လက်ဖက်

ဝီကီပီးဒီးယား မှ
လက်ဖက်ရည်
Tea leaves steeping in zhong caj
လက်ဖက်ရွက် ထည့်စိမ်ထားသော အဖန်ရည်
အမျိုးအစားအပူ သို့မဟုတ် အအေး အဖျော်ယမကာ
မူရင်းထုတ်လုပ်သည့်နိုင်ငံတရုတ်[၁]
စတင်ရောင်းချသည့်နေ့ဘီစီ ၅၉ တွင် တရုတ်နိုင်ငံမှ စတင်ကြောင်း အစောဆုံး မှတ်တမ်းတင်ထားပြီး ထို့ထက်လည်း စောနိုင်သည်။[၂]

လက်ဖက် သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင်ထွန်းကားခဲ့သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံ တွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး၊ အိန္ဒိယတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စို နှင့် လက်ဖက်ခြောက် အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်ခြောက် တွင်လည်း အချိုခြောက် နှင့် အခါးခြောက် ဟူ၍ နှစ်မျိုးလုံး တွေ့ရသည်။ လက်ဖက်ခြောက်ကို ရေနွေးပူထဲထည့်ကာ လက်ဖက်ရည်လက်ဖက်ရည်ကြမ်းရေနွေးကြမ်းအခါးရည်အဖြစ် သောက်သုံးကြသည်။[၃]လက်ဖက်ရည်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် သောက်သုံးမှု အများဆုံးဖြစ်သည်။[၄] အိန္ဒိယတို့၏ လက်ဖက်အချိုခြောက်ကိုမူ ရေနွေးတွင် ကျကျနနနှပ်၍ နွားနို့၊ သကြားများ ထည့်ဖျော် သောက်သုံးကြသည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍ နှပ်ကာ ရရှိလာသော လက်ဖက်စို ကို အစာပလာမျိုးစုံရောပြီး လက်ဖက်သုပ် အဖြစ် စားသုံးကြသည်။ လက်ဖက် သို့မဟုတ် လက်ဖက်သုပ်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော ခဲဖွယ်တစ်ခုဖြစ်ရုံမက လွှတ်ရုံးများ၏ အဆုံးအဖြတ်၌ပင် လက်ဖက် စား၍ အမှုပြေငြိမ်းခြင်း၊ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့ကြသည်။

လက်ဖက်ပင်မူရင်းဒေသ[ပြင်ဆင်ရန်]

လက်ဖက်ပင် မူရင်းဒေသသည် ဧရာဝတီမြစ် မြစ်ဖျားခံရာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ ဖြစ်သည်။[ကိုးကားချက်လိုသည်]

သမိုင်း[ပြင်ဆင်ရန်]

ရှေးနှစ်ရာပေါင်းများစွာက တရုတ်နိုင်ငံတွင် ဘာသာရေးဘက်၌ ကိုင်းရှိုင်းလှသည့် ဗုဒ္ဓဝါဒီတစ်ဦး ရှိလေသည်။ ထိုသူသည် ကိုးနှစ်တိုင်တိုင် မအိပ်ဘဲ တရားအားထုတ်မည်ဟု အဓိဋ္ဌာန်ပြုကာ မအိပ်ဘဲ တရားအားထုတ်နေလာခဲ့ရာ သုံးနှစ်ကြာသောအခါ ရုတ်တရက် အိပ်ပျော်သွားမိသည်။ နိုးလာသောအခါ ဤမျှညံ့ဖျင်းရပါမည်လောဟု မိမိကိုယ်ကို မိမိ ဆုံးမသည့်အနေနှင့် သူ၏မျက်ခွံများကို လှီးဖြတ်ပြီးလျှင် လွှင့်ပစ်လိုက်ရာ မျက်ခွံများကျရာနေရာ၌ မြေတွင်အမြစ်တွယ်၍ အပင်လေးတစ်ပင်ပေါက်လာသည်။ ထိုအပင်ကား ကမ္ဘာတွင် ပထမဆုံးပေါက်လာသည့် လက်ဖက်ပင်ပင် ဖြစ်ပေ၏ဟု အချို့သော တရုတ်လူမျိုးများက အစဉ်အဆက် ပြောစမှတ်ပြုကြလေသည်။ ဤဝတ္ထုမှာ ရှေးဟောင်း ဒဏ္ဍာရီမျှသာဖြစ်၏။[ကိုးကားချက်လိုသည်]

တရုတ်နိုင်ငံ ရှေးဟောင်းသုတေသနဌာန တူးဖော်ရေး တစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်က လက်ဖက်စေ့ များ တွေ့ရှိဖူးသည်။ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနား ဒေသတွင် သက်တမ်း နှစ်တစ်ထောင့်နှစ်ရာ ရှိသော လက်ဖက်ပင်ကြီး တစ်ပင်ကို ထိန်းသိမ်းထားရှိသည်။[ကိုးကားချက်လိုသည်]

မြန်မာနိုင်ငံ တွင် ရှမ်းပြည်နယ်သည် အဓိက လက်ဖက်စိုက်ပျိုးသည့် ဒေသဖြစ်သလို ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးလာခဲ့သော အထောက်အထားများ တွေ့ရှိရသည်။

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နမ့်ဆန်မြို့ အနီးရှိ ပတ္တမြားစေတီ တည်ရှိရာ လွယ်ဆိုင်တောင် ထိပ်တွင် ပုဂံခေတ်က အလောင်းစည်သူမင်းကြီး တိုင်းခမ်းလှည့်လည်ချိန်တွင် စိုက်ပျိုးခဲ့သည်ဆိုသော လက်ဖက်ပင်ကြီးကို ထိန်းသိမ်း ထားရှိသည်။ မူကွဲတွင်မူ အလောင်းစည်သူ စိုက်ပျိုးခဲ့သည့် လက်ဖက်ပင်၏ လေးဆက်မြောက် လက်ဖက်ပင်ဟု ဆိုထားသည်။[ကိုးကားချက်လိုသည်]

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်အန်ကျေးရွာအုပ်စုထဲတွင်လည်း နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိနိုင်သည့် လက်ဖက်စိုက်ခင်းကြီးများ ရှိနေပြီး လေ့လာရန် လိုအပ်နေသေးသည်။[ကိုးကားချက်လိုသည်]

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဝမ်ဆိုင်းကျေးရွာအုပ်စုဝမ်ဆိုင်းရွာ တစ်ဝိုက်တွင် နှစ်ပေါင်း ရှစ်ရာခန့် သက်တမ်းရှိသော ရှေးဟောင်းလက်ဖက်ခင်းကြီးများ တွေ့ရှိရပြီး နာမည်ကျော် ဝမ်ဆိုင်းလက်ဖက် ကို ထုတ်လုပ်လျက်ရှိသည်။[ကိုးကားချက်လိုသည်]

