ဝီလျံ အီးဝတ် ဂလက်စတုန်း

ဝီကီပီးဒီးယား မှ
ဝီလီယံ အီးဝပ် ဂလက်စတုန်း

အင်္ဂလန်နိုင်ငံရေးခေါင်းဆောင်ကြီး ဝီလျံ၊ အီးဝပ်၊ ဂလက် စတုန်းသည် အလွန်ကျော်ကြားခဲ့ရာ ထိုကျော်ကြားခြင်း၏ အကြောင်းရင်းမှာ ဂလက်စတုန်းသည် ဗြိတိသျှပါလီမန် အောက်လွှတ်တော်တွင် အနှစ် ၆ဝ ကျော်မျှ အမတ်အဖြစ်ဖြင့် ပါဝင်ခဲ့ခြင်း၊ လစ်ဘရယ်ပါတီကို အနှစ် ၃ဝ ကျော်မျှ ခေါင်း ဆောင်မှုပေးခဲ့ခြင်း၊ နန်းရင်းဝန်အဖြစ်ဖြင့် ၄ ကြိမ် ဆောင်ရွက် ပေးခြင်းတို့အပြင် နိုင်ငံရေးနယ်ပယ်နှင့် လူမှုရေးနယ်ပယ်တို့ တွင် ပြောင်းလဲတိုးတက်မှု စီမံချက် အများအပြား ဖန်တီးကြံ ဆောင်ခဲ့ခြင်းတို့ ဖြစ်သည်။ ဂလက်စတုန်းသည် ၁၈ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် လီဗာပူးမြို့၌ ဖွားမြင်သည်။ မိဘ များမှာ စကော့မျိုးရိုးဖြစ်၍ ကြွယ်ဝသော ကုန်သည်ကြီးများ ဖြစ်ကြသည်။ သူသည် အီတန်ကျောင်း၌ ပညာသင်ကြားပြီး နောက် အောက်စဖို့တက္ကသိုလ်၊ ခရိုက်စချပ်ကောလိပ်ကျောင်း တွင် ဆက်လက်ဆည်းပူးခဲ့ရာ သင်္ချာတွင်၎င်း၊ ဂရိနှင့်လက်တင် စာပေတွင်၎င်း ပထမတန်း ဂုဏ်ထူး ၂ထပ်ဖြင့် ၁၈၃၁ ခုနှစ် တွင် အောင်မြင်ခဲ့သည်။ ဂလက်စတုန်းသည် အယူဝါဒကို ကိုင်းရှိုင်းသူဖြစ်၍ ခရစ်ယာန်ဘုန်းကြီးဖြစ်လိုစိတ် ရှိခဲ့၏။ သို့သော် မိဘများ၏ ဆန္ဒအရ နိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်လာခဲ့၏။

၁၈၃၃ ခုနှစ်၊ အသက် ၂၄ နှစ်အရွယ်တွင် ဂလက်စတုန်း သည် ပါလီမန်အောက်လွွှတ်တော်သို့ တိုရီပါတီဝင်အမတ် အဖြစ်ဖြင့် အရွေးခံရသည်။ ၁၈၃၄ ခုနှစ်၌ ဆာရောဘတ်ပီး ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပထမဦးစွာ ဘဏ္ဍာရေး ဌာန၊ထို့နောက် ကိုလိုနီဆိုင်ရာဌာန၌ ဝန်ကလေးအဖြစ် ခန့်ထားခြင်းခံခဲ့ရသည်။ သို့သော် ၁၈၃၅ ခုနှစ်တွင် ပီး၏ အစိုးရအဖွဲ့ ပြုတ်ကျသွားလေသည်။ ၁၈၄၁ ခုနှစ်တွင် တိုရီ ပါတီကတစ်ဖန် အစိုးရဖွဲ့နိုင်ပြန်သောအခါ ဂလက်စတုန်းသည် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကလေး ဖြစ်လာပြန်သည်။ ၁၈၄၃ ခုနှစ်တွင် ယင်းဌာန၌ ဝန်ကြီးခန့်ထားခြင်းခံရ၍ ကက်ဘီနက်အဖွဲ့ဝင် အဆင့်အတန်း ရရှိသော ဝန်ကြီးတစ်ဦး ဖြစ်လာသည်။ ၁၈၄၅ ခုနှစ်တွင် ကိုလိုနီဆိုင်ရာ ဝန်ကြီးအဖြစ် ဖြင့် ပြောင်းလဲဆောင်ရွက်သည်။

