောပင်ဖြစ်၏။

စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း

'အင်စိုင်ကလိုပီးဒီးယား'ဟူသော စကားသည် ဂရိဘာသာ စကားမှ ဆင်းသက်လာ၍၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို သင် ကြားပေးခြင်းဟူသော အနက်အဓိပ္ပါယ်ရှိသည်။ ဤသဘော သည် ပညာဗဟုသုတအရာ၌ နှစ်ဖက်စွယ်စုံ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ မြန်မာ့ဂန္ထဝင်တွင် ကျည်းကန်ရွာ၌ သီတင်းသုံးသော အရှင်နန္ဒဓဇ သာမဏေသည် သက္ကရာဇ် ၁၁၅၈ခု နှစ်တွင် ပုစ္ဆာပေါင်းတစ်ထောင့်တစ်ရာပါဝင်သော စွယ်စုံကျော်ထင်အမည်ရှိ ပုစ္ဆာကျမ်းကို ပြုစုခဲ့သည်။ ထိုပုဂ္ဂိုလ် မှာ ကျည်းကန်ရှင်ကြီးဟု တွင်၏။ ( ကျည်းကန်ရှင်ကြီး။)


ဤသို့ရေးသားရာ၌ ဆရာတော်ဘုရားသည် 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာာဏ်စွယ်စုံ ဖြစ်စေခြင်းငှာ'ဟူ၍ ရည်ရွယ်ချက်ကို ပြဆိုခဲ့သည်။ ထိုပြဆိုခဲ့သော ရည်ရွယ်ချက်အတိုင်း စွယ်စုံ ကျော်ထင်ကျမ်းမှာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတ တို့ဖြင့် ပြည့်ဝလျက်ရှိပေသည်။ ရှေးရိုးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်းတို့၌ စွယ်စုံဗဟုသုတရှိအောင် ရည်ရွယ်ချက်ထားကြဘိသကဲ့သို့ အနောက်နိုင်ငံတွင်ရှိသော ဗဟုသုတလီုလားသူ ပညာရှင်တို့သည်လည်း သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ၌ စွယ်စုံဗဟုသုတရှိရန် ရည်ရွယ်ကြလေသည်။ ယခုခေတ်မြန်မာနိုင်ငံရှိ ဗဟုသုတရှာမှီးလိုသော ပုဂ္ဂိုလ်တို့သည် လည်း အနောက်တိုင်း နိုင်ငံသားတို့နှင့် အလားတူသိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များနှင့်ဆိုင်ရာ ဗဟုသုတအချက်အလက်ကို လေ့လာ ရှာမှီးလိုကြပေသည်။ ထို့ကြောင့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံ ခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခဲ့သည်ကို အစွဲပြု၍၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်း၏ သဘောကိုယူပြီးလျှင်၊ 'အင်စိုင်ကလိုပီးဒီးယား' ဟူသော ကျမ်းမျိုးကို မြန်မာဘာသာ ဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။

စွယ်စုံကျမ်းဂန္ထဝင်

အနောက်နိုင်ငံသားတို့၏ အဆို၌၊ လောက၌ရှိသော ဗဟု သုတအရပ်ရပ်တို့ကို ကျမ်းစဉ်များဖြင့် ပထမဦးစွာရေးသားပြုစု သူမှာ အယ်ရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ဖြစ်သည်ဟု ဆို သည်။ အယ်ရစ္စတိုတယ်ကို အနောက်တိုင်းသားတို့က 'စွယ်စုံ ကျမ်းတို့၏ဖခင်' ဟုသမုတ်ကြသည်။ ( အယ်ရစ္စတိုတယ်။)

သို့ရာတွင် ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ် နိုင်ငံ၌ ပြုစုကြသည်ဟု တရုတ်ယဉ်ကျေးမှု သုတေသီ ပုဂ္ဂိုလ် တို့က ဆိုကြသည်၊ အချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုသည်ဟုပင်ဆိုကြသေး၏။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ် ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော အဆိုပါစွယ်စုံကျမ်းမှာ ရှေးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ယနေ့တိုင်ထင်ရှားလျက်ရှိ သည်။ ယင်းကျမ်းတွင် ရှေးပညာရှိများ ပြုစုထားသော စာပေ များမှ ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်တို့ကို ထုတ်နုတ်၍ စုပေါင်းရေးသားပြုစုထားသည်။ ထိုခေတ်အခါလောက် တွင်ပင် အိန္ဒိယပြည်၌ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့သည်။ ယင်းကျမ်း တို့မှာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလေသည်။ ဘီစိီ ၁ဝဝဝ ခေတ်မတိုင်မီ ပေါ်ပေါက်သည်ဟု ပညာရှင်တို့ခန့်မှန်း ကြသည်။ ထိုဗေဒကျမ်းတို့တွင် ယဇ်ပူဇော်နည်း အကြောင်းများ သာမက၊ ရှေးဂီတများနှင့် ထိုခေတ်က ထွန်းကားလျက်ရှိသော အယူအဆများလည်း ပါဝင်သည်။ ဗေဒကျမ်းတို့သည် လောက ကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းများဖြစ်၏။ ယခင် ကဆိုခဲ့သော အယ်ရစ္စတိုတယ်၏ စွယ်စုံကျမ်း၌မူ အာကာသ ကြောင်း၊ မိုးလေဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစသည့် သုတေသနပြုထားသော အချက် အလက်တို့ ပါဝင်ကြသည်။

လက်တင်ဘာသာစွယ်စုံကျမ်းများ

ထို့နောက်၌ကား၊ ဘီစီ ၃ဝ ခန့်တွင် မားကပ် တယ်ရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ ပါဝင်သော စွယ်စုံကျမ်းကို အတွဲ၉တွဲဖြင့် ရေးသားစီရင်ခဲ့ သည်။ အေဒီ၇ဝခုနှစ်ခန့်တွင် ပလင်နီသည် 'သဘာဝသမိုင်း' အမည်ရှိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းတို့ဖြင့် ရေးသားခဲ့သည်။ ၅ ရာစုအတွင်းတွင် မာတီယာနပ် ကပဲလားသည် စာသင်သားတို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့၍ စီရင်ခဲ့သည်။ ထိုကျမ်း၌ သဒ္ဒါနည်းမှစ၍၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်တို့ပါဝင်သည်။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြား တွင် အိဇီဒို အမည်ရှိသော ခရစ်ယန်ဘုန်းတော်ကြီးသည် ဗဟု သုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ် တို့က မှီးယူကြရသည်။ ထို့နောက်၌လည်း ခရစ်ယန်ဘုန်းတော် ကြီးနှင့် လူပုဂ္ဂိုလ်များသည် စွယ်စုံကျမ်း သဘောသက်ရောက် သည့် ကျမ်းအမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည်။ သို့သော် ထိုကျမ်း များမှာ များသောအားဖြင့် လက်တင်ဘာသာနှင့်သာရှိသည်။

