အဆီးရီးယား အင်ပါယာ

ဝီကီပီးဒီးယား မှ
(အဆီးရီးယားအင်ပါယာ မှ ပြန်ညွှန်းထားသည်)

ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသ (ဘေဘီလုံလွင်ပြင်) ၏ မြောက်ဖက်၊ လခြမ်းရပ်ဝန်းဒေသ ၏တောင်ဖက်တွင် အဆူး(Assur) အမည်ရှိ ဒေသတည်ရှိသည်။ အဆူး ဟူသည့် အမည်မှာ ကိုးကွယ်သော နတ်အား အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်ပြီး နောင်တွင် အဆီးရီးယား(Assyria) ဟုပြောင်းလဲ ခေါ်ဆိုလာကြကာ ထိုဒေသရှိ လူမျိုးများအား အဆီးရီးယန်း ဟု သတ်မှတ်ကြသည်။ ထို အဆီးရီးယန်းတို့သည် မည်သည့်မျိုးနွယ်မှ ဆင်းသက်လာသည်ကို လည်းကောင်း၊ မည်သည့်အချိန် မည်သည့်ဒေသမှ ပြောင်းရွှေ့လာကြသည်ကို လည်းကောင်း ကောင်းစွာမသိရှိရပေ။ ဘာသာစကားအားဖြင့် အက်ကတ်ဒီးယန်းများနှင့် ဆင်တူကာ ကွဲပြားမှုအနည်းငယ်ရှိသည်။ ထိုလူမျိုးများသည် အာရှတိုက် အနောက်ပိုင်း မြစ်နှစ်မြွှာမြေဟုခေါ်ဆိုသော ယူဖရေးတီးမြစ်နှင့် တိုင်းဂရစ်မြစ်ဝှမ်းဒေသတွင် သုံးကြိမ်တိုင်တိုင် နိုင်ငံ ထူထောင် စိုမိုးခဲ့ကြသည်။ ထိုသို့ သုံးကြိမ်စိုးမိုးခဲသည့်အနက် ဒုတိယအကြိမ် စိုးမိုးသူ ဆီးမိုက်နွယ်တို့၏ ရှေးဟောင်းနိုင်ငံမှာ အဆီးရီးယားနိုင်ငံဖြစ်၍ ယခုခေတ် အီရက်နိုင်ငံ၏ မြောက်ပိုင်း ဖြစ်သည်။

ခေတ်ဦး အဆီးရီးယန်း သမိုင်း[ပြင်ဆင်ရန်]

