မိုင်းခိုင်းမြို့စား

ဝီကီပီးဒီးယား မှ

မိုင်းခိုင်းမြို့စား(မြန်မာ ၁၁၇၇ - ၁၂၅၃)[ပြင်ဆင်ရန်]

ရတနာပုံရွှေနန်းတော်ကြီး အနီးရှိ ပိဋကတ်တိုက်တော် အတွင်း၌သာလျှင် များစွာသော ပိဋကတ်စာပေများကို ဖတ်ရှု လေ့လာ ပျော်မွေ့ကာနေလေ့ရှိသောကြောင့် ပဉ္စမ သင်္ဂါယနာ တင် ဘဝရှင်မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်က မောင်ယမ်မှာ သူ့ပိဋကတ်တိုက်နှင့်သာနေရော့သည်ဟု မြည် ဆို ခြင်းပင်ခံရဖူးသော မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ်မင်း မဟာသီရိဇေယသူကား မင်းဘူးခရိုင်မြောက်ပိုင်း စလင်းမြို့ တောင်ဘက် သမန်းရင်းရွာ၌ အဖဦးကျော်စံ အမိဒေါ်လုံလေးတို့ မှ သက္ကရာဇ် ၁၁၇၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၄ ရက် တနဂ‡နွေနေ့ ညဉ့် ၂ ချက်တီးကျော် လပြည့်ကျော် ၅ ရက်နေ့ အဝင်တွင် ဖွားမြင်သည်။ ငယ်မည်မောင်ယမ် (မောင်ရန်လည်း ဟူ၏။) ဖြစ်သည်။

အသက် ၁၅ နှစ်တိုင်အောင် ကျောင်းသားသူငယ် အဖြစ်နှင့် စာပေသင်ကြားပြီးလျှင် ထို ၁၅ နှစ်အရွယ်တွင်ပင် သာမဏေပြုသည်။ ၄ နှစ်တိုင်တိုင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်စသော သင်ရိုးကျမ်းများကိုသင်ကြားသည်။ အသက် ၂ဝ အရွယ်တွင် ရဟန်းပြုသည်။ ရဟန်းဘွဲ့ ရှင် ကေလာသဘဖြစ်သည်။ ရဟန်းပြုပြီးနောက် ဆက်လက်၍ ၂ နှစ်တိုင်တိုင် စာပေကျမ်းဂန်များကို သင်ကြားဆည်းပူးသည်။

အသက် ၂၂ နှစ် သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် လူထွက်၍ အမရပူရ ဒုတိယမြို့တည်နန်းတည် ရွှေဘိုမင်းတရား ကြီး အထံတော်တွင် ခယမ်းထမ်းရွက်ရာ ဗြဲတိုက်သံတော်ဆင့် အရာ ခန့်ထားခြင်းခံရသည်။ ရာထူး၌ ၉ နှစ်တိုင်တိုင် ထမ်းရွက်ပြီးနောက် သက္ကရာဇ် ၁၂ဝ၈ ခုနှစ်တွင် နန်းတက် တော်မူသော သားတော် ပုဂံမင်းတရားကြီး လက်ထက်တွင် ယင်းသည့်ရာထူးနှင့်ပင် ၆ နှစ်တိုင်တိုင် အမှုတော်ကိုဆက်လက် ထမ်းရွက်ရသည်။ ထိုနောက် သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် နန်းတက် တော်မူသော ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရား ကြီး အထွတ်အမြတ်သို့ ရောက်တော်မူစ ရတနာသိင်္ဃ ရွှေဘို မြို့၌ စံနေတော်မူစဉ် အခါကပင်လျှင် သံတော်ဆင့်အရာနှင့် မကွေးမြို့စား အသနားတော်မြတ် ခံရသည်။ နောက်မကြာမမြင့် အဆင့်ဆင့်အားဖြင့်လည်း ရှေ့တော်ပြေးမှူးအရာ၊ ရတနာလှော် ကား တော်အုပ်အရာ၊ ရွှေနန်းမြောက် ဥယျာဉ်တော်အုပ်အရာ တို့ကို ရပြီးလျှင် မဟာသီရိဇေယသူ ဘွဲ့နှင့် မိုင်းခိုင်းမြို့ ကို စားရပြန်လေသည်။ ထိုပြင် နိကာယ်ငါးရပ်တို့ဖြင့် တန်ဆာ ဆင်အပ်သော ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ၊ ဋီကာများ ကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးတို့ဖြင့် ရေးသားပြုစုခြင်းကို ရှုကြည့်ကြပ်မ ရွက်ဆောင်စေရန် ဆိုင်ရာအစု အမှုထမ်းတို့နှင့် တကွ ပိဋကတ်တော်အုပ် ခန့်ထားတော်မူခြင်း ခံရသည်။ သို့ ရှုကြည့်ကြပ်မဆောင်ရွက်ရာတွင် ပိဋကတ်သုံးပုံ စုံရေအများ ပြီးပြေအောင် ရေးကူးရာ၌ သက္ကရာဇ် ၁၂၁၈ ခုနှစ် တန်ခူးလ မှသည် ၁၂၄ဝ ပြည့်နှစ်အထိ ၂၂ နှစ် တိုင်တိုင် လုပ်ဆောင် လုံးပန်းရသည်။