တစ်ခါတစ်ရံ ဂရိဘာသာဖြင့် ရေးသားသော ကျမ်းများပေါ် ပေါက်ခဲ့သည်။ သို့သော် အကြောင်းရပ်ဟူသမျှတို့ကို စနစ် တကျ အခန်းပိုင်းခြား၍ ရေးသားထားသည်မဟုတ်ချေ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ရောက်သောအခါမှ၊ ဗင်းဆင့်ဆိုသူသည် 'ကြေးမုံပြင်ကြီး'ဟူသော ကျမ်းကို စနစ်တကျအခန်းခွဲ၍၊ လက် တင်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပအလယ်ခေတ်၌ ထွက် ပေါ်လာသော စွယ်စုံကျမ်းတို့မှာ လက်တင်ဘာသာဖြင့်သာ များပေသည်။ ( လက်တင်ဘာသာနှင့်စာပေ ။)

စွယ်စုံကျမ်းစီစဉ်ပုံများ

ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြု၍ စွယ်စုံကျမ်း၌ ဗဟုသုတ အချက်အလက်တို့ကို အစီအစဉ်ဖြင့် စနစ် တကျရေးသားသည့် နည်းနိဿယတို့သည် တိုးတက်ကောင်းမွန်လာခဲ့သည်။ ပမာ အားဖြင့်၊ ၁၄၈၁ ခုနှစ်တွင် ကက္ကစတန်ထုတ်ဝေသော စွယ်စုံ ကျမ်းမှာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်သည်။ စွယ်စုံကျမ်းတွင် ရုပ်ပုံများထည့်သွင်းလာသည်မှာ ဤကျမ်းသည် ပထမဖြစ်သည်ဟုဆိုရမည်။ သို့သော် ၁၅၄၁ ခုနှစ်တွင် ဆွစ်ဇာ လန်ပြည် ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဟူသော အသုံး အနှုန်းကို ပထမတွေ့ရသည်။ ၁၅ဝ၆ ခုနှစ်တွင် အီတလီ၌ ထုတ်ဝေသော ရက်ဖာအယ်လီ မတ်ဖဲ၏ စွယ်စုံကျမ်း၌ လူပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် အညွန်းစနစ်တို့ကို ပထမဦးစွာ တွေ့ရသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမှာ ဗဟုသုတ အဝဝတို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲ၍ပြဆိုရာတွင် ပထမဟုဆိုကြသည်။ ၁၇ဝ၄ ခုနှစ်၌ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနှင့် သိပ္ပံစွယ်စုံကျမ်း၌ ကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနှင့် ညွှန်းသည့်အပြင်၊ ကျမ်းကိုးစာရင်းကိုလည်း ပြဆို၍၊ တတ်ကျွမ်းသူ ပညာရှင်တို့ ကိုယ်တိုင်ရေးသားပေးသော စာကိုယ်များပါဝင်လေသည်။ ၁၇ဝ၄ ခုနှစ်၌ပင် ဂျာမနီနိုင်ငံ၌ ပေါ်ပေါက်သော စွယ်စုံကျမ်း မှာကား၊ အကြောင်းရပ်တို့ကို ရေးသားသော ပညာရှင်အများ တို့၏ ဆောင်းပါးချည်းသက်သက်ဖြင့် ရေးသားပြုစုသောကျမ်း ဖြစ်၍၊ ယင်းသို့ ဆောင်းပါးအများကို စွယ်စုံကျမ်းအဖြစ်ထုတ် ဝေသည်မှာ ပထမပင်ဖြစ်ပေသည်။ ၁၇၂၈ ခုနှစ်တွင် အိဖရိမ် ချိမ်းဗားက ထုတ်ဝေသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံ ကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို ပထမဦးစွာ အသုံး ပြုသည့်ကျမ်း ဖြစ်ပေသည်။

တရုတ်စွယ်စုံကျမ်းများ

၁၄ ရာစုနှစ်အတွင်းတွင် တရုတ်ပြည်၌လည်း မာတွာလင် ဆိုသူ တရုတ်ပညာရှိသည် စွယ်စုံကျမ်းတစ်စောင်ကို ပြုစုသည်။ ၁၅ ရာစုနှစ်၌မူ၊ ယွန်လိုဧကရာဇ်ဘုရင်၏ အမိန့်တော်ဖြင့် တရုတ်ပညာရှိများသည် စွယ်စုံကျမ်းကို ပြုစုသည်။ ယွန်လို၏ ရည်ရွယ်ချက်မှာ ကွန်ဖူးဇီး၏ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ စသည် တို့ကို တစ်ပေါင်းတည်းပြုစုစေရန်ဖြစ်၏။ ( ကွန်ဖူးဇီး။)

သို့သော် ထိုကျမ်းမှာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ရှိသည်ဖြစ်၍၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နိုင်ခဲ့ရာ၊ မင်မင်းဆက် ကုန်ဆုံးသောအခါ၊ နှစ်အုပ်မှာ ပျောက်ပျက်သွားပြီးလျှင် ဗောက်ဆာသူပုန် ထသောခေတ်၌ ကျန်တစ်အုပ်လည်း ပျောက် ပျက်သွားလေသည်။ ၁၈ ရာစုနှစ်ဦး၌ကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီး၏ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ရှိသော စွယ်စုံကျမ်းကိုပြုစု၍၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်တွင် ထုတ်ဝေသည်။ ထို စွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ တို့ကို ဗြိတိသျှပြတိုက်တွင် ယနေ့တိုင်ပြထားလေသည်။

ပြင်သစ်စွယ်စုံကျမ်းများ

ယခင်ကဖေါ်ပြခဲ့သော ချမ်းဗား၏ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်တို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကြ သည်။ ထိုစွယ်စုံကျမ်း နမူနာကိုယူ၍ ဒီးဒရိုးသည် ၁၇၅၁- ၁၇၇၂ ခုနှစ်အတွင်း အတွဲပေါင်း ၂၈ တွဲရှိသော ပြင်သစ် စွယ်စုံကျမ်းကြီးပေါ်ပေါက်လာသည်။ ၁၉၂၈ ခုနှစ်၌မူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဟူ၍ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လာသည်။