ဘီစီ ၂၉၀၀ ခန့်မှ စကာ အဆီးရီးယန်းတို့သည် မြို့ပြနိုင်ငံများ တည်ထောင်ကာနေထိုင်ကြသည်။ ထိုမြို့ပြနိုင်ငံများတွင် အဆီးရီးယန်းများသာမက၊ ဆူမားရီးယန်းများပါ ရောနှောနေထိုင်ကြသည်။ ဘေဘီလုံနိုင်ငံ စတင်ထွန်းကားခဲ့သော ဘီစီ ၂၅ဝဝ ပြည့်နှစ်ခန့်ကပင် အဆီးရီးယန်းတို့သည် မြစ်နှစ်မြွှာ၏ မြစ်ဖျား အနီးအပါး၌ နေထိုင်၍ နိုင်ငံထူထောင်လျက် ရှိကြသည်။ ဆူမားတို့ ကောင်းစားစဉ်ကပင် အဆီးရီးယန်းတို့သည် ဆူမား တို့နှင့် ကူးသန်းရောင်းဝယ်ကြဖူး၏။ အီဂျစ်လူမျိုးတို့လည်း ဆက်ဆံကြဖူး၏။ ထိုလူနှစ်မျိုးတို့ထံမှ အတုခိုးစရာကောင်းသော ယဉ်ကျေးမှုဟူသမျှကို အတုခိုးကြ၏။ စာအရေးအသား ကို ဆူမားတို့ထံမှ နည်းယူရေးသားကြ၏။ သို့သော် စာရေး သောအခါ အီဂျစ်လူမျိုးတို့ကဲ့သို့ ကျူရိုး ပြန့်များပေါ်တွင် မင်ဖြင့် ရေးသားကြသည်။အဆီးရီးယားမြို့ပြနိုင်ငံများသည် သေးငယ်ကာအင်အားနည်းသည်ဖြစ်၍ မြောက်ပိုင်းမှ ဟစ်တိုက်နွယ်ဝင်များ၏ မကြာခဏကျူးကျော်ခြင်းကို ခံရလေ့ရှိသည်။ ထို့အတူ တောင်ပိုင်းအမ်မိုရိုက်နွယ်ဝင်များ အင်အားကြီးလျှင်လည်း အသာတကြည်ပင် လက်အောက်ခံကြသည်။ ကာလကြာသောအခါ အဆီးရီးယန်းများသည်လည်း ကျူးကျော်စစ်များကို တွန်းလှန်ရန်အတွက် ကိုယ်ပိုင်စစ်တပ်များအား ဂရုတစိုက်ဖြင့် ထူထောင်လာကြသည်။ ထို့အတူ မိမိအား အုပ်စိုးဖူးပါလျက်နှင့် ပျက်သုဉ်းသွားရသည့် အင်အားကြီးသူများထံမှလည်း သင်ခန်းစာများကို ကောင်းစွာရကြသဖြင့် မြို့ပြနိုင်ငံများအဖြစ်မှ စည်းလုံးသည့် နိုင်ငံတစ်ခုအသွင်သို့ ကူးပြောင်းလာကာ အဆူးမြို့သည် နိုင်ငံ၏အချက်အချာ မြို့ကြီးဖြစ်လာသည်။

ထို့ပြင် အဆီးရီးယားနိုင်ငံ၏ ဘေးပတ်ဝန်းကျင် အရပ်များ၌ ခက် ထန်ကြမ်းတမ်းသော တောင်ပေါ်လူရိုင်းများ နေထိုင်ကြရာ ရံဖန်ရံခါ ထိုလူများသည် ကွင်းပြင်သို့ ဆင်းကာ အဆီးရီးယန်း တို့အား လုယက် တိုက်ခိုက်ကြ၏။ တိုက်ခိုက်တိုင်း အဆီးရီး ယန်းတို့သည် ပြန်လည် ခုခံတိုက်ခိုက်ကြရ၏။ ခုခံ တိုက်ခိုက် ရဖန် များလတ်သော် ယင်းတို့သည် စစ်အတတ်၌ ကျွမ်းကျင် လာကြ၏။ မြင်းစီး အတတ်၌လည်း ကျွမ်းကျင် လိမ်မာကြ၏။ လူတိုင်းလူတိုင်း စစ်သားဖြစ်လာကြလေသည်။ ယင်းသို့ဖြစ်ရ ကား အဆီးရီးယန်းတို့သည် ဘေဘီလုံးနီးယန်းတို့ထက် ကြမ်းတမ်း၍ စစ်ရေးစစ်ရာတွင် ကျွမ်းကျင်ကြသည်။[၁]

စီးပွားရေးနှင့် ယဉ်ကျေးမှု[ပြင်ဆင်ရန်]