တရုတ်နိုင်ငံတွင် နှစ်တစ်ထောင့်နှစ်ရာ သက်တမ်းရှိ လက်ဖက်ပင် ရှိသော်လည်း တစ်ပင်တည်းသာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တွေ့ရသော သက်တမ်းရင့် လက်ဖက်ပင်ကြီးများမှာ အရေအတွက် ထောင်ချီ ရှိသည့် ရှေးဟောင်းလက်ဖက်စိုက်ခင်းကြီးများ ပုံစံ တွေ့ရခြင်းဖြစ်သဖြင့် စီးပွားဖြစ် လက်ဖက် အကြီးအကျယ်စိုက်ပျိုးမှုမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်က တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားဒေသထက် ပိုမို ရှေးကျဖွယ်ရာ ရှိသည်။

လက်ဖက်အစို လက်ဖက်သုပ် သမိုင်း[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်အရှေ့ပိုင်းနေ အန် မျိုးနွယ်စုဝင် တိုင်းရင်းသားတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ရာ ခန့်ကပင် လက်ဖက်စို ပြုလုပ် စားသုံးခဲ့ကြကြောင်း အထောက်အထားများ တွေ့ရှိပြီး ဖြစ်သည်။ [၅][ကိုးကားချက်လိုသည်]

မြန်မာနိုင်ငံ နှင့် လက်ဖက်ယာဉ်ကျေးမှု[ပြင်ဆင်ရန်]

ထို့ကြောင့်ပင် လက်ဖက်စို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက် မျိုးစုံလင်ကာ ရှေးဟောင်းလက်ဖက်စိုက်ခင်းကြီးများရှိနေသော၊ လက်ဖက်ဆိုင်ရာ ယာဉ်ကျေးမှုများ အစုံအလင် တွေ့ရှိထွန်းကားလျက်ရှိသော၊ မြန်မာ့လက်ဖက်ယဉ်ကျေးမှုသည် ကမ္ဘာတွင် ထူးခြားလှပေသည်။ အရပ်သားအစိုးရအဖွဲ့လက်ထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ယူနက်စကို ဒြပ်မဲ့ယာဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် စတင်လုပ် ဆောင်ခဲ့ရာ လုပ်ဆောင်ဆဲ ဖြစ်သည်။[ကိုးကားချက်လိုသည်]

ကမ္ဘာသို့ လက်ဖက်ယာဉ် ကျေးမှု ပျံ့နှံ့ခြင်း[ပြင်ဆင်ရန်]

ဥရောပတိုက်တွင်မူ လွန်ခဲ့သော နှစ်ပေါင်းသုံးရာလောက်ကမှ လက်ဖက်ကို စတင်အသုံးပြုလာခဲ့ကြသည်။ သို့သော် ထိုစဉ်က မင်းစိုးရာဇာနှင့် သူဌေးသူကြွယ်များသာလျှင် လက်ဖက်ရည်ကို သောက်သုံးနိုင်ကြ၏။ အကြောင်းမှာ အလွန်ဝေးကွာသော အရပ်ဒေသမှ အမျိုးမျိုးသော ဒုက္ခ အပေါင်းကိုကျော်လွန်၍ ယူဆောင်လာခဲ့ရသဖြင့် လက်ဖက်မှာ ထိုအချိန်က အလွန်ဈေးကြီးသောကြောင့်ဖြစ်၏။ ယခုခေတ်တန်ဖိုးနှင့်ပြောရလျှင် အလေးချိန်တစ်ပေါင်ကို ဒေါ်လာငွေ လေးငါးရာခန့်ပင် တန်ဖိုးရှိခဲ့ပေသည်။ အချို့မှာ လက်ဖက်ကို မည်သို့အသုံးပြုရမည်ကိုပင် မသိရှာကြချေ။ လက်ဖက်ကို ဟင်းသီးဟင်းရွက်သဖွယ် ရေတွင်ပြုတ်ပြီးနောက် အရည်ကိုသွန်ပစ်၍ အဖတ်ကိုသာ ထောပတ်နှင့် ဆားထည့်ကာ စားသောက်သူများရှိခဲ့ဖူးသည်ဟု ဆိုလေသည်။ သို့ရာတွင် ယခုအခါ လက်ဖက်သည် လူတိုင်းသုံးစွဲနိုင်လောက်အောင် ပေါ၍နေပေပြီ။ ကမ္ဘာတွင် ရေမှလွဲလျှင် လူတို့သည် လက်ဖက်ရည်ကို အသောက်အများဆုံး အခြေသို့ပင် ရောက်နေလေပြီ။ အင်္ဂလန်အမေရိကန်ဩစတြေးလျနယူးဇီလန် စသောနိုင်ငံများတွင် လက်ဖက်ရည်ကို များစွာအသုံးပြုလျက်ရှိကြ၏။ တရုတ်ဂျပန်အိန္ဒိယမြန်မာနှင့်တကွ အခြားသော အရှေ့ဖျားနိုင်ငံများတွင်မူ လက်ဖက်ကို အင်္ဂလန်နိုင်ငံမှာထက်ပင်ပို၍ အသုံးများကြပေသေးသည်။ လက်ဖက်ကို ယခင်က နှစ်ပေါင်းအတော်ကြာအောင်ပင် တရုတ်နိုင်ငံမှသာ ရရှိခဲ့ကြလေသည်။ တရုတ်နိုင်ငံတွင်ကား ဆိုခဲ့သည့်အတိုင်း နှစ်ထောင်ပေါင်းများစွာကပင် လက်ဖက်ပင်များကို စိုက်ပျိုးခဲ့ကြသည်။ တရုတ်နိုင်ငံမှ တဆင့် ဂျပန်နိုင်ငံသို့ ရောက်ခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ လောက်ကမှ ဗြိတိသျှလူမျိုးတို့သည် လက်ဖက်ပင်များကို အိန္ဒိယနိုင်ငံ၌ စတင်စိုက်ပျိုးခဲ့ကြ၍ ဒပ်ချ်လူမျိုးတို့ကလည်း အရှေ့အိန္ဒိယ ကျွန်းစုတွင်စ၍ စိုက်ပျိုးခဲ့ကြလေသည်။ ယခုအခါတွင်ကား လက်ဖက်များကို အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းဆူမတြားနှင့် ဂျားဗားကျွန်းတို့မှ အမြောက်အမြား တင်သွင်းရရှိနေပေပြီ။ အာဖရိကတိုက်ရှိ အချို့သော ဒေသများမှလည်း လက်ဖက်ကို အနည်းငယ်ရနိုင်သည်။ လက်ဖက်ပင်သည်နွေး၍ မြေဩဇာကောင်းသော တိုင်းပြည်များတွင်ပေါက်နိုင်သောကြောင့် ယခုအခါတွင် အမေရိကန်ပြည်ထောင်စု၌ပင် အနည်းအကျဉ်း စိုက်ပျိုးလျက်ရှိလေပြီ။[ကိုးကားချက်လိုသည်]

လက်ဖက်ပင်[ပြင်ဆင်ရန်]

လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်၍ အစဉ်စိမ်းလျက်ရှိ၏။

ဘာသာဘာဝ အလျောက်ပေါက်စေလျှင် လက်ဖက်ပင်သည် ပေ ၃ဝ ခန့်ပင်မြင့်နိုင်၏။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်မြင့်အောင်မထားဘဲ လေးပေငါးပေလောက်သာမြင့်ရန် အစဉ်ဖြတ်ပေးထားလေသည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိ၏။ ပထမအချက်မှာ ပင်လုံးမကြီး၊ အကိုင်းအခက်များစွာမထွက်ဘဲ အရွက်များကို များနိုင်သမျှ များစေရန်ဖြစ်သည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည်သာ အသုံးဝင်အဖိုးတန်သောပစ္စည်းဖြစ်၏။ ဒုတိယအချက်မှာ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် မိန်းမနှင့် ကလေးများသာ ဖြစ်သည့်အတွက် အရွက်များ ခူးရာတွင် လက်လှမ်းမီမီနှင့် တစ်ပင်လုံးကို ခူးနိုင်စေရန်ဖြစ်လေသည်။

စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ ရှေးဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေခြောက်ပေခန့်ခွာ၍ စိုက်ရသည်။ များသောအားဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။

လက်ဖက်ပင် သုံးနှစ်သားအရွယ်ခန့်ရောက်လျှင် အရွက်နှင့် အဖူးများကို ခူးနိုင်ပြီ။ သို့ရာတွင် အကောင်းဆုံး လက်ဖက်ရွက်ကိုကား ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်အရွယ်ရှိသော လက်ဖက်ပင်များမှသာ ရနိုင်လေသည်။ လက်ဖက်ပင်များကို မြင့်မတက်စေရန်နှင့် အရွက်များများထွက်စေရန် မကြာမကြာလည်း ချိုင်၍ပေးရလေသည်။ ၂၅ နှစ်ခန့် အရွယ်ရောက်သောအခါ လက်ဖက်ပင်ကို မြေကြီးမှကပ်၍ ခုတ်လှဲပြီးနောက် အသစ်တစ်ဖန် အမြစ်မှ ပြန်ပေါက်စေပြန်သည်။

ခူးယူခြင်း[ပြင်ဆင်ရန်]

လက်ဖက်ပင် စိုက်ပျိုးသောဒေသနှင့် ရာသီဥတုတို့အပြင် အပင်၏ သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသောဒေသများတွင် နွေခြောက်လအတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာများတွင်မူ ခူးသည့်အကြိမ် အရေအတွက်ကို လျှော့ပေးရလေသည်။ လက်ဖက်ပင်များမှာ အရွက်များခူးရာတွင် အကုန်မခူးရချေ။ အပင် မနာအောင်လည်း အထူးဂရုပြုရန်လိုပေသည်။

လက်ဖက်ရွက်များခူးရာတွင် မိန်းမနှင့်ကလေးများသည် ကျောတွင် ပလိုင်းတစ်လုံး ကိုယ်စီလွယ်၍ တစ်နေ့လုံး နေပူထဲ၌ တစ်ပင်မှ တစ်ပင်သို့ကူး၍ လက်ဖက်ရွက်များကိုခူးပြီးလျှင် ကျောနောက်ရှိ ပလိုင်းထဲသို့ နောက်ပြန်ထည့်ကြရသည်။ လက်ဖက်ရွက် အခူးကောင်းသူတစ်ဦးသည် တစ်နေ့လျှင် နှစ်ရာအထိ ခူးနိုင်သည်။ ခူးသောအခါ များသောအားဖြင့် အဖူးနှင့်အရွက်နုကလေးများကိုသာ ခူးကြရ၏။ လက်ဖက်ခြောက်မှာ အရွက်နုလေ ကောင်းလေဖြစ်၍ လက်ဖက်အနုအရင့်ကို လိုက်ပြီးလျှင် လက်ဖက်ခြောက်ကို အမည်အမျိုးမျိုးဖြင့် မှည့်ခေါ်ကြလေသည်။

လက်ဖက်ရွက်နုများကိုခူးပြီးသော် (၁)လက်ဖက်ရည်အဖန်ခြောက်၊ (၂)လက်ဖက်ရည်အချိုခြောက်၊ (၃) လက်ဖက်အစို၊ (၄) လက်ဖက်အဆီ စသည်ဖြင့် လေးမျိုးလေးစားအထိ ခွဲခြား၍ လိုအပ်ရာရာပြုလုပ်သုံးစွဲကြသည်။ လက်ဖက်ခြောက်(လက်ဖက်ရည်အဖန်ခြောက်)လုပ်ငန်းမှာ နွေရာသီနှင့် မိုးမကျမီကာလအတွင်းသာ လုပ်ကိုင်ပြီးလျှင် မိုးဦးကျ၍ မိုးအလွန်ရွာသောအချိန်၌ လက်ဖက်ခြောက်အလုပ်များမလုပ်နိုင်ဘဲ၊ ရပ်ဆိုင်း၍ လက်ဖက်အစို၊ သို့မဟုတ် အချိုခြောက်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။

လက်ဖက်ခြောက်[ပြင်ဆင်ရန်]

လက်ဖက်ရည်အရသာ ထူးခြားမှုမှာ လက်ဖက်ရွက်၏ အနုအရင့်ပေါ်တွင်သာ အမှီပြုသည်မဟုတ်။ ခူးပြီးသားအရွက်များကို ပြုပြင်ပေးမှုပေါ်တွင်လည်း အမှီပြုလေသည်။ ကမ္ဘာတွင်လက်ဖက်ခြောက် အစားစားရှိရာ အချို့တိုင်းပြည်များတွင် အရွက်ကြမ်းများနှင့်အမျှင်များကို အတုံး အခဲဖြစ်အောင် ရောဖိထားသည့် လက်ဖက်ခြောက်အညံ့စားများကိုပင် အသုံးပြုကြသေး၏။ အထင်ရှားဆုံးသော လက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက် ခြောက်မည်းဟုခေါ်သော အချိုသောက်လက်ဖက်ခြောက်မျိုးနှင့် လက်ဖက်ခြောက်စိမ်းဟုခေါ်သော အကြမ်းသောက်လက်ဖက်ခြောက်မျိုးတို့ ဖြစ်ကြသည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင်တစ်မျိုးစီမှ ရခြင်းမဟုတ်၊ လက်ဖက်တစ်ပင်တည်းမှပင်ရ၍ တစ်မျိုးစီပြုပြင်ထားခြင်းသာ ဖြစ်လေသည်။