ဂျာမန်စွယ်စုံကျမ်းများ

ဂျာမနီနိုင်ငံတွင် ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲရှိသော 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ဒလာဆိုသူပြုစုသည်။ ယင်းကျမ်းတွင် ထို ခေတ်က အသက်ထင်ရှား ရှိသူများ၏ အတ္ထုပတ္တိများ ပါဝင် သည်။ ထို့ပြင် ၁၇၉၆ ခုနှစ်၌၎င်း၊ ၁၈၈၁ ခုနှစ်၌၎င်း၊ ပညာ ရှင်အသီးသီးတို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကြသည်။

အင်္ဂလိပ်စွယ်စုံကျမ်းများ

ယခင်ကပြဆိုခဲ့ပြီးသော အင်္ဂလိပ်စွယ်စုံကျမ်းများအပြင်၊ ယခုခေတ်တွင် အကိုးအကားပြုရန် ကျမ်းများအနက် အလွန် ထင်ရှားသော အင်္ဂလိပ်စွယ်စုံကျမ်းမှာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လေသည်။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်မှသည် ၁၇၇၁ ခုနှစ်အတွင်း အတွဲ ၃ တွဲဖြင့် ပထမဦးစွာ စကော့ တစ်လန်ပြည် အက်ဒင်ဗာရာမြို့တွင် ရေးသားပြုစု ပုံနှိပ်ထုတ် ဝေခဲ့သည်။ ထို့နောက် ၁၇၇၈ ခုနှစ်မှသည် ၁၇၈၃ ခုနှစ် အတွင်း၊ ဒုတိယတည်းဖြတ်သော ပုံနှိပ်ထုတ်ဝေသည်။

အမေရိကန်စွယ်စုံကျမ်း

အမေရိကန်ပြည်ထောင်စု၌ကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အတွင်း အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမေရိကားနား'ဟူသောအမည်ဖြင့် ပြုစုထုတ်ဝေခဲ့လေသည်။

ဆိုဗီယက်ရုရှစွယ်စုံကျမ်း

ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်တိုင်တိုင်ပြုစုခဲ့သော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မှာ ယနေ့တိုင်များစွာထင်ရှားလေသည်။ ယခုအခါ နိုင်ငံအသီးသီးတွင် စွယ်စုံကျမ်းများကို အမည်အမျိုး မျိုးဖြင့် ထုတ်ဝေလျက် ရှိကြသည်။ အထူးသဖြင့် ကလေးများ အတွက် ရည်ရွယ်၍၊ ရုပ်ပုံပေါင်းများစွာပါဝင်သည့် စွယ်စုံကျမ်း တို့မှာ များစွာခေတ်စားလျက်ရှိသည်။

လက်တင်မှ တိုင်းရင်းဘာသာများသို့

ဥရောပနိုင်ငံတွင် မူလက စွယ်စုံကျမ်းကို ပြုစုကြရာ၌ လက်တင်ဘာသာဖြင့်သာ ပြုစုကြသည်။ သို့သော် ၁၄ ရာစု နှစ်မှ လွန်လာသောခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းများကို ဥရောပနိုင်ငံ အသီးသီးတို့က မိမိတို့၏ တိုင်းရင်းဘာသာ စကားဖြင့် ပြုစုလာကြ၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန် ပြည်တွင် ဗာသော လိုမျူဒီ ဂလန်ဗီးသည် ၁၃၆ဝ ပြည့်နှစ်၌ စွယ်စုံကျမ်းတစ်ခုကို လက်တင်ဘာသာဖြင့် ပြုစုခဲ့သည်။ ယင်း ကျမ်းကို ၁၃၉၈ ခုနှစ်တွင် ဂျွန်ထရေဗီဇာဆိုသူက အင်္ဂလိပ် ဘာသာပြန်ဆိုလေသည်။

မြန်မာစွယ်စုံကျမ်းဟောင်းများ

မြန်မာ့ဂန္ထဝင်၌ စွယ်စုံကျမ်းသဘောသို့ သက်ဝင်သော ကျမ်းပေါင်းများစွာရှိသည်။ ယနေ့တိုင် အမှတ်အသားနှင့်တကွ ကျန်ရစ်သော ကျမ်းတို့တွင် ၁၁၁၃ ခုနှစ် (ခရစ် ၁၇၅၁ ခုနှစ်) တွင် စိန္တကျော်သူ ဦးသြ စီရင်သော ကဝိလက္ခဏာသတ်ပုံသည် အထင်ရှားဆုံးဖြစ်၏။ ထိုကျမ်းမှာ သတ်ပုံကျမ်းဟုဆိုစေကာမူ၊ သတ်ပုံသတ်ညွှန်းအတွက်သာမဟုတ်ဘဲ၊ မြန်မာမှုဆိုင်ရာလောကကြောင်း၊ ဓမ္မကြောင်းစွယ်စုံဗဟုသုတတို့ကို နှောင်းလူတို့ စူးစမ်းရှာဖွေ ဖော်ထုတ်နိုင်ရန်အလို့ငှာ၊ မေးခွန်း ထုတ်ထားသောကျမ်းဖြစ်၏။ (ဆိုလတ္တံ့သော မြန်မာစွယ်စုံကျမ်းတို့တွင် ကဝိလက္ခဏာသတ်ပုံကျမ်းကဲ့သို့ မေးခွန်းပုစ္ဆာထုတ်၍ ပြုစုစီရင်ထားသည်ကို ရှေ့တွင်တွေ့ရဦးမည်။) ထိုကဝိလက္ခဏာသတ်ပုံကျမ်းကို ၁၂၄၂ ခုနှစ် (ခရစ် ၁၈၈၁ ခုနှစ်)တွင် မြောင်လှမြို့စား မဟာမင်းလှဇေယျသူဘွဲ့ခံ ဦးခြိမ့်သည် ကဝိလက္ခဏာသတ်ပုံကျမ်းမှ ခက်ခဲသောပုစ္ဆာများကိုဖြေဆိုရာဖြစ်သော ကဝိလက္ခဏ ဒီပနီကျမ်းကို ပြုစုစီရင်လေသည်။ ၁၁၂၅ ခုနှစ်တွင် ကျမ်းပြုခဲ့သော လက်ဝဲနော်ရထာ အမေး တောင်တွင်းဆရာတော် ဦးဉာဏ အဖြေကျမ်းသည် စွယ်စုံအရာမြောက်သောကျမ်းဖြစ်လေသည်။ ထိုကျမ်းတွင် အလောင်းမင်းတရားကြီး၏မေးချက်တစ်ရပ်ပါရှိ၏။