စစ်အင်အား ကြီးထွားစေရန်သာမက စီးပွားအင်အားကြီးထွားရန်ပါ အဆီးရီယန်းတို့ ကြိုးစာကြသည်။ အာရှမိုင်းနားတောင်ဖက်ရှိ စီလီရှားဒေသမှ ငွေတွင်းများအထိတိုင် အဆီးရီးယန်းတို့ ပေါက်ရောက်ကြောင်း တွေ့ရသည်။ ထိုမှ ရရှိသည့် ငွေအား ကုန်စည်ဖလှယ်ရေးတွင် အစားထိုးအသုံးပြုကြသည်။ ငွေထုတ်လုပ်ရေးနှင့် အာမခံချက်ထားရှိရေးတွင်မူ ဝတ်ကျောင်းများမှ တာဝန်ယူဆောင်ရွက်ရသည်။ ထိုမျှမက ချက်လက်မှတ် အဖြစ်လည်း ရွှံ့ပြားများတွင် စာရေးမှတ်၍လည်း အသုံးပြုသည်ကို တွေ့ရသည်။ ထိုသို့ ငွေ၊ ချက်လက်မှတ် အသုံပြုနည်းများသည် ကုန်စည်ရောင်းဝယ်ရေးတွင် အထူးအဆင်ပြေလွယ်ကူစေသဖြင့် နောင်တွင် လူ့ယဉ်ကျေးမှုကို ပြောင်းလဲပေးစေနိုင်သည်ကိုလည်း တွေ့နိုင်သည်။

အင်ပါယာထူထောင်ခြင်း[ပြင်ဆင်ရန်]

အဆီးရီးယားနိုင်ငံငယ်လေးသည် အစဦးတွင် အင်အားကြီးနိုင်ငံများ၏ ကျူးကျော်သိမ်းပိုက်မှုများကို ခံရသဖြင့် ထိုကျူးကျော်စစ်များအား ခုခံတွန်းလှန်နိုင်ရန်အတွက် အမြဲတမ်းစစ်တပ်များကို ဖွဲ့စည်းခဲ့ကြသည်။ အင်အားတောင့်တင်းသည့် စစ်တပ်ကို ပိုင်ဆိုင်သောအခါတွင် မိမိကတစ်လှည့် အခြားနိုင်ငံများကို ကျူးကျော်ရန်ပါ ရည်ရွယ်လာကြသည်။

ရှေးဦးစွာ ပင်လယ်ထွက်ပေါက်ရရှိရေးအတွက် ရည်ရွယ်ကာ မြေထဲပင်လယ်ကမ်းခြေအား သိမ်းယူရန်ကြိုးစားသည်။ သို့သော် ထိုဒေသတွင်ရှိကြသည့် များပြားလှသော မျိုးနွယ်စုနှင့် မြို့ပြနိုင်ငံများကို အနိုင်ယူရန်မှာ ခက်ခဲလှသည်။ ထိုနိုင်ငံများမှာ အင်ဒို-ဥရောပသားများ၏ မီတန်းနီးနိုင်ငံ၊ ဖီနီရှန်းနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ နှင့် ဆီးရီးယားမြို့ပြနိုင်ငံငယ်များဖြစ်ကြသည်။ အထူးသဖြင့် မီတန်းနီးနိုင်ငံသည် စစ်အင်အားတောင့်တောင်းကာ တစ်ချိန်က အဆီးရီးယားတို့အား ကျူးကျော်အုပ်ချုပ်ဖူးသည်။ ထို့အပြင် ထိုနိုင်ငံများအား ထီးရိပ်မိုးထားသည့် အနောက်ဖက်မှ အီဂျစ်တို့ကိုလည်း ရင်ဆိုင်ရမည့် အနေအထားတွင်ရှိပြန်သည်။