လက်ဖက်ခြောက်ဖြစ်အောင်ပြုပြင်ရာ၌ ခူးပြီးသော အရွက်များကို ပထမတွင် နွမ်း၍နူးညံ့ပျော့ပျောင်းလာသည့်တိုင်အောင် ဖြန့်ထားရသည်။ ထို့နောက် အရွက်များကျို၍ အနံ့ရှိသည့် အစေးများထွက်လာစေရန် လိပ်ပေးရသည်။ ဤသို့ ပြုလုပ်ပြီးသောအခါ အရွက်များ အချဉ်ပေါက်လာအောင် နာရီအနည်းငယ်မျှ စားပွဲများပေါ်တွင် ဖြန့်ထားရပြန်သည်။ အရွက်များ ကြေးနီရောင်သန်း၍ ပန်းသီးမှည့် အနံ့ထွက်လာသောအခါ လေပူဖြင့် ဖာရင်ဟိုက်ဒီဂရီ ၁၉ဝ မှ ၂၂ဝ အထိ လှော်ပေးပြီးနောက် အကင်းသတ်ရသည်။ ထိုအခါ အရွက်တို့၏ အလေးချိန်သည် ၇၅ ရာခိုင်နှုန်းမျှလျော့သွားသည်။ ထို့နောက် အရွက်နှင့် အဖူးများကို အကြီးအသေးအလိုက် ရွေးချယ်ပြီးလျှင် အမျိုးအစား ခွဲခြားလေသည်။ ထို့နောက် နောက်တစ်ကြိမ်ထပ်၍ လှော်ပြီးသောအခါ လက်ဖက်ခြောက်မှာ နိုင်ငံခြားသို့တင်ပို့ ရောင်းချရန် အသင့်ဖြစ်တော့သည်။ ရှေးက လက်ဖက်ခြောက်ပြုပြင်သည့် အလုပ်ကို လက်ဖြင့်သာပြုလုပ်ခဲ့ကြ၍ ယနေ့တိုင်အောင် အချို့ဒေသများ၌ ဤသို့ပင် ပြုလုပ်နေကြပေသေးသည်။ သို့သော် လက်ဖက်ခြောက် အကြီးအကျယ်ပြုလုပ်သည့် ခေတ်မီအလုပ်ရုံကြီးများ၌မူကား လက်ဖက်ရွက်များကို ခူးခြင်းမှအပ စက်များဖြင့်သာလျှင် ပြုလုပ်ယူကြလေသည်။

လက်ဖက်ခြောက်စိမ်း ပြုလုပ်သည့်နည်းမှာ တစ်မျိုးကွဲလွဲ၏။ အဓိကကွဲလွဲချက်မှာ ခူးပြီးသားအရွက်များကို ရှေးဦးစွာ ရေးနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းနှင့် အရွက်များကို အချဉ်မပေါက်စေဘဲ ထားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ခြောက်စိမ်းမှာ လက်ဖက်ခြောက်မည်းနှင့် အနံ့အရသာချင်း သိသိသာသာ ခြားနားလေသည်။

လက်ဖက်ရည်ကို နှစ်သက်ကြသူများတွင် လူကိုလိုက်၍ တစ်ယောက်နှင့် တစ်ယောက်အကြိုက်ချင်း မတူညီနိုင်ပေ။ သို့ရာတွင် များသောအားဖြင့် အိန္ဒိယနိုင်ငံမှလာသော လက်ဖက်ခြောက်အားလုံးလိုလိုမှာ အမည်းမျိုးသာဖြစ်၍ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှမူ အမည်းနှင့်အစိမ်း နှစ်မျိုးစလုံး လာတတ်သည်။ အင်္ဂလန်ပြည်တွင် လက်ဖက်ခြောက်မည်းကိုသာအသုံးပြုလေ့ရှိကြ၍ အမေရိကန်နိုင်ငံ၌ကား အမည်းရော အစိမ်းကိုပါ အသုံးပြုကြ၏။ တစ်ကမ္ဘာလုံးအသုံးပြုသည့် လက်ဖက်ခြောက်မှာ တစ်နှစ် တစ်နှစ်လျှင် ပေါင်ချိန်ကုဋေပေါင်းများစွာပင် ရှိလေသည်။

လက်ဖက်ခြောက်များလုပ်ရာတွင် ရွက်ကြမ်းမကြွေမီ နှင်းအားကြီးသော ဆောင်းရာသီအခါ၌လည်း လက်ဖက်ရွက်နုများ အသင့်အတင့်ခူးယူ ရရှိနိုင် ၍ ထိုရာသီတွင်ထွက်သော လက်ဖက်ခြောက်များမှာ ရွှေဖီအွိုင့်နမ့်ဟု ခေါ်၍ ပထမတန်စားဖြစ်၏။ မြန်မာလို နှင်းတက်ခြောက်ဟုခေါ်သည်။ ရေချိုအကောင်းခြောက်ဟုလည်း အဓိပ္ပာယ်ရ၏။ တစ်နှစ်အတွင်းထွက်သော လက်ဖက်ခြောက်အမျိုးအစားတို့မှာ-

(၁) ရွှေဖီ အွိုင့်နမ့် (နှင်းတက်ခြောက် - ရေချိုခြောက်)
(၂) ရွှေဖီဦး (သင်္ကြန်မကျမီ ထွက်သည်။)
(၃) ရိုးရိုးရွှေဖီ (သင်္ကြန်ကျပြီးစအခါ ထွက်သည်။)
(၄) ခါးကန် (မိုးဦးကျခါနီး ခူးသည်။)
(၅) ခါးဝှပ် (မိုးဦးကျပြီးမှ ခူးသည်။)
(၆) ခါးနွိုင်း (မိုးတွင်းခူးသည်။)

စသည်တို့ ဖြစ်လေသည်။ အရသာ၊ လက်ဖက်ခြောက် အသွေးအရောင်နှင့်တကွ ရောင်းဈေးမှာလည်း အဆင့်ဆင့်ကွာခြားသွားသည်။ အကောင်းဆုံးလက်ဖက်ခြောက်ဖြစ်သော ရွှေဖီဦးများမှာ အရောင်အဆင်းနက်မှောင်သည်။ အစအနသေးသွယ်၍ လက်နှင့်ဆုပ်ကိုင်လျှင် ဆူးချွန်များကဲ့သို့ စူးလေသည်။[၆]

ရေနွေးကြမ်း

ပြုလုပ်ပုံအဆင့်ဆင့် နှင့် အမျိုးအစားခွဲခြားခြင်း[ပြင်ဆင်ရန်]

လက်ဖက်ပြုလုပ်ပုံအဆင့်ဆင့်

La Phet
လက်ဖက်ခြောက်ပြုလုပ်ပုံ အဆင့်ဆင့်နည်းစနစ်

လက်ဖက်ရည်အမျိုးအစားကို ၎င်းအား ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ပေါ်မူတည်ပြီး ဆုံးဖြတ်သည်။ ကာမဲလီယာ စင်နန်စစ် အရွက်များ စတင် ညှိုးနွမ်းစပြုပြီး အောက်ဆီဂျင်နှင့် ရောစပ်၍ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်လာသည်။ သို့မဟုတ်ပါကဆွတ်ယူပြီးလျှင်ပြီးချင်းခြောက်သွေ့စေရန်လျင်မြန်စွာလုပ်ဆောင်ရမည်။ ကလိုရိုဖီးပျက်စီးသွားပြီးသစ်ခေါက်ဖန်ရည်များထွက်လာသောအခါတွင် အရွက်များ ပို၍ နက်မှောင်သောအရောင်သို့တစ်ဖြည်းဖြည်းတိုး၍ပြောင်းလာသည်။ ဤအင်ဇိုင်မက်တစ်အောက်ဆီဒေးရှင်းခေါ် အရသာပေါ်အောင်အောက်ဆိုက်ဒ်ဓာတ်ပေါင်းပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို အချဉ်ဖောက်ခြင်းဟူ၍ လက်ဖက်လုပ်ငန်းတွင် ခေါ်ကြသည်။ သို့ရာတွင် ၎င်းမှာ အချဉ်ဖောက်ခြင်း အစစ်မဟုတ်ပေ။