ထို့နောက် ၁၁၅၈ ခုနှစ် (ခရစ် ၁၇၉၈ ခုနှစ်)တွင် ယခင် က ပြဆိုခဲ့ပြီးသော စွယ်စုံကျော်ထင် ပုစ္ဆာကျမ်းကို ကျည်းကန် ရွာ အရှင်နန္ဒဓဇသာမဏေက ပုစ္ဆာပေါင်း ၁၁ဝဝ ကျော်ဖြင့် ပြုစုစီရင်ခဲ့၏။ ထိုကျမ်းကို ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော် အရှင်မုနိန္ဒာဘိဓဇ (မြန်မာ ၁၁၇၉-၁၂၅၆ ခုနှစ်)က စွယ်စုံကျော်ထင်ကျမ်း အမည်ဖြင့်ပင် အဖြေရေးသားစီရင်ခဲ့ သည်။ ၁၁၇၃ ခုနှစ်၌ ကျမ်းပြုခဲ့သော သိရိမာလာ အမေး မုံရွေးဆရာတော် အဖြေ သမန္တစက္ခုဒီပနီ ကျမ်းသည်လည်း စွယ်စုံအရာမြောက်လှသော ကျမ်းကြီး ဖြစ်ပေသည်။ တစ်ဖန် ၁၁၉၂ ခုနှစ် (ခရစ် ၁၉၃ဝ ပြည့်နှစ်)တွင် အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဘုရားထံမင်းရဲသိင်္ဂသူ ဟူသောအမတ် ကြီးသည် လောကီ လောကုတ္တစ်ရာနှစ်ဖြာသော ဗဟုသုတတို့၌ မရှင်းလင်းသည့်အရာတို့ကို မေးမြန်းရာ၊ ဆရာတော်ဘုရားသည် ပကိဏ္ဏက ပဉာဝိသဇ္ဇနီကျမ်းကို ပြုစုတော်မူသည်။ ထိုကျမ်း၌ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့သော သင်္ချေအကြောင်းမှသည် ဆင်မြင်းငှက်တို့၏ အသက် အကြောင်း၊ နိဗ္ဗာန်အကြောင်း၊ ရေတွက်ခြင်းသင်္ချာအကြောင်း၊ သင်္ခါရလေးပါးအကြောင်း၊ သံသရာအကြောင်း စသည်ဖြင့် ဗဟုသုတ စွယ်စုံတို့ပါရှိလေ သည်။

ရှေးခေတ်ဘာသာပြန်စွယ်စုံကျမ်း

ထိုကျမ်းကို ပြုစုသောနှစ်သည် ခရစ် ၁၈၃ဝ ပြည့်နှစ်နှင့် တိုက်ဆိုင်သည်။ ထိုနှစ်၌ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ်ဖြစ်သော မေဂျာဗားနေးသည် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။

ထိုစဉ်က မေဂျာဗားနေး၏မှတ်တမ်းများအရ သိရှိရသည်မှာမက္ခရာမင်းသားသည် ကာလကတ္တားမြို့မှ မစ္စတာလိန်းက ကျေးဇူးပြု၍၊ ရီး၏ 'စိုင်ကလိုပီးဒီးယား'ကျမ်းကို ရရှိခဲ့သဖြင့်၊ ထိုစွယ်စုံကျမ်းတွင်ပါရှိသောသိပ္ပံပညာဆိုင်ရာ အကြောင်းရပ်များကို ဘာသာပြန်ဆိုခဲ့သည်ဟုဆိုသည်။


ဤကား မြန်မာစာပေသမိုင်း တွင် အနောက်နိုင်ငံ စွယ်စုံကျမ်းကို ပထမဦးစွာဘာသာပြန်ခြင်းပင်ဖြစ်သည်။ ထိုရီး၏ 'စိုင်ကလိုပီးဒီးယား'စွယ်စုံကျမ်းကား၊ ဗြိတိသျှလူမျိုး အေဗရာဟမ်ရီးဆိုသူက ၁၈ဝ၂ ခုနှစ်နှင့် ၁၈၂ဝ ပြည့်နှစ်အကြားတွင် ပြုစုတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်သည်။ ထိုရီးမှာ အခြားသူမဟုတ်၊ အထက်ကပြဆိုခဲ့သော ၁၇၇၆ ခုနှင့် ၁၇၈၆ ခုနှစ်စပ်ကြားတွင် ပေါ်ထွက်ခဲ့သည့် ချိမ်းဗား၏ 'စိုင်ကလို ပီးဒီးယား' စွယ်စုံကျမ်းကိုတည်းဖြတ်ခဲ့ဘူးသူပင်ဖြစ်သတည်း။

