မွန်ဂို-မြန်မာ စစ်
အေဒီ [၁၂၇၇-၁၂၈၇] ကာလအတွင်း တရုတ်နိုင်ငံ ယွမ်မင်းဆက်ထူထောင်ခဲ့သည့် မွန်ဂိုဧကရာဇ်ဘုရင် ကုဗလိုင်ခန်း၏တပ်များ မြန်မာနိုင်ငံ ပုဂံအင်ပါယာအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ပွဲများဖြစ်သည်။[၁] ဤစစ်ပွဲ၏ အကျိူးသက်ရောက်မှုအဖြစ် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင်စိုးမိုးခဲ့သော မြန်မာနိုင်ငံ ပုဂံအင်ပါယာ ပြိုကွဲခဲ့၍ အရှေ့တောင်အာရှတစ်ခွင်တွင် တိုင်ရှမ်းမျိုးနွယ်များ အားကောင်းလာခဲ့သည်။
အေဒီ [၁၂၇၁-၇၂] ခုနှစ်တွင် ကုဗလိုင်ခန်းသည် တရုတ်စုန်မင်းဆက်ကို သိမ်းပိုက်ရန် စစ်ပြင်ခဲ့ရာ စုန်မင်းဆက်၏ ထွက်ပေါက်တစ်ခုဖြစ်သော ပုဂံ အင်ပါယာ သို့လည်း လက်အောက်ခံအဖြစ် လက်ဆောင်ပဏ္ဏာဆက်သရန် သံ အဖွဲ့ စေလွှတ်ခဲ့သည်။ သို့ရာတွင် ပုဂံ ဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံအဖွဲ့ ကို လက်ဆောင်ပဏ္ဏာပေးရန် ငြင်းပယ်ခဲ့သည်။ မွန်ဂိုတို့သည် အေဒီ [၁၂၇၃] တွင် လက်ဆောင်ပဏ္ဏာဆက်သရန် အမိန့်ဖြင့် ပုဂံသို့ သံအဖွဲ့ ထပ်မံစေလွှတ်ခဲ့ ပြန်သော်လည်း ပုဂံဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံများကို ထပ်မံငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၇၅] တွင် မွန်ဂို ဧကရာဇ်ဘုရင်က သူ၏ လက်အောက်ခံ ယူနန်တပ်များကို ပုဂံအင်ပါယာနှင့် နယ်စပ်ဒေသများကို တိုက်ခိုက်စေခဲ့သည်။ ယင်းနောက် တခဏတာ စစ်ရပ်ဆဲခဲ့ပြန်၍ မွန်ဂိုတပ်များ အရှေ့တောင်အာရှဖက်သို့ စစ်မျက်နှာဖွင့်ခဲ့သော အေဒီ [၁၂၈၁] တွင်မူ ပုဂံ သို့ ပဏ္ဏာဆက်ရန် မွန်ဂိုသံများ ရောက်ခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ပုဂံက ပဏ္ဏာဆက်ရန် ငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၈၃-၈၅] တွင် မွန်ဂိုတပ်များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြကာ ပုဂံတပ်များနှင့် စစ်ပွဲများဖြစ်ခဲ့ကြသည်။ ယင်းစစ်ပွဲများတွင် မွန်ဂိုတို့က အရေးသာခဲ့၍ မြန်မာနိုင်ငံမြောက်ပိုင်း တကောင်းနှင့် ဟံလင်းထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ မြန်မာဘုရင် နရသီဟပတေ့မင်းသည် ထိုအချိန်တွင် ပုဂံမှ ပြည်၏ အနောက်ဖက် လှည်းကူးသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။ မွန်ဂိုတို့က သိမ်းပိုက်ပြီးသော မြန်မာပြည်မြောက်ပိုင်းကို မွန်ဂို လက်အောက်ခံ ချန်မိယဲန်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။[၂]