အချဉ်ပေါက်ခြင်းမှာမိုက်ခရိုအော်ဂဲန်နစ်ဇင်ခေါ် သေးငယ်လွန်းသောသက်ရှိဇီဝရုပ်များကြောင့် မဟုတ်သလို၊ အောက်ဆီဂျင်မပါဝင်သည့် လုပ်ငန်းစဉ်လည်း မဟုတ်ပါချေ။ နောက်ထပ်ပြုလုပ်ပုံ အဆင့်မှာ ကြိုတင်သတ်မှတ်ထားသော အဆင့်တွင် အပူပေးခြင်းဖြင့် အောက်ဆိုက်ဒ်ဓာတ်ပေါင်း ပြုလုပ်ခြင်းအဆင့်ကို ရပ်ဆိုင်းရန်ဖြစ်သည်။ ထိုအဆင့်သည် အင်ဇိုင်းများ၏ တာဝန်ယူမှုကို ရပ်တန့်စေသည်။ အမည်းရောင် လက်ဖက်ရည်အတွက် ဤအဆင့်ပြီးလျှင်ပြီးချင်း တစ်ဆက်တည်းမှာ အခြောက်ခံသည်။ ရေခိုးရေငွေ့နှင့် အပူချိန် ထိန်းချုပ်မှုကို ဂရုစိုက်ခြင်း မရှိပါက ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးစဉ် အချိန်အတောအတွင်း လက်ဖက်ခြောက်ကို မှို တက်တတ်သည်။ မှိုသည် အမှန်တကယ် အချဉ်ဖောက်ခြင်းကို ဖြစ်ပွားစေပြီး အဆိပ်အတောက်နှင့် တစ်ခါတစ်ရံ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများဖြင့် လက်ဖက်ကို မသန့်မရှင်းဖြစ်စေ၍ အနံ့အရသာလည်း ပျက်ပြယ်စေပြီး သောက်သုံးရန်မသင့်သော အနေအထားသို့ ရောက်စေသည်။

လက်ဖက်ရည်[ပြင်ဆင်ရန်]

ရေပြီးလျှင် လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူသောက်အများဆုံး ဖျော်ရည် ဖြစ်သည်။၎င်းတွင် လူအများကြိုက်နှစ်သက်သည့် အေးမြသော၊ အနည်းငယ်ခါးသက်သော၊ ဖန်သော အရသာတို့ ပါရှိသည်။

လက်ဖက်ရည်ဖျော်နည်း အမျိုးမျိုးရှိ၏။ သူ့ချည်းသက်သက်လည်း ရေနွေးဖြင့်ဖျော်သောက်နိုင်၍ သကြား၊ နို့၊ နို့ဆီ သို့မဟုတ် လိမ္မော်ရည် စသည်များနှင့်လည်းဖျော်နိုင်သည်။ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် စသောအချို့နိုင်ငံများတွင် အထူးသဖြင့် နွေရာသီ၌ မွန်းလွဲပိုင်းတွင် လက်ဖက်ရည်ဖျော်ပြီးနောက် ရေခဲဖြင့်အအေးခံ၍ သောက်လေ့သောက်ထရှိကြသည်။ ဂျပန်နိုင်ငံတွင်မူ လက်ဖက်ရည်ပွဲ တည်ခင်းသည့် အခမ်းအနားမှာ ရှေးအစဉ်အဆက်ကစ၍ ဆင်းသက်လာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်၏။ တည်ခင်းသည့် လက်ဖက်ရည်မှာ လက်ဖက်ရည်ကြမ်းပင်ဖြစ်သည်။ သို့ရာတွင် လက်ဖက်ရည်ဖျော်ပုံ၊ တည်ခင်းပုံ၊ သောက်သုံးပုံမှာ သတ်မှတ်ထားသော အစီအစဉ်များအတိုင်း စနစ်တကျ ပြုလုပ်ကြရသည်။ ဤထုံးတမ်းစဉ်လာသည် ဂျပန်တို့၏ပေါင်းသင်းဆက်ဆံရေးတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်၍ ရှေးနှစ် ပေါင်း ၅ဝဝ က ဗုဒ္ဓအယူဝါဒီ ရဟန်းတော်များမှတစ်ဆင့် ဆင်းသက်လာခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်ဟု ဆိုလေသည်။

ပြုပြင်ထားသော လက်ဖက်ရွက်ခြောက်များကို ပူသော သို့မဟုတ် ဆူပွက်နေသော ရေနှင့်အတူ ပေါင်းစပ်ခြင်းမှပြင်ဆင် ထားသည့် ရနံ့မွှေးသော ဖျော်ရည် ကိုလည်း “လက်ဖက်”ဟု ရည်ညွှန်းပါသည်။

လက်ဖက်ရည် အမျိုးအစား အနည်းဆုံး ခြောက်မျိုးရှိသည်။ ၎င်းတို့မှာ အဖြူ၊ အဝါ၊ အစိမ်း၊ အူလုံ၊ အမည်းနှင့် ပူအာလက်ဖက်တို့ ဖြစ်ပြီး ၎င်းတို့အနက် လက်ဖက်ခြောက်အဖြူ ၊ အစိမ်း ၊ အူလုံ နှင့် အမည်းတို့ကို ဈေးထဲတွင် တွေ့ရလေ့ရှိသည်။ လက်ဖက်အမျိုးအစား အားလုံးကို မျိုးစုတူ အပင်များမှ ရရှိသော်လည်း၊ ကွဲပြားသော ပစ္စည်းအမျိုးအစားများကို အသုံးပြုခြင်း၊ အရွက်များအား ပြုပြင်ပုံ နည်းအဆင့်ဆင့် ကွဲပြားခြင်းတို့ ရှိနိုင်သည်။ ကောင်းမွန်သော အဖြူရောင်လက်ဖက်ရရှိရန်အတွက် တစ်မူထူးခြားစွာ စိုက်ပျိုးရသည်။ အချဉ်ဖောက်ထားသော ပူအာလက်ဖက်ကို ဆေးအဖြစ် မကြာခဏ အသုံးပြုကြသည်။

"ဆေးဖက်ဝင်လက်ဖက်” ဟူသော ဝေါဟာရကို ပုံမှန်အားဖြင့် အရွက်များ၊ ပန်းများ ၊ သစ်သီး ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် ကာမဲလီယာ စင်နန်စစ် မပါဝင်သော အခြားသော အပင်များဖြင့် ရောစပ်ထားသည့် သို့မဟုတ် ဆေးဖက်ဝင်သည့် အရွက်ပြုတ်ရည် ကို ရည်ညွှန်းသည်။“အနီရောင်လက်ဖက်” ဟူသော ဝေါဟာရမှာ အမည်းရောင်လက်ဖက်ရည် (အဓိကအားဖြင့် တရုတ်၊ ကိုးရီးယား၊ ဂျပန် နှင့် အခြားသော အရှေ့အာရှ ဘာသာစကားများ) မှသော်လည်းကောင်း၊ သို့မဟုတ် တောင်အာဖရိက ရွိုင်းဘော့(စ်) အပင် (ကာမဲလီယာ စင်နန်စစ် မပါဝင်သော)မှ သော်လည်းကောင်း ရောနှောပေါင်းစပ် ထားခြင်းမှရရှိသော အရည်ကို ရည်ညွှန်းသည်။