ပုစ္ဆာဝိသဇ္ဇနာစွယ်စုံကျမ်းများ

မြန်မာ့ဂန္ထဝင်တွင် မြန်မာမှုဗဟုသုတတို့ကို ပုစ္ဆာဝိသဇ္ဇနာ နည်းဖြင့် ရေးသားလေ့ရှိသည်။ ယင်းကဲ့သို့သော နည်းဖြင့်ရေး သား၍၊ စွယ်စုံအရာမြောက်သောကျမ်းတို့ အများပင်ရှိခဲ့ဘူးလိမ့် မည်၊ သို့သော် များစွာသောကျမ်းတို့မှာ ပျောက်ပျက်ခဲ့ဟန်တူ ၏။ ထို့ကြောင့် ယခုခေတ်၌ ခဲယဉ်းစွာ ရှာဖွေမှတွေ့နိုင်သော စွယ်စုံကျမ်း သဘောသက်ဝင်သည့် ကျမ်းတို့ကို နမူနာမျှဖော်ပြ လိုသည်။ ၁၂၃၄ ခုနှစ် (ခရစ် ၁၈၇၂ ခုနှစ်)တွင် ဓနုဖြူမြို့ ဝန်ထောက်တော်မင်း မောင်ကျော်ထွန်းဟူသော ပုဂ္ဂိုလ်သည် ပကိဏ္ဏကဒီပနီဟူသော ကျမ်းတစ်စောင်ကို ပြုစုခဲ့သည်။ ယင်း ကျမ်းကို အပိုင်းရှစ်ပိုင်းခွဲထားသည်။ ပါဝင်သောအကြောင်း အရပ်တို့တွင် သိဒ္ဓတ်မင်း အကြောင်းကစ၍၊ ပိဋကအကြောင်း၊ သင်္ဂါယနာအကြောင်း၊ မြန်မာနိုင်ငံသို့ သာသနာရောက်လာပုံ အကြောင်း၊ မြန်မာရာဇဝင်အကျဉ်းချုပ်၊ ဓညဝတီမင်းနှင့် ရာမညမင်းဆက်အကြောင်း၊ သဒ္ဒါ၊ အသတ် ၆ ပါး၊ အစပ် ၆ ပါး၊ နည်းလေးဆယ်၊ ကျောက်စာရေးနည်း၊ စကားပုံ၊ ဖျက်စု၊ ခက်စု၊ ခဲစု၊ နေသွား၊ လသွား၊ နက္ခတ်တာရာ အကြောင်း စသည်တို့ဖြစ်လေသည်။ ထို့ပြင် ၁၂၅၅ ခုနှစ်တွင် အဂ္ဂမဟာ ပဏ္ဍိတဆရာဖြေ ကြီးကြပ်ပြင်ဆင်၍၊ ဟံသာဝတီတိုက်မှ ပုံနှိပ် ထုတ်ဝေသော 'အမေးပုစ္ဆာတစ်ထောင်တို့ဖြင့် တန်ဆာဆင်၍၊ ရဟန်းရှင်လူတို့ အကျိုးငှာ သီရိပဝရ သုဓမ္မာဘိလင်္ကာရ အမည်ရှိသော ဆရာတော်ဘုရား ရေးသားစီရင်သည့်' ပုစ္ဆာ ပကိဏ္ဏက ကျမ်းလည်း ရှိသေးသည်။ ထိုကျမ်းပြုစုသော သက္ကရာဇ်ကို မသိရပေ။ သို့သော် ယနေ့ကျွန်ုပ်တို့ အသုံးပြုနေ ကြသော အက္ခရာဝလိမျိုးကို ထိုကျမ်း၌တွေ့ရှိရသည်။ ထိုကျမ်း ၌ မင်းကျင့်တရားဆယ်ပါးကား အဘယ်နည်းဟူသော ပုစ္ဆာဖြင့် အစချီ၍၊ ဘုံ ၃၁ နှင့်တကွ နေလနက္ခတ်တာရာ၊ ကမ္ဘာမြေကြီး စသည်တို့ တည်နေဟန်အကြောင်းများ၊ သဗ္ဗညုတဉာာဏ်၊ မဟာ ဘုတ်လေးပါး၊ ခပ်သိမ်းသော ကျမ်းဂန်အစ၌ နမောတဿဟူ သောပုဒ်ကို အဘယ်ကြောင့်ထားရသနည်းဟူသောအကြောင်း၊ ဗေဒင်သုံးပုံအကြောင်း၊ အဖျော်ရှစ်ပါး၊ အလှူဒါနအကျိုးပေး၊ မဟာသမုဒ္ဒရာအကြောင်း၊ လူတို့စားသော အစာမည်သို့ ဖြစ်လေ သည်ဟူသောအကြောင်း၊ ပညာနည်းသူတို့၏ အသည်းနှင့် ပညာကြီးသူတို့၏ အသည်းကွဲပြားခြားနားပုံအကြောင်းစသည်တို့ ပါဝင်လေသည်။ ထို့ပြင်လည်း၊ ဘီးလင်းမြို့နေ ပင်စင်အငြိမ်း စား စစ်ကဲတော်ကြီး ဦးရွှေနော်သည် ၁၂၆၃ ခုနှစ်(ခရစ် ၁၉ဝ၁ ခုနှစ်)တွင် အာဒိကပ္ပ ကမ္ဘာဦးကျမ်း တစ်စောင်ကို ရေးသားပြု စုခဲ့သည်။ ထိုကျမ်းမှာ ကမ္ဘာဖြစ်ဟန် တည်ဟန်တည်းဟူသော 'လောကအတ္ထုပ္ပတ္တိ'ကို ပြဆိုသည့် ကျမ်းပင်ဖြစ်သော်လည်း၊ နေလနက္ခတ်တာရာတို့ လှည့်ပတ်သွားလာသည့် အကြောင်း အချက်ပေါ်တွင် မူတည်၍၊ သုဇိဓာတ်၊ ကြမ္မတ်၊ ဥစ္စဗိုလ်၊ ရက် လွန်၊ ရက်စန်း၊ အဝိမာသ်တို့၏ ကိန်းခန်းဖြစ်လာပုံကို၎င်း၊ ထိုမှအကြောင်းပြု၍ ဗေဒင်ဟောကိန်းများအကြောင်း၊ လူ တိရိစ္ဆာန်သတ္တဝါအပေါင်း၏ အသက်တမ်းများအကြောင်း၊ နေ ကြတ်လကြတ် တွက်ချက်ခြင်းအကြောင်း ဝါထပ်ရက်ငင်ကိုပြ သော ပြက္ခဒိန်ချုပ်အကြောင်းစသည့် လောကီပညာဗဟုသုတတို့ ပါဝင်လေသည်။

ပညာ့တံခွန်အသင်း

အဆိုပါ စွယ်စုံကျမ်းတို့သည် မြန်မာလူမျိုးတို့၏ ရိုးရာ အလိုက် လောကီ လောကုတ္တရာနှစ်ဖြာသော ဗဟုသုတ စွယ်စုံ တို့ကိုဖော်ပြရာ ကျမ်းများဖြစ်သည်မှန်၏။ သို့သော် လောက ဓာတ်ပညာထွန်းကားသော ခေတ်တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာဆိုင် ရာ စွယ်စုံဗဟုသုတတို့ကို လိုအပ်လှပေသည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်အတွင်းဖြစ်သော ၁၉၄၂-၄၅ ခုနှစ်များအတွင်း တွင် ပညာ့တံခွန်အသင်းဟူ၍ ပေါ်ပေါက်ခဲ့လေသည်။ ထို အသင်း၏ လုပ်ငန်းများအနက် အဘိဓာန်ပြုစုရေးနှင့် စွယ်စုံ ကျမ်းပြုစုရေးသည် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင် သော လုပ်ငန်းနှစ်ရပ်ဖြစ်လေသည်။ အဘိဓာန်ပြုစုရေးကို ယခု အခါ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနတွင် ဌာနမှူးဖြစ်သော ဦးဝန်က တာဝန်ယူ၍ လုပ်ဆောင်ပြီးလျှင်၊ စွယ်စုံကျမ်းပြုစုရေး ကို သူကြီးဂေဇက်ဦးခင်မောင်က တာဝန်ယူခဲ့ရသည်။

ပညာ့တံခွန်အသင်း၏ လုပ်ငန်းတို့မှာ စစ်ဖြစ်ဆဲကာလအတွင်း လုပ်ရသည်ဖြစ်ရာ၊ မူလက ရန်ကုန်မြို့ကိုလုပ်ငန်းတည်ရာဌာနအဖြစ်ဖြင့် ထားရှိခဲ့သော် လည်း၊ စစ်၏ဘေးဒဏ်ပြင်းထန်လာသောအခါ၊ ရန်ကုန်မြို့မှ ကွမ်းခြံကုန်းမြို့သို့ ရွေ့ပြောင်းခဲ့ရလေသည်။ ထိုစဉ်က ပြုစုခဲ့သော စွယ်စုံရပ်ဆိုင်ရာစာမူတို့မှာ စစ်ဘေးဒဏ်ကြောင့် ပျောက်ပျက်သွား၏။

မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍၊ မြန်မာနိုင်ငံသည် လွတ်လပ် သော အချုပ်အချာအာဏာပိုင်နိုင်ငံ ဖြစ်လာသည်နှင့်တပြိုင်နက် အဝိဇ္ဇာတည်းဟူသော အမှောင်ကိုခွင်း၍၊ ပညာတည်းဟူသော အလင်းရောင်ကို မြန်မာနိုင်ငံသားတို့အားပေးရမည့် တာဝန်သည် အဓိကတာဝန်ဖြစ်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု၌ အကြံရှိလာ၏။ ထို့ကြောင့် ဝန်ကြီးချုပ်၏ ဆော်ဩ ချက်အရ၊ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာ နိုင်ငံ ဘာသာပြန်စာပေအသင်းကို တည်ထောင်ခဲ့ကြလေသည်။


ထိုအခါ အသင်း၏ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ် ဦးနုကပင် မြန်မာနိုင်ငံ၌ တိုင်းကြီး ပြည်ကြီးများနည်းတူ စွယ်စုံကျမ်း တစ်စောင်ရှိသင့်လှသည်ဟုအကြံပေးသောကြောင့်၊ ယခုကျွန်ုပ်တို့ ပုံနှိပ်ထုတ်ဝေသောမြန်မာ့စွယ်စုံကျမ်းသည် ဖြစ်မြောက်လာခဲ့လေသည်။ ဦးစွာ၌စွယ်စုံကျမ်းကို အလျင်အမြန် ပြီးမြောက်စေရန်အလို့ငှာ တိုက် ရိုက်ဘာသာပြန်၍ပြုစုရန် စီစဉ်ခဲ့၏။ သို့သော် စွယ်စုံကျမ်း မူပိုင်ရှင်တို့နှင့် စကားကမ်းလှမ်းရာတွင် အကြောင်းမညီညွတ် သဖြင့် မြန်မာ့စွယ်စုံကျမ်းကိုပြုစုရန် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ လတွင်း အသင်းက ဆုံးဖြတ်ချက်ချမှတ်လေသည်။ ဤစွယ်စုံ ကျမ်းတွင် မြန်မာနိုင်ငံနှင့်ဆိုင်သော အကြောင်းရပ်တို့ကို အထူး အရေးထား၍ ပြည့်ပြည့်ဝဝ ထည့်သွင်းပေးရန် ရည်ရွယ်ထား လေသည်။ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသားတို့အား ကမ္ဘာ့အမွေ အနှစ်ဖြစ်သော ပညာရပ်များနှင့် ယဉ်ကျေးမှုအဖြာဖြာကို သိရှိ နားလည်စေလိုသော မနောပဏီဓိဖြင့် ဤစွယ်စုံကျမ်းကို ကြိုး ပမ်းပြုစုထားပေသည်။ ပညာရပ်များတွင်လည်း ဝိဇ္ဇာနှင့်သိပ္ပံ ဟူ၍ နှစ်မျိုးနှစ်စားအကြမ်းလျာထား၍၊ သိပ္ပံပညာတွင် နိုင်ငံ တော်လူထုက အခြေခံကိုပင်လျှင် ဦးစွာနားလည်သိရှိကြစေရန် ကိုလည်း ရည်ရွယ်ပေသည်။ ဤစွယ်စုံကျမ်းကို ပြုစုရာ၌ ကမ္ဘာ့ပညာအရပ်ရပ်မှ အကြောင်းရပ် တို့ကို ပြည်ထောင်စုသား အများဆုံးအသုံးပြုနိုင်ရန် အဓိကထား၍၊ အထပ်ထပ်စစ်ဆေး ရွေးချယ်ထားပေသည်။ ရုပ်ပြစွယ်စုံဖြစ်စေရန် ရည်သန်၍လည်း၊ စွယ်စုံကျမ်းကို ဓာတ်ပုံ၊ ရုပ်ပုံ၊ မြေပုံ၊ စနစ်ပုံများဖြင့် တန်ဆာ ဆင်ထားသည်။

မြန်မာ့စွယ်စုံကျမ်း

မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝခန့် ပါရှိမည်ဟု ခန့်မှန်းသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၄ တွဲရှိလိမ့်မည်ဟု ခန့်မှန်းသည်။ ယင်းတို့ အနက် က မှ ကုံ အထိအကြောင်း ရပ်များပါဝင်သော မြန်မာ့စွယ်စုံကျမ်းပထမတွဲကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် စက်တင်ပုံနှိပ်ပြီးစီးခဲ့သည်။ ကျ မှ ခွံ အထိ အကြောင်းများပါဝင်သော ဒုတိယတွဲကို ၁၉၅၅ ခုနှစ် အောက် တိုဘာလတွင် စက်တင်ပုံနှိပ်ပြီးစီးခဲ့သည်။