၁၈၄၆ ခုနှစ်တွင် ဂျုံသွင်းကုန်ပေါ်၌ အကောက်ခွန်ကောက်ခြင်းကို ဆာရောဘတ်ပီးက ပယ်ဖျက်ရန် ကြိုးစားသောအခါ သူ၏ နောက်လိုက် တိုရီ (ဝါ) ကွန်ဆားဗေးတစ်ပါဝင် အများအပြားနှင့် သဘောထားကွဲလွဲ၍ ရာထူးမှ နုတ်ထွက်လိုက်လေသည်။ ပီးနှင့်အတူ ဂလက်စတုန်းအပါအဝင် အစိုးရတစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်ကြပြီးနောက် တိုရီပါတီနှင့် ဂလက် စတုန်းသည် အဆက်ပြတ်ပြီးနောက် ၁၃ နှစ်ကြာမှ လစ်ဘရယ်ပါတီသို့ ဝင်သည်။ ဂလက်စတုန်းသည် ပါလီမန်အမတ်အဖြစ်မှ လည်းနုတ်ထွက်သည်။ တစ်ဖန်ပြန်လည် အရွေးခံရာ ချက်ချင်းပင် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

၁၈၅၂ ခုတွင် ဂလက်စတုန်းသည် အတိုက်အခံအမတ်အဖြစ်နှင့်ရှိစဉ် ကွန်ဆားဗတစ်(တိုရီ)ပါတီအစိုးရ၏ဘဏ္ဍာရေးဝန်ကြီး ဗယ်ဂျမင်ဒစ်ဇရေလီ တင်သွင်းသော ဘတ်ဂျက် (ဝါ) အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းကို ထိရောက်စွာ မိမိရရ ဝေဖန်၍ အချေအတင်ပြောဆိုရာ၌ အနိုင်ရလိုက်သောကြောင့် ဝိုင်းဝန်းချီးကျူးခြင်း ခံရ၏။ စကားပြောကောင်းသည်။ အချက်အလက် နိုင်နင်းသည်ဟူ၍လည်း နာမည်ကျော်သွားလေသည်။ ဤသည်မှစ၍ ဂလက်စတုန်းနှင့် ဒစ်ဇရေလီတို့သည် နာမည်ကျော် နိုင်ငံရေးပြိုင်ဘက်များ ဖြစ်လာကြ၏။ ထိုနှစ်၌ပင် ကွန်ဆားဗေးတစ်အစိုးရ ပြုတ်ကျ၍ ပီးဂိုဏ်းသားလော့အဗာဒင်းက လစ်ဘရယ်တို့၏ ထောက်ခံမှုဖြင့် အစိုးရဖွဲ့နိုင်ရာ ဂလက်စတုန်းသည် ၁၈၅၃ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးရာထူးကို လက်ခံခဲ့၏။ အဗာဒင်း၏ အစိုးရသည် ၁၈၅၅ ခုနှစ်အထိ တည်မြဲခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် ဂလက်စတုန်းသည် လစ်ဘရယ်ပါတီသို့ ဝင်လိုက်သည်။ ၁၈၅၉ ခုမှ ၁၈၆၆ ခုနှစ်အထိ လစ်ဘရယ်အစိုးရအဖွဲ့များတွင် ဂလက်စတုန်းသည် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဂလက်စတုန်းသည် ၁၈၆၈ ခုနှစ်တွင် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ်ဖြင့် ပထမအကြိမ် အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့သည်။ ဂလက်စတုန်း နန်းရင်းဝန်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ၄ ကြိမ်မှာ ၁၈၆၈ ခုမှ ၁၈၇၄ ခုနှစ်အထိ တစ်ကြိမ်၊ ၁၈၈ဝ ပြည့်မှ ၁၈၈၅ ခုနှစ်အထိတစ်ကြိမ်၊ ၁၈၈၆ ခု၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိတစ်ကြိမ်၊ ၁၈၉၂ ခုမမှ ၁၈၉၄ ခုအထိ နောက်ဆုံး တစ်ကြိမ်ဖြစ်သည်။ ပထမဦးဆုံး နန်းရင်းဝန်ဖြစ်သည့်အခါ ဂလက်စတုန်းမှာ အသက် ၅၉ နှစ်ရှိပြီ။