ထုံးတမ်းအစဉ်အလာအရခွဲခြားခြင်း[ပြင်ဆင်ရန်]

လက်ဖက်ကို ထုံးတမ်းစဉ်လာအရ ၎င်းကို ထုတ်လုပ်ခြင်းနှင့် ပြုလုပ်ပုံအဆင့်ဆင့် နည်းစနစ်များအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသည်။

  • အူလုံလက်ဖက်ရည် - နွမ်းအောင်၊ ကြေအောင်နှင့် တစ်စိတ်တစ်ပိုင်း အောက်ဆိုက်ဒ်ဓာတ်ပေါင်း ဖြစ်အောင် လုပ်ထားသည်။
  • အမည်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ တစ်ခါတစ်ရံ ကြေမွအောင်လုပ်ထားသည်။ အောက်ဆိုက်ဒ်ဓာတ်ပေါင်း လုံးဝဖြစ်အောင် ပြုလုပ်ထားသည်။
  • အဖြုရောင်လက်ဖက်ရည် - နွမ်းအောင်လုပ်ထားသည်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
  • အဝါရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ၊ သို့သော် အဝါရောင်သို့ ပြောင်းစေသည်။
  • အစိမ်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
  • အချဉ်ဖောက်ထားသောလက်ဖက် - အချဉ်ပေါက်ခြင်း/ ဆွေးခြင်းကို ခွင့်ပြုထားသော အစိမ်းရောင် လက်ဖက်ရည်။

ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ[ပြင်ဆင်ရန်]

La Phet
၁၉၁၅ မတိုင်မီ ရုရှားအင်ပါယာ၊ ဘာတူမီမြောက်ပိုင်းရှိ လက်ဖက်ချိန်တွယ်ရာဌာန

လက်ဖက်ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ

ထုပ်ပိုးထားသော လက်ဖက်ခြောက်ထုပ် အားလုံးနီးပါးနှင့် အနောက်တိုင်းတွင် ရောင်းချသော အခြားလက်ဖက်ခြောက် အများစုမှာ ရောစပ်ထားသည့် လက်ဖက်ခြောက်များဖြစ်သည်။ လက်ဖက်စိုက်ပျိုးသော နေရာများတွင် ရောစပ်လေ့ရှိသည် (အာသံပြည်နယ်တွင် ဆိုပါမူ) သို့မဟုတ် အရပ်အမျိုးမျိုးမှလာသော လက်ဖက်အမျိုးမျိုးကို ရောစပ်တတ်သည်။ ထိုသို့ပြုလုပ်ကြခြင်းမှာ အရသာပိုမိုကောင်းမွန်စေရန်၊ ဈေးကောင်းရရှိစေရန်၊ သို့မဟုတ် နှစ်မျိုးလုံးအတွက် ဖြစ်သည်။ ဈေးပိုကြီးပြီး အရသာပိုမိုကောင်းမွန်သော လက်ဖက်ခြောက်မှာအရသာလျော့နည်း၍ပိုမိုဈေးသက်သာသည့် အမျိုးအစားတို့အတွက် ထေမိရန် ဖြစ်သည်။

အချို့သောလက်ဖက်များမှာ အမျိုးအစားများ ရောစပ်ထားရုံသာမက၊ စွဲမက်စေရန် ဖြည့်စွက်ထားသော ဆေးများထည့်ခြင်း သို့မဟုတ် အထူးပြုလုပ်ပုံအဆင့်ဆင့်ကို သုံးထားခြင်းတို့ဖြင့် အရသာကို ပိုမို၍ကောင်းစေသည်။ လက်ဖက်သည် အမျိုးမျိုးသော ရနံ့များ ထည့်သွင်းခြင်းကို လက်ခံရန် အလွန်လွယ်ကူခြင်းကြောင့်၊ လက်ဖက်ပြုလုပ်ခြင်း အဆင့်ဆင့်တွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် သိုလှောင်ခြင်းတွင် လည်းကောင်း၊ ပြဿနာများ ဖြစ်စေနိုင်သည်။ ထို့အပြင် ဘာဂမော့(ထ်)လိမ္မော် (အားလ်ဂရေးလက်ဖက်ရည်)၊ ဗနီလာ၊ ကရမယ်(လ်)နှင့် အခြားများပြားလှစွာသော ရနံ့များကဲ့သို့ အဆုံးအစမရှိ များပြားပြီး ကွဲပြားသည့် ရနံ့နှင့် အရသာတို့ကို တီထွင်ဖန်တီးရန် အခြေအနေကိုလည်း ဖြစ်ပေါ်စေသည်။

လက်ဖက်အစို[ပြင်ဆင်ရန်]

မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးမှာ အသားတွင်ဝက်၊ အသီးတွင်သရက်၊ အရွက်တွင် လက်ဖက် ဟူ၍ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် လက်ဖက်သည် အရေးပါ အရာရောက်၏၊ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက် ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင် သုံးစွဲကြသည်။

အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက် ပွဲဝင်သော ခဲဖွယ်တစ်ခုဖြစ်သည်သာမက လွှတ်ရုံးများ၏ အဆုံးအဖြတ်များ၌ပင်လျှင် လက်ဖက်စား၍ အမှုပြေငြိမ်းခြင်း၊ လက်ဖက်စား၍ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လေ့ရှိကြ၏။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပူဇော်ပွဲ၊ နတ်ပူဇော်ပွဲများတွင် လက်ဖက်မပါလျှင် မပြီးသကဲ့သို့ဖြစ်သည်။ မြန်မာ့ရိုးရာအလိုက် ထိမ်မြားမင်္ဂလာပွဲများအတွက် ဖိတ်ကြားရာဝယ် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ရှိခဲ့၏။ တောင်သူလယ်လုပ်တို့မှာ လက်ဖက်တစ်ရိုး ကွမ်းတစ်ယာပေးပြီးလျှင် သမီးပေး သားယူ ထိမ်းမြားလေ့ ရှိလေသည်။

မြန်မာဘုရင်များသည် လက်ဖက်စိုကိုအထူးမွန်မြတ်သော အာဟာရတစ်ခုအနေဖြင့် မှီဝဲသုံးဆောင်လေ့ရှိခြင်းကြောင့် မင်္ဂလာမင်းခမ်း မင်းနားများတွင် လက်ဖက်အိုးလက်ဖက်ခွက်များကို ဘုရင့်အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ်ထား၍ သုံးစွဲခဲ့ကြ၏။ ဆင်းရဲသား လယ်လုပ် ကုန်သည်များအဖို့လည်း လက်ဖက်ကို နေ့စဉ်အာဟာရတစ်ခုအနေဖြင့် သုံးစွဲကြခြင်းကြောင့် အိမ်တိုင်းလိုမှာပင် လက်ဖက်အိုး၊ လက်ဖက်ခွက်များ ထားရှိကြလေသည်။