ဘီစီ၁၄၀၀ ခန့်တွင် အာရှမိုင်းနားဒေသမှ ဟစ်တိုက်များ အင်အားကောင်းလာကာ အင်ပါယာထူထောင်၍ တောင်ဖက်ရှိ အီဂျစ်အင်ပါယာနှင့် စစ်ပြိုင်ပြုကြသည်။ ဘီစီ ၁၂၀၀ ခန့်တွင် အနောက်ဖက်မှ ရန်သူများ၏တိုက်ခိုက်မှုကြောင့် ဟစ်တိုက်အင်ပါယာပြိုလဲသွားသည်။ စစ်ကာလကြာမြင့်သဖြင့် အီဂျစ်လည်း နောက်နှစ် ၁၀၀ ခန့်တွင် ဆက်လက်ပြိုလဲသွားပြီး အီဂျစ်နှင့် လက်တွဲသည့် မီတန်းနီးနိုင်ငံပါ အင်အားချိနဲ့သွားသည်။ သို့ဖြင့် အဆီးရီးယန်းတို့၏ အနောက်ဖက်ကျူးကျော်စစ်တွင် အဓိကအခက်အခဲကြီးများ မြိုလဲကာ အင်အားအသင့်အတင့်သာရှိကြသည့် ပါလက်စတိုင်း၊ ဖီနီရှန်း နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။ သို့သော် အဆီးရီးယန်းတို့အနေဖြင့် အရှေ့ဖက်နှင့် တောင်ဖက်တစ်လွှားမှ အင်အားကြီး ရန်သူများအား ရင်ဆိုင်နေခဲ့ရသဖြင့် ဘီစီ ၇၅၀ ရောက်မှသာလျှင် မြေထဲပင်လယ်ကမ်းခြေဖက်သို့ ဦးတည်လာနိုင်သည်။ ဆီးရီးယားနိုင်ငံများအနက် အင်အားကောင်းသည့် ဒမက်စကပ်အား အကြီးအမှူးထားကာ ကျန်မြို့ပြနိုင်ငံများက အဆီးရီးယန်းတို့အား ခုခံကြသော်လည်း ဘီစီ ၇၃၂တွင် ဒမက်စကပ် ကျသဖြင့် ကျန်မြို့ပြနိုင်ငံငယ်များလည်း အဆီးရီးယားထံ အညံ့ခံရသည်။ ထိုနောက်တွင် အနီးအပါးရှိနိုင်ငံငယ်များအား ဆက်လက် ချီတက်သိမ်းသွင်းသည်။ ထိုအချိန်မှစကာ အဆူးမြို့အား အခြေတည်သည့် အဆီးရီးယားအင်ပါယာသည် အနောက်အာရှတွင် အင်အားပြည့်ဝသည့် အင်ပါယာအဖြစ်သို့ရောက်လာသည်။

ဒုတိယမြောက် ဆာဂွန်[ပြင်ဆင်ရန်]

ထိုသို့ ချီတက်စဉ် ဘီစီ၇၂၂တွင် ဘုရင်နတ်ရွာစံသဖြင့် သားဖြစ်သူက ဒုတိယမြောက် ဆာဂွန်(ဘီစီ ၇၂၂-၇၀၅)ဘွဲ့ခံကာ နန်းတက်သည်။ ထိုမင်းလက်ထက်တွင် အဆီးရီးယားအင်ပါယာ အထွတ်အထိပ်ရောက်သည်ဟု ဆိုနိုင်သည်။ မြို့တော်အား နင်နဗေး(Nineveh) မှ ဒူး-ရှားရူးကင်း(Dur-Sharrukin) သို့ပြောင်းရွှေ့သည်။ ၎င်းလက်ထက်တွင် နိုင်ငံအတွင်း ဆက်သွယ်ရေးအတွက် လမ်းမများအား ဖောက်လုပ်စေသည်။ မြို့တော်နှင့် ဆက်စပ်ထားသည့် လမ်းမများ၏ အချက်အချာနေရာတိုင်းတွင် အမှုထမ်းများ ခန့်ထား၍ စာလွှာများ သယ်ယူပို့ဆောင်ရေးကို ကြပ်မတ်ဆောင်ရွက်ရသည်။ ၎င်းမှာ စာပို့စနစ်နှင့် စာတိုက်စနစ်၏ အစဖြစ်သည်။

ဆနက်အာရစ်[ပြင်ဆင်ရန်]

