လောင်းအိုင်စလန်

ဝီကီပီးဒီးယား မှ

လောင်းအိုင်စလန် (အင်္ဂလိပ်: Long Island) သည် အမေရိကန်နိုင်ငံနယူးယောက်မြို့ အရှေ့တောင်တွင်ရှိသော လူနေထူထပ်သည့် ကျွန်းဖြစ်ပြီး နယူးယောက်မြို့ပြဧရိယာတွင် ပါသည်။ နယူးယောက်ဆိပ်ကမ်းမှတွက်လျှင် မန်ဟတ်တန်ကျွန်း၏အရှေ့ဘက် ၃ ဖာလုံခန့်တွင် ကျွန်း၏အဖျားတဘက် ရှိ၏။ ၎င်းနောက် အရှေ့ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းသို့ မိုင် ၁၀၀ ကျော် (၁၆၀ ကီလိုမီတာ) ထိုးထွက်သွားသည်။ ကျွန်းပေါ်၌ စီရင်စု ၄ ခုရှိသည်။ နယူးယောက်မြို့၏ ဘာရိုများဖြစ်သော ဘရွက်ကလင်နှင့် ကွင်းစီရင်စုများ (ကင်းနှင့်ကွင်း ခေါ်သည်)၊ နက်ဆာစီရင်စုနှင့် ဆက်ဖေါ့စီရင်စုတို့ ဖြစ်သည်။ ရှေ့စီရင်စု ၃ ခုမှာ ကျွန်းအနောက်ဘက် သုံးပုံတပုံကို၎င်း၊ ဆက်ဖေါ့မှာ ကျွန်းအရှေ့ဘက် သုံးပုံနှစ်ပုံကို၎င်း နေရာယူသည်။ နယူးယောက်မြို့၏ လူဦးရေ တဝက်ခန့်မှာ လောင်းအိုင်စလန်တွင်ရှိ ဘရွက်ကလင်နှင့် ကွင်းတို့တွင် နေ၏။ [၁] ဘရွက်ကလင်နှင့် ကွင်းမှာ လောင်းအိုင်စလန်တွင် ရှိသော်လည်း နယူးယောက်မြို့ပြဧရိယာတွင်း နေသူတို့က "လောင်းအိုင်စလန်" (အတို "အိုင်စလန်") ဟု သုံးနှုန်းလျှင် နက်ဆာနှင့် ဆက်ဖေါ့တို့ကို ခေါ်ခြင်းဖြစ်သည်။ [၂] ထို့အတူပင် "မြို့" ဟု သုံးနှုန်းလျှင် မန်ဟတ်တန်သီးသန့်ကိုသာ ဆိုလိုပြန်၏။ [၃] နက်ဆာနှင့် ဆက်ဖေါ့တို့ကိုမူ နယူးယောက်ပြည်နယ်ဝင် စီရင်စုများအဖြစ်သာ သတ်မှတ်ကြသည်။ [၄]

၂၀၂၀ သန်းခေါင်စာရင်းအရ ကျွန်းပေါ်တွင် လူဦးရေ ၈,၀၃၆,၂၃၂ ယောက် ရှိပြီး နယူးယောက်ပြည်နယ်၏ ၄၀% မျှသောသူတို့ နေသည်။ [၅][၆][၇][၈][၉] အမေရိကန်ပိုင်နက်အတွင်း လူနေအများဆုံးကျွန်း ဖြစ်၏။ ကမ္ဘာပေါ်၌မူ (၁၈) ခုမြောက် လူနေအများဆုံးအဖြစ် နံပါတ်ချိတ်သည်။ အမေရိကတိုက်တွင် ဟစ္စပန်နီယိုလာနှင့် ကျူးဘားတို့နောက် တတိယလိုက်၏။ လူနေသိပ်သည်းမှုမှာ ၁ စတုရန်းမိုင်တွင် ၅,၅၉၅.၁ ယောက် ဖြစ်သည်။

ယဉ်ကျေးမှုအရသော်လည်းကောင်း၊ အမျိုးအနွယ်အရသော်လည်းကောင်း ကွဲပြားသူတို့ ယှဉ်တွဲနေထိုင်ကြသည်။ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးသူတို့က ဈေးအမြင့်ဆုံးပတ်ဝန်းကျင်ရှိသော ကမ်းရိုးတန်းပိုင်းတွင် နေ၏။ လက်လုပ်လက်စားတို့လည်း စီရင်စုအားလုံးတွင် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Annie Correal (August 12, 2021). "New York City adds 629,000 people, defying predictions of its decline". The New York Times.
  2. "About Long Island". LongIsland.com. Archived from the original on May 16, 2015. Many people in the New York metropolitan area (even those on the island in Queens and Brooklyn) use the term "Long Island" or "the island" to refer to the more suburban Nassau and Suffolk counties only.
  3. Jen Carlson (May 21, 2012). "Do You Refer To Manhattan As "The City"?". Gothamist. Archived from the original on October 25, 2016.
  4. Long Island. Official Website of New York State.
  5. "Annual Estimates of the Resident Population: April 1, 2010 to July 1, 2015 - 2015 Population Estimates". United States Census Bureau. Archived from the original on May 15, 2016.
  6. "Kings County, New York QuickFacts". U.S. Census Bureau. Archived from the original on February 17, 2016.
  7. "Queens County, New York QuickFacts". U.S. Census Bureau. Archived from the original on August 8, 2014.
  8. "Nassau County, New York QuickFacts". U.S. Census Bureau. Archived from the original on June 7, 2011.
  9. "Suffolk County, New York QuickFacts". U.S. Census Bureau. Archived from the original on June 24, 2011.