လက်ဖက်အစိုကို ရှေးအထက်ကျော်ကာရီက နှမ်းဆီနှင့်စိမ်ထားပြီးလျှင် စားသုံးလေ့ရှိ၏။ ထိုမှ နောက်ခေတ်များတွင် ကြက်သွန်ဖြူ အကြော်၊ နှမ်းလှော်၊ ပဲလှော် စသောအဆာများဖြင့် ရောနှောသုံးဆောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကိုစိုက်ပျိုးသည်။ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကို အပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့် မိုင်းငေါ့ အပါအဝင် ဒေသများမှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ နမ့်ဆန်းနှင့် မိုင်းငေါ့တို့ဘက်မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ ကောင်းလည်းကောင်း၏။ လူသုံးလည်းများ၏။ လက်ဖက်လည်း အများဆုံးထွက်၍ နယ်လည်း အကျယ်ဆုံးဖြစ်လေသည်။ လက်ဖက်ပင်ရွက်သစ်နုချိန်မှာ နှစ်စဉ် တန်ခူးလဆန်းစအခါ၌ဖြစ်စေ၊ သင်္ကြန်ရက်မတိုင်မီ၌ဖြစ်စေ အနည်းအကျဉ်းသာနု၍ သင်္ကြန်ရက်အတွင်း သင်္ကြန်မိုးရွာချပြီးနောက် အပင်တိုင်း၌ ဝေဝေဆာအောင် ရွက်နုများ ထလာလေသည်။

လက်ဖက်သုပ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသားများ အဓိက စားသုံးသည်။ နှစ်ပေါင်း ထောင်ချီ၍ စားသုံးခဲ့ကြသည် ဟု ယူဆရသည်။ (လက်ဖက်သုပ် အဓိက ခေါင်းစဉ်တွင် ကြည့်ရှုရန်။)

ပါဝင်ဓာတ်ပစ္စည်း[ပြင်ဆင်ရန်]

လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာ ကော်ဖီတွင်ပါသည့် ကဖိန်းဓာတ်နှင့်အတူတူပင်ဖြစ်သည်။ ထိုဓာတ်သည် သောက်သုံးသူကို အနည်းငယ်ထကြွအားရှိစေ၍ နည်းလျှင် လူကို ဥပါဒ်မပေးချေ။ လက်ဖက်ရည်ကို ခပ်ကျကျအသောက်များသူများကိုမူ အကြောများကို ဥပါဒ် ပေးတတ်ပေသည်။ သီအင်းဓာတ်သည် လက်ဖက်ရည်သောက်စ မရှိသူတို့အဖို့ ညဉ့်ဘက်တွင်အိပ်မပျော်နိုင်အောင် ဖြစ်စေတတ်သည်။ လက်ဖက်ရည်၌ ဝါညိုရောင်ရှိခြင်းမှာ လက်ဖက်ရွက်တွင် တန်းနင်းဟုခေါ်သော ဓာတ်ပစ္စည်းတစ်မျိုးပါသောကြောင့်ဖြစ်၏။ ထိုဓာတ်ပစ္စည်းများလျှင်လည်း ကျန်းမာရေးကို ထိခိုက်တတ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဖျော်ရာတွင် တန်းနင်းဓာတ်အများအပြားထွက်မလာစေရန် လက်ဖက်ခြောက်ကို အကြာကြီးနှပ်မထားလျှင် သာ၍ကောင်းလေသည်။

လက်ဖက်သည် ကာမဲလီယာ စင်နန်စစ် အပင်၏ အရွက်၊ အဖူး နှင့် ရွက်ဆစ်တို့ကို နည်းအမျိုးမျိုးဖြင့် ပြုပြင်၊ ပြင်ဆင်ထားသော စိုက်ပျိုးရေး လုပ်ငန်းထွက်ကုန်ဖြစ်သော စားသောက်ကုန်ဖြစ်သည်။ လက်ဖက်ဟူသည်မှာ ကာမဲလီယာ စင်နန်စစ် အပင်၏ လူသိများသော အမည်လည်းဖြစ်သည်။ လက်ဖက်သုပ် နှင့် လက်ဖက်ရည်တွင် အထွေထွေ အမျိုးမျိုးသော ပိုလီဖီနော(လ်)များ ပါဝင်သော်လည်း၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသကဲ့သို့ လက်ဖက်တွင် တန်းနစ်အက်ဆစ် မပါဝင်ချေ။

ဈေးကွက်[ပြင်ဆင်ရန်]

လက်ဖက်ရည်အချို အခါး[ပြင်ဆင်ရန်]

လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော သောက်သုံးဖွယ်ရာ စားသောက်ကုန် ဖြစ်သည်။ ၎င်း၏ စားသုံးမှုသည် ကော်ဖီ၊ ချော့ကလက်၊ အချိုရည်၊ အရက်သေရည်တို့ စုစုပေါင်းပါဝင်သော ကမ္ဘာပေါ်ရှိ အခြားသော သောက်သုံးကုန် ထုတ်လုပ်မှုအားလုံးနှင့် ညီမျှသည်။ အရှေ့အာရှ အပြင်ဘက်ဒေသတွင် စားသုံးသည့် လက်ဖက်အများစုကို အိန္ဒိယ သို့မဟုတ် သီရိလင်္ကာတို့တွင် စိုက်ခင်းကြီးများဖြင့် အကြီးအကျယ် စိုက်ပျိုးပြီး စီးပွားရေး လုပ်ငန်းကြီးများအတွက် ရည်ရွယ်ပြီးထုတ်လုပ်သည်။ ဤကဲ့သို့ ကြီးမားသော ထုတ်လုပ်ရေး စက်ရုံများနှင့် ဆန့်ကျင်စွာ၊ အစားကြူးသူများက လွန်ကဲစွာ လိုက်လံရှာဖွေတတ်သော လက်ဖက်အမျိုးအစားများကို ထုတ်လုပ်တတ်သည့် “ဥယျာဉ်များ”၊ တစ်ခါတစ်ရံတွင် သေးငယ်သော စိုက်ခင်းများလည်း အများအပြားရှိသည်။ ဤလက်ဖက်များမှာ ရှားပါး၍ ဈေးကြီးပြီး၊ ဤနေရာတွင် အချို့သော ဈေးအကြီးဆုံးဝိုင်များနှင့် ယှဉ်နိုင်သည်။

တစ်ဦးချင်း လက်ဖက်စားသုံးမှု နိုင်ငံများစာရင်း

အိန္ဒိယနိုင်ငံသည် နှစ်စဉ် လူတစ်ဦးချင်း လက်ဖက်စားသုံးမှုမှာ ရ၅၀ ဂရမ်မျှသာ ရှိသော်လည်း ကမ္ဘာပေါ်တွင် လက်ဖက်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ တူရကီနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦးချင်း၏ လက်ဖက်စားသုံးမှုမှာ၂.၅ ကီလိုဂရမ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ဦးချင်း လက်ဖက်စားသုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။

လက်ဖက်သုပ်[ပြင်ဆင်ရန်]