ဒုတိယမြောက် ဆာဂွန် လွန်လျှင် သားဖြစ်သူ ဆနက်အာရစ်(ဘီစီ ၇၀၅-၆၈၁)ဆက်ခံသည်။ နန်းတက်ပြီး ငါးနှစ်အတွင်း လခြမ်းရပ်ဝန်းဒေသ တစ်ခုလုံးကို အင်ပါယာအတွင်းသို့ ထည့်သွင်းအုပ်ချုပ်နိုင်ခဲ့သည်။ ထိုနောက်တွင် အီဂျစ်နယ်စပ်ဖြစ်သည့် အနောက်ဖက် မြေထဲပင်လယ်ကမ်းရိုးတမ်းနယ်များကိုပါ သိမ်းယူသည်။ အီဂျစ်အား သိမ်းပိုက်ရန်စီစဉ်သော်လည်း စစ်သည်များ ရောဂါဆိုးတစ်မျိုး ကူးစက်ခံရသဖြင့် ဆုတ်ခွာရသည်။ ထိုနောက် ဘေဘီလုံမှ ပုန်ကန်သဖြင့် ပြင်းထန်ရက်စက်စွာ နှိမ်နှင်းသည်။ ပုန်ကန်သူများအား သတ်ဖြတ်အပြစ်ပေးသည်။ မြို့သူမြို့သား နှစ်သိန်းခန့်ကိုလည်း သုံပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့တော်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုမှ အားမရသဖြင့် ယူဖရေးတီးမြစ်မှ ရေသယ်ယူသည့် တူမြောင်းကြီးအား ဘေဘီလုံမြို့သို့ ဖောက်ချသေးသည်။

ဘုရင် ဆနက်အာရစ်သည် ဘိုးဘေးများ တည်ထောင်သွားသည့် နန်းတော်အား တိုးချဲ့ပြုပြင်သည်။ မြို့တော်အား နင်နဗေး သို့ပြန်လည် ရွှေ့ပြောင်းပြီး အင်ပါယာ၏ ဗဟိုချက်မဖြစ်လာစေရန် အားထုတ်သည်။ ဖခင် ဒုတိယမြောက် ဆာဂွန်လက်ထက်က အစပျိုးခဲ့သည့် လမ်းမများဖောက်လုပ်ခြင်းနှင့် စာတိုက်စနစ်များအား တိုးချဲ့ဖွံဖြိုးစေသည်။ ထို့ကြောင့် ကုန်စည်ကူးသန်းရေးတွင်လည်းကောင်း၊ လက်အောက်ခံဘုရင်ခံများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ တိုက်ပွဲကာလများတွင် စစ်တပ်များအား လွယ်ကူစွာ အရွှေ့အပြောင်း လုပ်နိုင်သဖြင့် လည်းကောင်း များစွာ တိုးတက်လာသည်။ မြို့တော် ရေရရှိရေးအတွက် မိုင်သုံးဆယ်ကျော်အရပ်မှ ရေအား သယ်ယူသည်။ ထိုရေသယ်ယူရာ မြစ်ကြောင်းတစ်နေရာတွင် ကျောက်သားတမံ တူးမြောင်းတစ်ခုကို တည်ဆောက်ထားပြီး ၎င်းမှာ ကမ္ဘာ့ရှေးအကျဆုံး ကျောက်သားတမံတူးမြောင်း ဖြစ်သည်။

နင်နဗေးမြို့တော်[ပြင်ဆင်ရန်]

နင်းနဗေးမြို့တော်သည် မြို့ရိုးနှစ်ထပ်ကာရံထားသော မြို့ဖြစ်ပြီး အပြင်မြို့ရိုးသည် တိုက်ဂရစ်မြစ်ကမ်းနဖူးပေါ်တွင် အရှည်နှစ်မိုင်ခွဲခန့် ရှိသည်။ ကျန် အစိတ်အပိုင်းများမှာ ရှစ်မိုင်ကျော် ရှည်လျားသည်။ ထိုအတွင်းတွင်မှ အတွင်းမြို့ရိုးဖြင့် ကာရံထားသည့် နန်းတော်တည်ရှိပြန်သည်။ ဘုရင် ဆနက်အာရစ်သည် ဥယျာဉ်စိုက်ပျိုးရေးတွင် အထူးဝါသနာပါသူဖြစ်သဖြင့် မြို့တော် နင်နဗေးပန်ဝန်းကျင်ရှိ တိုက်ဂရစ်မြစ်ကမ်းတစ်လျှောက်တွင် ဥယျာဉ်များစိုက်ပျိုးစေသည်။ ထိုဥယျာဉ်များတွင် သူ့အင်ပါယာအတွင်းရှိ ထူးခြားသည့် သစ်ပင်ပန်းပင်များအား စိုက်ပျိုးထားရှိစေသည်။ ထိုအပင်များအနက် အိန္ဒိယမှ ယူဆောင်လာသည့် ဝါပင် လည်းပါဝင်သည်။

