လေးမျက်နှာ ပုထိုးတော်ကြီး

ဝီကီပီးဒီးယား မှ
ပုဂံရှိ လေးမျက်နှာဘုရား အတွက် လေးမျက်နှာဂူဘုရား ကို ကြည့်ပါ။

လေးမျက်နှာပုထိုး​တော်ကြီးသည် ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှ အထင်ကရပုထိုး​တော်တစ်ဆူ ဖြစ်သည်။ ထုက္ကံသိမ် ပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။ မြို့တည်ဘုရား ငါးဆူ အနက် တစ်ပါးအဝင်ဖြစ်သည်။ ဤပုထိုး​တော်ကို မင်း​စောမွန် ဘုရင်က ​ကောဇာ ၇၉၂ ခု ခရစ် ၁၄၃၀၌ တည်ထားခဲ့သည်။ မင်း​စောမွန်အား မြောက်ဦးမြို့တည် မင်းတရားအဖြစ် အရပ်​လေးမျက်နှာ၌ ရှိကြသော တိုင်းပြည်တို့အား သိ​စေခြင်းငှာ အရပ်​လေးမျက်နှာသို့ မုခ်​လေးခု ဖွင့်လှစ်တည်​ဆောက်ခဲ့သည်။ ထို့ကြောင့် မုခ်​လေးတန်ပုထိုးဟုလည်း ​ခေါ်သည်။ ဤပုထိုးမှရ​သော ဌာပနာဖုံး ကျောက်ပြားတစ်ချပ်၌ ကျောက်စာ များ​ရေးထိုးပါရှိသည်။ သို့​သော် သက္ကရာဇ် ၇၉၂ ခု ဟူ​သော စာကြောင်းမှအပ ကျန်စာကြောင်းများ မှုန်ဝါးကာ ဖတ်မရ​တော့​ပေ။ ​လေးမျက်နှာဘုရားတံတိုင်းထဲ၌ ပိဋကတ်တိုက်တစ်လုံး တည်ရှိခဲ့သည်။

Le Myet Hna Temple - Mrauk U

လေးမျက်နှာပုထိုး​တော်ကြီးကို ကျောက်အုတ်များဖြင့် တည်​ဆောက်ထားသည်။ ပုထိုး​အောက်ခြေသည် စတုရန်းပုံဖြစ်၍ မုခ်​လေးခုဖွင့်ထားသည်။ ပုထိုး​တော်၏​ထောင့်များတွင် ​စေတီတစ်ဆူစီ၊ ​ပေါင်း​လေးဆူနှင့် အလယ်တွင် ​စေတီကြီးတစ်ဆူ ရှိသည်။ ​စေတီများပုံသဏ္ဌာန်မှာ ​ဝေသာလီ​ခေတ် စတူပါ ကျောက်စေတီငယ်များ ပုံစံအတိုင်းဖြစ်သည်။ မုခ်​လေးခုမှ တဆင့်ဝင်သွားပါက လှိုဏ်ဂူ​တော်သို့​ရောက်သည်။ အလယ်မဏ္ဍိုင်တွင် ဘုရားဆင်းတုရှစ်ဆူ ကျောချင်းကပ်တည်ရှိပြီး မျက်နှာချင်းဆိုင်နံရံတွင်လည်း ဂူ​ပေါက်ငယ်များ ရှိကာ ဆင်းတုအဆူ ၂၀ ကိန်းဝပ်သည်။ စုစု​ပေါင်း ဆင်းတု နှစ်ဆယ့်ရှစ်ဆူ တိတိ ​လေးမျက်နှာပုထိုးတွင် စံပါယ်သည်။ ဆင်းတု​တော်များ၏ပလ္လင်များတွင် ကျောက်ဆစ်လက်ရာများရှိသည်။ လေနှင့်အလင်း​ရောင်ရရှိရန် နံရံတွင် အလင်း​ပေါက်များ​ ဖောက်ထားသည်။

လေးမျက်နှာပုထိုး​တော်ကြီးသည် ရိုးစင်း​သောပိသုကာဟန်ဖြင့်တည်​ဆောက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြောက်ဦးဒေသ ရှေးဟောင်းအ​ဆောက်အုံများ - ယဉ်ကျေးမှုဝန်ကြီး ဌာန