ဂလက်စတုန်း ပထမအကြိမ် နန်းရင်းဝန်အဖြစ်တွင် အရေးကြီးသော ပြောင်းလဲတိုးတက်မှုများကို အောင်မြင်စွာ ဖန်တီးခဲ့၏။ ယင်းတို့မှာ အများပြည်သူတို့ ပညာသင်သော မူလတန်း စာသင်ကျောင်းများကို အစိုးရက အထောက်အပံ့ပေးခြင်း၊ အောက်စဖို့နှင့် ကိမ်းဘရစ်တက္ကသိုလ်များသို့ အယူဝါဒဆိုင်ရာ ချုယ်ချယ်တားဆီးမှုမရှိဘဲ ဝင်ခွင့်ပြုခြင်း၊ နိုင်ငံရေးရွေးကောက်ပွဲများတွင် လျှို့ဝှက်သောမဲစနစ်ဖြင့် မဲပေးစေခြင်း၊ အင်္ဂလိပ်လက်အောက်ဖြစ်သော အိုင်ယာလန်ပြည်တွင် ပြည်သူအများက ဗရင်ဂျီဂိုဏ်းဝင်ဖြစ်သော်လည်း အင်္ဂလိပ်ခရစ်ယာန်ဂိုဏ်း အယူဝါဒကို နိုင်ငံတော် အယူဝါဒအဖြစ်ဖြင့် ပြဋ္ဌာန်းထားခြင်းကို ၁၈၆၉ ခုတွင် ပယ်ဖျက်ခဲ့ခြင်း၊ အိုင်ယာလန်တောင်သူလယ်သမားများအား နစ်နာခဲ့စေသော မြေယာစနစ်ကို သက်သာမှုရရှိရန် ၁၈၇ဝ ပြည့်နှစ်တွင် အက်ဥပဒေပြဋ္ဌာန်း၍ ပြောင်းလဲပေးခြင်း၊ နိုင်ငံတော် စစ်တပ်တွင် ဗိုလ်ရာထူးများကို ငွေဖြင့်ဝယ်နိုင်မှသာ စစ်ဗိုလ်ဖြစ်နိုင်သော စနစ်ကို ပယ်ဖျက်ခြင်းတို့ ဖြစ်သည်။

၁၈၇၄ ခုနှစ်မှ ၁၈၈ဝ ပြည့်အထိ ဂလက်စတုန်းသည် အတိုက်အခံခေါင်းဆောင်အဖြစ်ဖြင့် နန်းရင်းဝန် ဒစ်ဇရေလီ၏ နယ်ချဲ့ဝါဒကို ပြစ်တင်ဝေဖန်ခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် ပါလီမန် ရွေးကောက်ပွဲကျင်းပရာ မစ်ဒလိုသီယန်နယ်တွင် မိန့်ကြားသည့် ဂလက်စတုန်း၏ မဲဆွယ်မိန့်ခွန်းများမှာ အလွန်အချက်ကျ၍ ထိမိလှပေသည်။ ရွေးကောက်ပွဲဲအပြီးတွင် လစ်ဘရယ်ပါတီ အာဏာရလာပြီးနောက် ဂလက်စတုန်းလည်း ဒုတိယအကြိမ် နန်းရင်းဝန် ဖြစ်လာပြန်သည်။

ဂလက်စတုန်းသည် ၁၈၈၆ ခုနှစ်တွင် တတိယအကြိမ် နန်းရင်းဝန်ဖြစ်လာ၍ အိုင်ယာလန်ကို ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် ဥပဒေကြမ်းတင်သွင်းသောအခါ သူ၏ လစ်ဘရယ်ပါတီဝင်အချို့က သဘောမတူ ကန့်ကွက်သဖြင့် မဲရှုံးပြီးလျှင် အစိုးရအဖွဲ့ ပြုတ်ကျသွားသည်။ လစ်ဘရယ်ပါတီလည်း ၂ ခြမ်းကွဲသွားလေသည်။ အတိုက်အခံဖက်တွင် ၆ နှစ်မျှ နေရပြီးနောက် ၁၈၉၂ ခုနှစ်တွင် နောက်ဆုံးအကြိမ် နန်းရင်းဝန်ဖြစ်လာပြန်သည်။ ထိုအခါတွင် အိုင်ယာလန် ဟုမ္မရူးဥပဒေကြမ်းကို တင်သွင်းပြန်ရာ အောက်လွှတ်တော်က လက်ခံခဲ့သော်လည်း ပါလီမန်အထက်လွှတ်တော်က ပယ်ချလိုက်ပြန်သည်။

ဂလက်စတုန်းသည် ၁၈၉၄ ခုနှစ် အသက် ၈၅ နှစ်အရွယ်တွင် နိုင်ငံရေးနယ်ပယ်မှထွက်၍ အေးငြိမ်းစွာနေထိုင်လေသည်။ ၁၈၉၈ ခုနှစ်တွင် အနိစ္စရောက်ရာ ဝက်စမင်စတာအက်ဗေး ဘုရားရှိခိုးကျောင်းတွင် မြှုပ်နှံထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)