အီဂျစ်အား အနိုင်ရခြင်း[ပြင်ဆင်ရန်]

ဆနက်အာရစ်အား ဆက်ခံ၍ ဘီစီ ၆၈၁တွင် သားတော် အီဆာဟက်ဒွန်(Esarhaddon) (ဘီစီ ၆၈၁-၆၉၉)နန်းတက်လာသည်။ ၎င်းလက်ထက်တွင် အီဂျစ်က မြေထဲပင်လယ် ကမ်းခြေဒေသရှိ နိုင်ငံငယ်များအား ပုန်ကန်ရန် အားပေးသဖြင့် အီဂျစ်သို့ စစ်ချီသည်။ အီဂျစ်အောက်ပိုင်းဖြစ်သည့် နိုင်းမြစ်ဝှမ်းဒေသအား သိမ်းယူပြီးချိန်တွင် အီဆာဟက်ဒွန် ကွယ်လွန်သဖြင့် သားတော် အဆူးဘာနီပါ(Assurbanipal)(၆၉၉-၆၂၆) မှ ဆက်လက်ဦးဆောင်သည့်အတွက် အီဂျစ်လည်း အညံ့ခံရသည်။

အဆီးရီးယား တပ်မတော်[ပြင်ဆင်ရန်]

ဒုတိယ ဆာဂွန်လက်ထက်တွင် တည်ထောင်လာသည့် အဆီးရီးယား တပ်မတော်ကြီးသည် ၎င်း၏မြေးတော်စပ်သည့် အီဆာဟက်ဒွန် လက်ထက်တွင် အင်အားအင်မတန် တောင့်တင်းသည့် စစ်တပ်ကြီး ဖြစ်လာခဲ့သည်။ ထိုစစ်တပ်ကြီးသည် သံ လက်နက်တပ်ဆင်ထားသည့် စစ်တပ်ကြီးဖြစ်သည်။ တပ်ဖွဲ့စည်းပုံအရ စစ်သည်အများစုမှ လေးသည်တော်များဖြစ်ပြီး ၎င်းနောက်တွင် လှံရှည်ကိုင်သည့် ဒိုင်းကာ ခြေလျင်စစ်သည်များဖြစ်သည်။ ထိုနောက်တွင် မြင်းတပ်နှင့် မြင်းဆွဲစစ်ရထားများ ပါဝင်သည်။

ထို့အပြင် ဘီးခြောက်လုံးပါ သံချပ်ကာရထားများအား မြို့ရိုးဖျက်လက်နက်အဖြစ် သုံးကြသေးသည်။ ထို သံချပ်ကာကားပေါ်တွင် သံဖြင့် ကာရံထားသည့် မျှော်စင်ငယ် နှစ်ခုပါဝင်ပြီး တစ်ခုမှာ အုပ်ချုပ်သူအကြီးအကဲအတွက်ဖြစ်ပြီး ကျန်တစ်ခုမှာ လေးသည်တော်များအတွက်ဖြစ်သည်။ ထိုလက်နက်များအပြင် ကျော်ကြားသည့် အဆီရီးယန်းတပ်သားတို့၏ အရည်အချင်းတစ်ရပ်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် မြို့ပြများသည် ပြာပုံအတိကျန်ရစ်တတ်သည့် အပြင် ခုခံတိုက်ခိုက်သည့် ထိုမြို့၏အကြီးအကဲ၊ ရှင်ဘုရင် စသူတို့မှာလည်း အရှင်လတ်လတ် တံကျင်လျှိုကာ သတ်ဖြတ်ခြင်းကို ခံရသေးသည်။ မြို့သူမြို့သားများကိုလည်း သတ်ဖြတ်ကာ အစုလိုက်ပုံထားလေ့ရှိသည်။ ထို့နောက်တွင် ရှိသမျှသော ရွှေငွေ စည်းစိမ်ဥစ္စာ၊ ဆိတ်၊ ကျွဲ၊ နွား၊ မြင်း စသဖြင့် မကျန်လေအောင် သိမ်းယူလေ့ရှိသည်။ အညံ့ခံသည့်တိုင် ရှင်ဘုရင်အား ခေါင်းဖြတ်၍ ထိုခေါင်းပြတ်ကို အမတ်များက လည်တွင် ဆွဲထားရပြန်သည်။