လက်ဖက်သုပ်ကို အဓိက စားသုံးသည့်နိုင် ငံမှာ မြန်မာ နိုင်ငံ ဖြစ်သည်။ ၂၀ ရာစု နောက်ပိုင်း မှ စ၍ အခြားနိုင်ငံများတွင်လည်းစားသုံးကြသော်လည်း အနည်းငယ်သာဖြစ်သည်။ စားသုံမှု ပမာဏ အတိအကျ အချက်အလက် မရှိပါ။

ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

La Phet
၂၀၀၈ ခုနှစ်တွင် စုစုပေါင်းလက်ဖက်ထုတ်လုပ်ခြင်းရာခိုင်နှုန်း
   ၀.၅% ထက်နည်းသော သို့မဟုတ် မထူးခြားသော အရေအတွက်များ
   ၀.၅% မှ ၁% ထိ
   ၁% မှ ၅% ထိ
   ၁၀% မှ ၂၀%
   ၁၀% မှ ၂၀%
   ၂၀% ထက်များသော

၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန်သန်းပေါင်း ၃.၂၁ ဖြစ်သည်။၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ လက်ဖက်ထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၄.၇၃ သို့ရောက်ရှိခဲ့သည်။ လက်ဖက်အများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ နှင့် တူရကီ နိုင်ငံတို့ဖြစ်သည်။

၂၀၁၃ ခုနှစ် တိုင်းပြည်အလိုက် စုစုပေါင်း တစ်ကမ္ဘာလုံး လက်ဖက်ထုတ်လုပ်ခြင်း ရာခိုင်နှုန်း


အောက်ဖော်ပြပါဇယားမှာ မကြာသေးမီနှစ်များက လက်ဖက်ထုတ်လုပ်ခြင်းကို ဦးဆောင်လျက် ရှိသောတိုင်းပြည်များ၏ထုတ်လုပ်မှုပမာဏ(တန်ဖြင့်)ကို ဖော်ပြထားသည်။ ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ၂၀၁၄ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အချက်အလက်များဖြစ်သည်။

အဆင့် နိုင်ငံ ၂၀၀၈ ၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂ ၂၀၁၃
1၁  တရုတ် ၁၂၅၇၆၀၀ ၁၃၅၉၀၀၀ ၁၄၅၀၀၀၀ ၁၆၂၃၀၀၀ ၁၈၀၄၆၅၅ ၁၉၃၉၄၅၇
 အိန္ဒိယ ၉၈၇၀၀၀ ၉၇၂၇၀၀ ၉၉၁၁၈၀ ၁၀၆၃၅၀၀ ၁၁၃၅၀၇၀ ၁၂၀၈၇၈၀
 ကင်ညာ ၃၄၅၈၀၀ ၃၁၄၁၀၀ ၃၉၉၀၀၀ ၃၇၇၉၁၂ ၃၆၉၄၀၀ ၄၃၂၄၀၀
 သီရိလင်္ကာ ၃၁၈၇၀၀ ၂၉၀၀၀၀ ၂၈၂၃၀၀ ၃၂၇၅၀၀ ၃၃၀၀၀၀ ၃၄၀၂၃၀
 ဗီယက်နမ် ၁၇၃၅၀၀ ၁၈၅၇၀၀ ၁၉၈၄၆၆ ၂၀၆၆၀၀ ၂၁၆၉၀၀ ၂၁၄၃၀၀
 တူရကီ ၁၉၈၀၄၆ ၁၉၈၆၀၁ ၂၃၅၀၀၀ ၂၂၁၆၀၀ ၂၂၅၀၀၀ ၂၁၂,၄၀၀
 အီရန် ၁၆၅၇၁၇ ၁၆၅၇၁၇ ၁၆၅၇၁၇ ၁၆၂၅၁၇ ၁၅၈၀၀၀ ၁၆၀၀၀၀
 အင်ဒိုနီးရှား ၁၅၀၈၅၁ ၁၄၆၄၄၀ ၁၅၀၀၀၀ ၁၄၂၄၀၀ ၁၄၃၄၀၀ ၁၄၈၁၀၀
 အာဂျင်တီးနား ၈၀၁၄၂ ၇၁၇၁၅ ၈၈၅၇၄ ၉၆၅၇၂ ၈၂၈၁၃ ၁၀၅၀၀၀
၁၀  ဂျပန် ၉၆၅၀၀ ၈၆၀၀၀ ၈၅၀၀၀ ၈၂၁၀၀ ၈၅၉၀၀ ၈၄၈၀၀
စုစုပေါင်း World ၄၂၁၁၃၉၇ ၄၂၄၂၂၈၀ ၄၅၁၈၀၆၀ ၄၃၂၁၀၁၁ ၅၀၃၄၉၆၈ ၅၃၄၅၅၂၃

၂၀၀၈ ခုနှစ် တူရကီနိုင်ငံအတွက် FAO ကွန်ပျူတာကိန်းဂဏန်းများမှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် စုစုပေါင်း ထုတ်လုပ်ခြင်းကို ၁,၁၀၀,၂၅၇ တန်ဟု မှားယွင်းစွာဖော်ပြထားသည်။ ယခင်နှစ်က တူရကီနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှလက်ဖက်ထုတ်လုပ်ခြင်း ၂၀၀,၀၀၀ တန်ထက် တစ်နှစ်ထဲတွင်(၂၀၀၈) ငါးဆ မြင့်တက်လာသည်မှာ မဖြစ်နိုင်ပေ။ တူရကီနိုင်ငံ၏ ၂၀၀၇ ခုနှစ် ထုတ်လုပ်ခြင်း ၂၀၆,၀၀၀ တန်နှင့်နှိုင်းယှဉ်လျှင် (မှားယွင်းသော) FAO ကိန်းဂဏန်းများ ၁,၁၀၀,၂၅၇ တန်မှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်းအတွက် FAO၏တွက်ချက်မှုအမှားများကိုကိုယ်စားပြုစေသည်။ ပုံမှန်ထုတ်ဝေသည့် လုပ်ငန်းစာစောင် တစ်စောင်ဖြစ်သော "Tea Weekly" အစီရင်ခံစာအရ တူရကီနိုင်ငံသည် ၂၀၁၇ တွင် ၂၇၉,၀၀၀ တန်ခန့် ထုတ်လုပ်ရန် စီမံကိန်းချထားသည်။ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်း အတွက် FAO ကိန်းဂဏန်းများမှရရှိသော ရလဒ်များမှားယွင်းကြောင်း ထပ်လောင်း ညွှန်ပြနေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Fuller၊ Thomas။ "A Tea From the Jungle Enriches a Placid Village"၊ The New York Times၊ 21 April 2008၊ စာ- A8။ 
  2. Mair & Hoh 2009, pp. 29–30.
  3. Martin, p. 8
  4. Alan Macfarlane; Iris Macfarlane (2004)။ The Empire of Tea။ The Overlook Press။ p. 32ISBN 1-58567-493-1
  5. တောင်ကြီး နှင့် ကျိုင်းတုံတက္ကသိုလ် များမှ သုတေသန စာတမ်းများ
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)