မာတိကာသို့ ခုန်သွားရန်

မိုက်ကယ် ဒီ မွန်တိန်း

ဝီကီပီးဒီးယား မှ
လော့ဒ် မိုက်ကယ် ဒီ မွန်တိန်း

ပြင်သစ်စာရေးဆရာ မွန်တိန်း (Montaigne) (ခရစ် ၁၅၃၃-၁၅၉၂) သည် စာပေ၌ 'အက်ဆေး'ဟု ခေါ်သော စာမွန်ရေးနည်းကို ၁၅၇၁ ခုနှစ်တွင် စတင် တီထွင်ခဲ့သူ ဖြစ်ပေသည်။ မွန်တိန်းသည် စာမွန်စာပေကို ရေးရာ၌ မိမိ၏ ကိုယ်တိုင် အတွေ့အကြုံ အတွေးအခေါ် အလေ့အကျင့်တို့ အပေါ်၌တည်၍ ရေးခဲ့သဖြင့် စာပေလောကတွင် ထင်ရှားကျော်ကြားလေသည်။ မွန်တိန်းသည် နက်နဲသော တွေးခေါ်ချက်များကိုလည်း စကားပြေဖွဲ့၍ ရေးခဲ့သည်။ နာမည်ကျော် အင်္ဂလိပ်စာရေးဆရာများဖြစ်သော ဝီလျံ ရှိတ်စပီးယားနှင့် ဖရန်စစ် ဗေကင်တို့သည် မွန်တိန်း၏ စာမွန်စာပေများကို သေချာစွာ ဖတ်ရှုလေ့လာကြ၏။ ၁၆၃ဝ ပြည့်နှစ်တွင် ဂျွန်ဖလိုရီအိုသည် မွန်တိန်း၏ စာမွန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်တွင် စာပေဂုဏ်မြောက်သော အင်္ဂလိပ်စကားပြေ လက်ရာကောင်းအဖြစ် ထင်ရှားပေသည်။

မွန်တိန်း၏ ရှေးဦးစာပေလက်ရာမှာ ရေမွန်ဆီးဗွန်းဆိုသူရေးသည့် သဘာဝ ဗြဟဒေဝဗေဒဘာသာပြန် ဖြစ်သည်။ ၁၅၇၁ ခုနှစ်တွင် ဖခင်ထံမှ အမွေပစ္စည်းများကို ဆက်ခံ ပြီးနောက် ၁၅၈ဝ ပြည့်နှစ်၌ ဆွစ်ဇာလန် နိုင်ငံ၊ အီတလီနိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ ခရီးထွက်ခဲ့လေသည်။ မွန်တိန်းသည် ထိုအချိန်အတွင်း စာပေ အရာမြောက်သော စာမွန်များရေးခဲ့လေသည်။

မွန်တိန်းသည် ပြင်သစ်နိုင်ငံ ဗောဒိုးမြို့အနီး မွန်တိန်းရဲတိုက်တွင် ၁၅၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ဖွားမြင်သည်။ အသက် ခြောက်နှစ်အရွယ် မတိုင်မီ လက်တင်ဘာသာကို တတ်မြောက်ပြီး ဖြစ်၏။ ဗော်ဒိုးကောလိပ်ကျောင်းမှ ထွက်ပြီးနောက် ဥပဒေပညာကို ဆကလက်၍ သင်ကြားလေသည်။ ၁၅၅၇ ခုနှစ်မှ ၁၅၇ဝ ပြည့်နှစ်အထိ မွန်တိန်းသည် ဗော်ဒိုးပါလီမန် လွှတ်တော်တွင် အတိုင်ပင်ခံအဖြစ်ဖြင့်လည်းကောင်း၊ ၁၅၈၁ ခုနှစ်မှ ၁၅၈၅ ခုနှစ်အအထိ ဗော်ဒိုးမြို့တော်ဝန်အဖြစ်ဖြင့်လည်းကောင်း အမှုထမ်းခဲ့သည်။

မွန်တိန်းရေးသော စာမွန်များတွင် မိမိကိုယ်တွေ့ ခံစားချက်တို့ကို မကွယ်မထောင့်ဘဲ တင်ပြသည်သာမက ရေးဟန်ကလည်း ထူးခြားသဖြင့် ၁၇ ရာစုနှစ်နှင့် ၁၈ ရာစုနှစ်များတွင် ထင်ရှားသော ပြင်သစ် စာရေးဆရာတို့၏ စာပေလက်ရာ များတွင် မွန်တိန်း၏ အတွေးအခေါ်နှင့် ရေးဟန်တို့ကို အကဲခတ်မိနိုင်ပေသည်။ မွန်တိန်းသည် အရာခပ်သိမ်းတို့၏ အကြောင်းကို သိချင်၏။ နားလည်ချင်၏။ သို့ရာတွင် ထိုအကြောင်း အရာအားလုံးတို့ကို သိဟန်မဆောင်ဘဲ သူ၏ ဆောင်ပုဒ်မှာ ငါ ဘာသိသလဲဟူ၍ ဖြစ်လေသည်။ မွန်တိန်း သည် ၁၅၉၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကွယ်လွန်၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)