အင်ပါယာ ယိမ်းယိုင်လာခြင်း[ပြင်ဆင်ရန်]

အကြောင်းရင်းများ[ပြင်ဆင်ရန်]

နိုင်ငံကျယ်ပြန့်လာသည့်အတွက် စစ်တပ်ကိုလည်း တိုးချဲ့လာရသည်။ ယခင်ကာလများက လယ်သမားများအနေဖြင့် စစ်ပွဲအချိန်များမဟုတ်လျှင် လယ်ယာစိုက်ပျိုးပြီး စစ်ပွဲရှိလျှင် စစ်မှုထမ်းကြရသည်။ သို့သော် အမြဲတမ်းစစ်တပ်တည်ထောင်လိုက်သောအခါတွင် လယ်သမားတို့အနေဖြင့် စစ်မှုထမ်းခြင်းဖြင့်သာ အသက်မွေးရတော့ပြီး လယ်ယာစိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင်း အင်ပါယာတစ်ဝှမ်းတွင် စိုက်ပျိုးသူမဲ့ လယ်မြေများ ပေါများလာပြီး စီးပွားရေး ဆုပ်ယုတ်လာသည်။

ထိုသို့ စီးပွားရေး ကျဆင်းနေချိန်တွင် အင်ပါယာအတွင်းသို့ စီးပွားရေး အမြင်ကျယ်သည့် အာရေးမီးယန်း(Arameans) လူမျိုးများ ဝင်ရောက်လာပြီးနောက် နိုင်ငံ၏စီးပွားရေးကဏ္ဍကို အချိန်တိုအတွင်း ဦးဆောင်နိုင်သူများ ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့် အဆီးရီးယန်းဘာသာစကားနှင့် အာရေးမီးယန်းဘာသာစကားနှစ်ခုတွင် အာရေးမီးယန်းဘာသာစကားမှာ အသုံးကျယ်ပြန့် တွင်ကျယ်လာပြီး အဆီးရီးယန်းဘာသာစကားမှာ ကျဆင်းလာသည်။ မြို့တော် နင်နဗေးမှာပင် အဆီးရီးယန်းဘာသာစကားထက် အာရေးမီးယန်းဘာသာစကားကို ပိုမိုအသုံးပြုလာကြသည်။

ထိုအချက်များကြောင့် အင်ပါယာယိမ်းယိုင်လာသည့်အချိန်တွင် အဘက်ဘက်မှ မျိုးနွယ်စုများက အင်ပါယာဗဟိုချက်ကို ဦးတည်ကာ ကျူးကျော်ရွှေ့ပြောင်း အခြေချလာကြခြင်းမှာလည်း ပြဿနာကြီးတစ်ရပ်ဖြစ်လာသည်။ တောင်ဖက်မှ အာရေးမီးယန်းများ၊ အရှေ့ဖက်ပါရှန်းပင်လယ်ကွေ့ဖက်မှ ကယ်လ်ဒီးယန်းများ(Caldians)၊ မြောက်ဖက်မှ အင်ဒို-ဥရောပအနွယ်ဝင်များဖြစ်သည့် မီးဒီးစ်လူမျိုး(Medes) နှင့် ပါရှန်းလူမျိုး(Persians) များ ဦးဆောင်ဝင်ရောက်လာကြသည်။ အဘက်ဘက်မှ လူလှိုင်းကြီးများသဖွယ် အုပ်စုကြီးငယ်ဖြင့် ဝင်ရောက်အခြေချလာကြခြင်းကို အဆီးရီးယန်းတို့ မည်သို့မှ မဖြေရှင်းနိုင်ကြတော့ပေ။