အက္ခရာဝလိစနစ်

စွယ်စုံကျမ်းတို့တွင် ကျမ်းပါအကြောင်းရပ်တို့ကို စာဖတ် သူတို့ လွယ်လင့်တကူ ရှာဖွေတ်ရှုနိုင်စေရန် အရေးကြီးသည်။ ထိုသို့လွင်လင့်တကူ ရှာဖွေနိုင်ရန် အက္ခရာဝလိစနစ်ကို အသုံး ပြုသည်။ ယင်းစနစ်တွင် ဗျည်းသက်သက်တွင် သရမျိုးပေါင်း ၆၄ မျိုးကို၊ အစဉ်လိုက်ကပ်ပြီးမှ၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး စသော အစဉ်လိုက်ကပ်လာသည်။ ဝေဟာရတို့ကို အက္ခရာ စဉ်ရာ၌ အမည်တို့၏ ရှေးဦးအက္ခရာကိုယူ၍ အက္ခရာစဉ်သည်။ ပြယုဂ်ကား၊ ကညင်ပင်ဟုဆိုလျှင် ကတွင်ကြည့်ရသည်။ ကော လင်းမြို့ဟုဆိုလျှင် ကောတွင်ကြည့်ရ သည်။ ခွံမာသီးဟုဆိုလျှင် ခွံတွင်ကြည့်ရသည်။ သို့သော် လူအမည်၌ အရင်းမူလကိုသာ အစပြု၍၊ ဦး၊ မောင်၊ ကို စသော ဝယဝုဒ္ဓိကိုပြရာ ဂုဏ်ပုဒ်ကို ၎င်း၊ ဘွဲ့ကို၎င်း၊ ဝိသေသကို၎င်း၊ နောက်၌သာထားသည်။ ပြယုဂ်ကား၊ ဦးချိန်ဟုဆိုလျှင် ချိန်၊ ဦးဟု ချိန်ဟူသောစကားကို အစပြုထားသည်။ ထို့ကြောင့် ဦးချိန်ကိုရှာလျှင်၊ ခ အက္ခရာ၌ အကျုံးဝင်သော ချိန် ကိုရှာယူရသည်။ ဆာ မောင်ခင်ဟုဆိုလျှင် ခင် ဟူသော စကားကို အစပြု၍၊ ခင်၊ မောင်၊ ဆာဟုပြသည်။ ဂျာနယ်ကျော်ဦးချစ်မောင်ဟုဆိုလျှင်၊ ချစ် ကိုအစပြု၍၊ ချစ် မောင်၊ ဦး၊ ဂျာနယ် ကျော်ဟုပြသည်။ ခြွင်းချက်မှာ အမည်ရင်း ထက် ဘွဲ့ထူးဂုဏ်ထူး ဝိသေသထူးတို့သာလျှင် ပိုမိုအသိများနေ ကြသော အမည်တို့အဖို့ ယင်းဘွဲ့ထူး ဂုဏ်ထူးဝိသေသထူးတို့ကို ပင် ယူ၍၊ အက္ခရာစဉ်လေသည်။ ပြယုဂ်ကား၊ ကင်းဝန်မင်းကြီး ၏ ကျီးသဲလေးထပ်ဆရာတော်ဟူလေသည်။ ကင်းဝန်မင်းကြီး ၏ အမည်အရင်းမှာ ဦးကောင်းဖြစ်၍၊ ကျီးသဲလေးထပ်ဆရာ တော်၏ အမည်အရင်းမှာ အရှင်မုနိန္ဒာဘိဓဇဖြစ်သည်။

အနောက်နိုင်ငံသုံး လူအမည်များကိုမူ၊ အနောက်နိုင်ငံစနစ် အတိုင်းထည့်သည်။ ထိုစနစ်အရမှာ အမည်ရင်းကို ပထမပြု၍ ငယ်နာမည်၊ ခရစ်ယန်နာမည်၊ ဒုတိယ၊ တတိယနာမည်တို့ကို နောက်တွင် အစဉ်လိုက်ထည့်ခြင်းပင်ဖြစ်သည်။ များသောအား ဖြင့် ထိုနာမည်တို့ကို အင်္ဂလိပ်အက္ခရာ အတိုကောက်ဖြင့်သာ ပြလေ့ရှိသည်။ ပြယုဂ်ကား၊ 'ဂျော့ ယူဂျင်း ကလမန်းစိုး'ဟုဆို လျှင်၊ ကလမန်းစိုးကို အစတွင်ထား၍ ဂျော့အတိုကောက် 'ဂျီ'နှင့် ယူဂျင်းအတိုကောက် 'အီ'ကို အစဉ်အတိုင်းနောက်၌ ထည့်ပြီးလျှင် 'ကလမန်းစိုး ဂျီ အီ'ဟု ပြသည်။ ဆာ ဝင်စတန် ချာချီဟု ဆိုလျှင်၊ ချာချီ ဆာ ဝင်စတန်ဟု ပြလေသည်။

လွယ်လင့်တကူရှာဖွေနိုင်ရန်

ဤသို့ အက္ခရာဝလိစနစ်ဖြင့်ပြဆိုပြီးနောက်၊ မြန်မာ့စွယ်စုံ ကျမ်းမှ ဆူရာရွေးနုတ်၍၊ ထိုင်ရာမထဖတ်ရှုနိုင်စေရန်၊ ဖတ်ချင် စဖွယ်ရာ အဖြာဖြာတို့ကို ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ လောကီထုပ္ပတ် လူတို့ ဇာတ်၊ သစ်ပင်ပန်းမာလ် တိရစ္ဆာန်၊ တမြေရပ်ခြား ဒေသများ၊ တိကျသိအပ် အရပ်ရပ်၊ သုခုမဝင် ကြောင်းစုံလင်၊ လုပ်ငန်းဆောင်တာ အဖြာဖြာ၊ သိပ္ပံအံ့ဖွယ် အသွယ်သွယ်၊ ပြည်တော်သာရန် အခြေခံ၊ အားလပ်ချိန်ဝယ် ပျော်ရွှင်ဖွယ်ဟူသော ခေါင်းစည်းဆယ်ခုဖြင့် မာတိကာ စဉ် လျက် စာမျက်နှာကိုဖော်ပြကာ၊ ညွှန်း၍ထားလေသည်။ ထို့ပြင် လည်း ဗဟုသုတစစ်တမ်းဟူသော ခေါင်းစဉ်ဖြင့် သိလိုသော စိတ်ကို နှိုးကြားပေးစေရန်၎င်း၊ သိလိုသောအချက်ကို ရွေးချယ် နိုင်စေရန်၎င်း၊ ဖတ်ရှုပြီးအကြောင်းအရာတို့ကို မည်မျှမှတ်မိ သည်ဟု စိစစ်ကြည့်စေရန်၎င်း၊ ပုစ္ဆာများကို သက်ဆိုင်ရာ စာမျက်နှာဖြင့် တိုက်ဆိုင်ကြည့်ရှုရန် ဖော်ပြထားသည်။ စာအုပ် ၏ နောက်ပိုင်းတွင် အနောက်နိုင်ငံ အခေါ်အဝေါ်များ၊ တိုင်း တစ်ပါးသား အခေါ်အဝေါ်များနှင့် သိပ္ပံပညာဆိုင်ရာ အခေါ် အဝေါ်များကို ပထမကဏ္ဍအနေဖြင့် ပြဆိုထားသည်။ ဒုတိယ ကဏ္ဍတွင်းကား နိုင်ငံခြားသုံး အခေါ် အဝေါ်နှင့် အမည်တို့ကို မြန်မာအသံထွက်ဖြင့်ပြဆိုသော အသံလှယ်အမည်များ ပါဝင် လေသည်။

