ဒီမိုကရေစီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - hy:Ժողովրդավարություն
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - map-bms:Demokrasi
စာကြောင်း ၁၂၄ - စာကြောင်း ၁၂၄ -
[[lt:Demokratija]]
[[lt:Demokratija]]
[[lv:Demokrātija]]
[[lv:Demokrātija]]
[[map-bms:Demokrasi]]
[[mk:Демократија]]
[[mk:Демократија]]
[[ml:ജനാധിപത്യം]]
[[ml:ജനാധിപത്യം]]

၂၀:၂၄၊ ၃၁ မတ် ၂၀၁၂ ရက်နေ့က မူ

မဲခွဲဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ၏ အဓီက လမ်းစဉ်ဖြစ်သည်။

ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၄င်းတို့ကို ၄င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၄င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၄င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

စကားလုံးရင်းမြစ်

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၄င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။.

နောက်ခံသမိုင်းအစ

သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ပါသည်။ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူ နိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။

အေသင်မှာ ကျင့်သောစနစ်

အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများ ဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက် တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀ ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀ဝ၀ ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ ကမ ္ဘာပေါ်တွင် အစောဆုံးပြည်သူက တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။

စပါတာမှာ ကျင့်သောစနစ်

စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင် ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆၀ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီ လည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃၀ အထက်ယောင်္ကျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင် ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီ ဟုလည်း ခေါ်ဆိုနိုင်သည်။[၁]

ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ

မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။

ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။

လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၄င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၄င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၄င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ [၂]

ရည်ညွှန်းကိုးကား

  1. ကမ္ဘာ့နိုင်ငံရေးအတွေးအမြင်သမိုင်း၊ သစ္စာနီ
  2. နိုင်ငံရေးအဘိဓာန်၊ အတွဲ (၁)၊ NCGUB