အင်ပါယာပြိုလဲစေသည့် အရေးကြီးသည့် အချက်တစ်ချက်မှာ စစ်တပ်အတွင်းတွင် လက်အောက်ခံနိုင်ငံများမှ နိုင်ငံခြားသားများ များပြားလွန်းနေခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အမှန်တကယ် ပျက်စီးချိန်ကြုံသောအခါတွင် အဆိုပါ နိုင်ငံခြားသားတို့မှာ မည်သို့မျှ အားထုတ်ကြိုးပမ်းခြင်းမရှိတော့ဘဲ အဆီးရီးယန်းများပျက်လျှင် မိမိတို့ လွတ်လပ်မည် ဟူသော အတွေးမျိုးဖြင့်ပင် ရန်သူဖက်မှ ပါကြတော့သည်။

ပျက်စီးခြင်း[ပြင်ဆင်ရန်]

ဘီစီ ၆၁၆တွင် တောင်ပိုင်းဒေသများရှိ ကယ်လ်ဒီးယန်းတို့သည် အဆီးရီးယန်းတို့အား ဆန့်ကျင်သည့် အနေဖြင့် ဘေဘီလုံအား မြို့တည်ကာ နဘိုပေါ်လက်ဆာ(Nabopolassar) ဆိုသူက အက်ကတ်ဘုရင်(King of Akkad) အမည်ဖြင့် အုပ်ချုပ်လေသည်။ နောက်တစ်နှစ်အကြာတွင် အဆူးမြို့တော်ဟောင်းအထိ ချီတက်တိုက်ခိုက်လာသည်။ ထိုတိုက်ပွဲများတွင် အဆူးမြို့တော် မကျသော်လည်း အဆီးရီးယန်းတပ်များက နှစ်ကြိမ်တိုင်တိုင် မရှုမလှရှုံးနှိမ့်သည်။

ဘီစီ ၆၁၄တွင် မြောက်ပိုင်းမှ မီးဒီးစ်တို့သည် ဘုရင် ဆိုင်းယက်ဆီရိစ်(Cyaxares)၏ ဦးဆောင်မှုဖြင့် အဆူးမြို့တော်ကို သိမ်းပိုက်သည်။ ထိုနောက် နဘိုပေါ်လက်ဆာနှင့် ဆိုင်းယက်ဆီရိစ်တို့ မဟာမိတ်ဖွဲ့ကာ နင်နဗေးမြို့တော်ကို တိုက်ခိုက်သည်။ အဆီးရီးယန်းတို့အနေဖြင့် နှစ်ကြိမ်တိုင်တိုင် ရွပ်ရွပ်ချွံချွံ ခုခံကြသော်လည်း တတိယအကြိမ် ဘီစီ ၆၁၂တွင် နင်နဗေးမြို့တော်သည် ပြပုံဘဝသို့ ဆင်းသက်ရသည်။ ထိုပြာပုံ၊ မီးခိုးလုံးကြီးအား မြင်တွေ့ရသည့်အတွက် ရက်စက်သည့်အင်ပါယာအောက်မှ လွတ်မြောက်သည့်အထိမ်းအမှတ်ဖြင့် လူတို့၏ ဟစ်ကြွေးသံမှာ ကပ်စပီယန်ပင်လယ်မှ နိုင်းမြစ်ဝှမ်းအထိ တစ်ခဲနက် ပေါ်ထွက်လာသည်ဟုပင် ဆိုစမှတ်ပြုကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)