ထိုပြင် ပဉ္စမသင်္ဂါယနာတင်ရာ၌လည်းကောင်း၊ ၂,၄ဝဝ အရေအတွက်ရှိသော ဆရာတော် သံဃာတော်တို့ စာပြန်ဆိုရာ၌ လည်းကောင်း ကြီးမှူးကြပ်မရသေးသည်။ သို့ ကြီးမှူးကြပ်မနေရ သည်အတွင်း ခင်မမင်းဝန်အရာ ခန့်ထားခြင်း ခံရပြန်သည်။

သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်တွင် နန်းတက်တော်မူသော သီပေါမင်း လက်ထက်တော်၌လည်း အတွင်းဝန် ခင်မမင်းဝန် အရာနှင့် မိုင်းခိုင်းမြို့ကိုပင် စားမြဲစားရသည်။ ထိုနောက် လက်ရွေးကြီး လှော်ကားတော်အုပ်အရာ၊ စစ်ကိုင်းမြို့၊ အမြင့် ၅ မြို့၊ အလုံမြို့၊ ဒီပဲယင်းမြို့ စသော အဋ္ဌမဌာန ခရိုင်ဝန်အရာ မင်းကြီး မဟာသီရိဇေယသူ ဘွဲ့နှင့် စော်ဘွားကြီးနေရာ အဖြစ်သို့ အဆင့်ဆင့်ချီးမြှင့်ခြင်းခံရသည်။ အသက် ၇၇ နှစ်၊ သက္ကရာဇ် ၁၂၅၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၂ ရက် သောကြာ နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။

ပြုစုခဲ့သော ကျမ်းများမှာ[ပြင်ဆင်ရန်]

  1. ဓမ္မသံဟိတဒီပနီ ဓမ္မသတ်ကျမ်း။
  2. ဓမ္မပဒပါဠိတော် နိသျသစ်။
  3. အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ နိသျသစ်။
  4. အနာဂတဝင် ပါဠိတော်နိသျ။
  5. ဒါဌာဓာတုဝင် စာကိုယ်နိသျ။
  6. သဒ္ဒါရှစ်စောင် နိသျသစ်။
  7. ဒွါဒရာသီဒီပနီကျမ်း။
  8. ဆနဝုတိပါသဏ္ဍြ ဝိသဇ္ဇနာကျမ်း။
  9. ပိဋကတ်သမိုင်း။
  10. မေတ္တာဒကသေစနဒီပနီ။
  11. သုသန္ဒေသကထာ။
  12. သီဟဠဝတ္ထုခေါ် မဓုရရသဝါဟိနီ ကျမ်း။
  13. အတိဝိစိတြသန္ဒေသ ကထာ။
  14. မဟာရဋ္ဌ သာရုပ္ပတ္တိကထာတို့ ဖြစ်သည်။

[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)