အနိုင်နိုင်ငံမှ ထုတ်ဝေဖြန့်ချီလျက်ရှိသော စွယ်စုံကျမ်း တို့ကို စိစစ်ရာ၌၊ အောက်ပါအချက်အလက်တို့သည် စွယ်စုံ ကျမ်းအရာ၌ တည် မတည် မှတ်ကျောက်တင်သော အချက်တို့ ဖြစ်သည်ကို တွေ့ရလေသည်။ စွယ်စုံကျမ်း၌ အရေးကြီးသော အကြောင်းအရာတို့ကို ပြုစုရေးသားရာ၌ မှန်ကန်၍ ပြည့်ပြည့် စုံစုံရှိရပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အသစ်အသစ်သော အခြင်း အရာတို့လည်း ဖြစ်ပျက်လျက် ရှိလေရာ၊ ပါဝင်သောအကြောင်း အရပ်တို့သည် မျက်မှောက်ခေတ်နှင့်လည်း အမှီလိုက်နိုင်ရလိမ့် မည်။ အထူးအရေးကြီးသည်ကား၊ အကြောင်းချင်းတရားတို့ကို တင်ပြရာ၌ အဂတိမလိုက်စားဘဲ၊ ယထာဘူတကျအောင် ဟုတ် တိုင်းမှန်ရာကို တင်ပြနိုင်ခြင်းဖြစ်၏။ အရေးအသား၌လည်း အများသိရှိနားလည်အောင် ရေးသားဖို့လိုပေသည်။ စွယ်စုံကျမ်း တွင် ပါဝင်ရေးသားသူတို့ များများရှိရမည့်အပြင်၊ ထိုပါဝင်ရေး သားသော ပုဂ္ဂိုလ်တို့မှာ မိမိတို့ဆိုင်ရာ အကြောင်းရပ်တွင် ပါရဂူပုဂ္ဂိုလ်များဖြစ်သင့်ပေသည်။ စွယ်စုံကျမ်း၌ပါဝင်သော အကြောင်းအရာတို့ကို လွယ်လင့်တကူ ရှာဖွေ နိုင်ရန် အစီ အစဉ်ရှိဖို့လည်းလိုပေသည်။ အကြောင်းရပ်တို့ကိုလည်း အရေး ကြီးလျှင် ကြီးသည့်အလျှောက် နေရာပေး၍ ရေးသားရမည်ဖြစ် သည်။ ဤအချက်တို့အပြင် ရုပ်ပုံ၊ ဓာတ်ပုံ၊ မြေပုံ၊ စနစ်ပုံ၊ ဇယားတို့ ပြည့်ပြည့်စုံစုံ ပါရှိခြင်း၊ အပြန်အလှန်အညွှန်းများ ပါရှိခြင်း၊ ကျမ်းအကိုးအကား စာရင်းများပါရှိခြင်း၊ ပုံနှိပ်ရာ၌ လှပသေသပ် ဖတ်ရှုချင့်စဖွယ် ရှိခြင်းတို့သည်။ စွယ်စုံကျမ်း ကောင်းများ၏ ထူးခြားချက် ဝိသေသဖြစ်ပေသည်။ မြန်မာ့ စွယ်စုံကျမ်းမှာ လက်မွန်မဆွ အစတီထွင်ပေးသော ကျမ်းပင် ဖြစ်စေကာမူ တိုတောင်းသော ကာလအပိုင်းအခြားအတွင်း အထက်ဖော်ပြရာပါ ဝိသေသတို့နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံ စေရန် ကြိုးပမ်းထားသည့် ကျမ်းပင်ဖြစ်လေသည်။

ကလေးစွယ်စုံကျမ်း

ယခုခေတ်၌ ကလေးလူငယ် လူရွယ်တို့၏ ပညာရေး အရေးကြီးပုံကို လူတို့သည် ပိုမိုလေးစားလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းကလေးလူငယ်တို့အဖို့လည်း စွယ်စုံကျမ်းသည် အရေးကြီးသည်ဟု သဘော ပေါက်ကြပြီးဖြစ်သည်။ အင်္ဂလန် နိုင်ငံတွင် ၁၉ဝ၈ ခုနှစ်ကအစပြု၍ 'ကလေးစွယ်စုံကျမ်း'ဟူ၍ ပေါ်ပေါက်ခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်နိုင်ငံမှနေ၍ 'ဗဟုသုတကျမ်း' ဟူသောအမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက် လာပြန်သည်။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်တွင် 'ကျောင်းသား စွယ်စုံကျမ်း' ဟူသောအမည် ဖြင့် အင်္ဂလန်တွင်ထုတ်ဝေခဲ့ရာ၊ ၁၉၂၂ ခုနှစ်၌ ယင်းကိုပင် 'ကွမ်ပတန်၏ ရုပ်စုံ စွယ်စုံကျမ်း'ဟူသောအမည်သစ်ဖြင့် ပြန် လည်တည်းဖြတ် ထုတ်ဝေခဲ့ပြန်သည်။ ယခုခေတ်တွင် ကလေး တို့အဖို့ စွယ်စုံကျမ်းတို့၌ ရုပ်ပုံ ဓာတ်ပုံစသည်တို့ မပါဘဲမရှိ ချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝေသူတို့သည် ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြု၍၊ ရုပ်ပုံဓာတ်ပုံတို့ပါဝင်သော ကလေးများ အတွက် 'ဗြိတန္နိကား ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝေ လျက်ရှိသည်။

ကျွန်ုပ်တို့၏ အာသီသ

မြန်မာ့စွယ်စုံကျမ်းကို ထုတ်ဝေသော မြန်မာနိုင်ငံဘာသာ ပြန်စာပေအသင်း၏ အာသီသမှာ ထိုစွယ်စုံကျမ်းသည် ပညာ နုနယ်သော ကလေးတို့အဖို့ ပညာကိုအမြတ်တနိုးရှာယူလိုသော စိတ်ဖြင့် ထွန်းစေရမည်၊ ပညာရှာဆဲ လူငယ်လူရွယ်တို့အဖို့ အခြေခံ သိမှတ်ဖွယ်ဗဟုသုတတို့ကို စွယ်စုံကျမ်း၌ လွယ်လင့် တကူ ရှာယူနိုင်စေရမည်။ ကျောင်းသားအရွယ်မှ လွန်မြောက် ခဲ့သော လူကြီးများအဖို့ ခေတ်မီဝိဇ္ဇာသိပ္ပံ ပညာရပ်အခြေခံ တို့ကို လွယ်လင့်တကူရှာဖွေဖတ်ရှုနိုင်စေရမည်။ ပညာတတ် ပုဂ္ဂိုလ်တို့အဖို့ မိမိတို့၏ တပည့်သားမြေးတို့အား ပညာရှာဖွေ ပေးရာ၌၊ အထောက်အပံ့ဖြစ်စေရမည်ဟူသော အာသီသဖြစ်ရာ၊ ဤမြန်မာ့စွယ်စုံကျမ်းသည် ကြီးငယ်မဟူ မြန်မာပြည်ထောင်စု သားတိုင်းအတွက် ပညာတန်ဆောင်မည်ပေသည်။[၂]

ကိုးကား

  1. ၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ak:Obiara tumi kyerɛw bi no