ဖီးလစ်ဆော်လ်တန်

ဝီကီပီးဒီးယား မှ
ဖီးလစ်ဆော်လ်တန်
Felix Salten, ca. 1910
မွေးဖွားSiegmund Salzmann
(1869-09-06)၆ စက်တင်ဘာ၊ ၁၈၆၉
Budapest, Austria-Hungary
ကွယ်လွန်၈ အောက်တိုဘာ၊ ၁၉၄၅(1945-10-08) (အသက် ၇၆)
Zurich, Switzerland
ထာဝရ အိပ်စက်ရာဇူးရစ် ဆွန်ဇာလန်နိုင်ငံ။
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးဩစတြီးယားနိုင်ငံသား
ထင်ရှားသည့်လက်ရာများBambi, a Life in the Woods
Bambi's Children
အိမ်ထောင်ဖက်Ottilie Metzl
သားသမီးPaul
Anna-Katharina

လက်မှတ်

ဖီးလစ် ဆော်လ်တန် (Felix Salten) ကို ၁၈၆၉ခုနှစ်၊ စက်တင်ဘာလ၆ရက်တွင် မွေးဖွား၍ ၁၉၄၅ခုနှစ်၊ အောက်တိုဘာလ၈ရက်တွင် ကွယ်လွန်လေသည်။ သူသည် ဗီယင်နာမြို့မှ ဩစတြီးယန်းလူမျိုး စာရေးဆရာနှင့် ဝေဖန်ရေးဆရာတစ်ဦး ဖြစ်လေသည်။ သူ၏အထင်ရှားဆုံးစာအုပ်မှာ ၁၉၂၃ခုနှစ်တွင် ရေးသားသော ဘမ်ဘီ ဝတ္တု ဖြစ်လေသည်။

ဆော်လ်တန်ကို ဟန်ဂေရီနိုင်ငံဘူဒါပက်မြို့တွင် မွေးဖွားလေသည်။ သူ၏အမည်ရင်းမှာ ဆစ်ဂ်မန်း ဆာလ်မန်းဒ် ဖြစ်လေ သည်။ သူ လေးပတ်သားအရွယ်တွင် သူ၏မိသားစုသည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ ပြောင်းရွှေ့သွားလေသည်။ ၁၉ရာစုနှောင်းပိုင်းကာလအတွင်းတွင် ဂျူးလူမျိုးများစွာသည် ဗီယင်နာမြို့သို့ ပြောင်းရွှေ့အခြေချလာကြလေသည်။ အ ကြောင်းမှာ ၁၈၆၇ခုနှစ်အတွင်းတွင် ဗီယင်နာမြို့သည် ဂျူးလူမျိုးများကို နိုင်ငံသားအဖြစ် အပြည့်အဝအသိအမှတ်ပြု သောကြောင့် ဖြစ်လေသည်။

သူ၏ဖခင်ဖြစ်သူ ဒေဝါလီခံလိုက်ရပြီးနောက်တွင် အသက်၁၆နှစ်အရွယ် ဆော်လ်တန်သည် ကျောင်းမှထွက်လိုက်ရပြီး အာမခံကုမ္ပဏီတစ်ခုတွင် စတင်၍ အလုပ်လုပ်ရလေသည်။ ထိုကာလမှာပင် သူသည် ကဗျာများနှင့် စာအုပ်ဝေဖန်ချက် များကိုပါ ဂျာနယ်များသို့ ပို့လေသည်။ သူသည် နုပျိုသော ဗီယင်နာ လှုပ်ရှားမှုတွင် ပါဝင်လာလေသည်။ များမကြာမီ သူသည် ဗီယင်နာမှ ပုံနှိပ်တိုက်တစ်ခုအတွက် အချိန်ပြည့် အနုပညာနှင့် ကဇာတ်ဆိုင်ရာ ဝေဖန်ရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်လေသည်။ ၁၉၀ဝပြည့်နှစ်အတွင်း သူ၏ ဝတ္တုတိုများ ပထမဦးဆုံးအကြိမ် စုစည်းမှု ထွက်လာလေသည်။ ၁၉၀၁ခုနှစ်တွင် သူသည် ဗီယင်နာမြို့၏ ပထမဦးဆုံးသော စာပေဖျော်ဖြေပွဲကို အစပျိုးဦးဆောင်ခဲ့လေသည်။ ယင်း စာပေဖျော်ဖြေပွဲမျိုးမှာ ကာဘာရက်ဒ်ဟု ခေါ်တွင်သော ဖျော်ဖြေပွဲမျိုးဖြစ်လေသည်။ စားသောက်ဆိုင်များ၊ နိုက်ကလပ် များတွင် စားသောက်နေကြသည့်ပရိသတ်ကို ဖျော်ဖြေကြခြင်း ဖြစ်လေသည်။ ဆော်လ်တန်၏ စာပေဖျော်ဖြေပွဲသည် သက် တမ်းသိပ်မရှည်ခဲ့ပေ။

များမကြာမီ သူသည် တစ်နှစ်လျှင် ပျမ်းမျှ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့နိုင်လေသည်။ ယင်းစာအုပ်များတွင် ပြဇာတ် များ၊ ဝတ္တုတိုများ၊ နိုဗယ်လ် (ခေါ်) ဝတ္တုရှည်များ၊ ခရီးသွားစာအုပ်များနှင့် အက်ဆေးစာအုပ်များ ပါဝင်လေသည်။ သူ သည် ဗီယင်နာမြို့တွင်ထုတ်ဝေသမျှ အားလုံးသောသတင်းစာများတွင်လည်း စာရေးလေသည်။ ၁၉၀၆ခုနှစ်တွင် ဆော်လ် တန်သည် အားလ်စတိန်းသို့ အယ်ဒီတာချုပ်အဖြစ် သွားရောက်လုပ်ကိုင်လေသည်။ သို့သော်လည်း လအနည်းငယ်အကြာ တွင် ဗီယင်နာမြို့သို့ ပြန်လည်ရောက်ရှိလာလေသည်။ သူသည် ရုပ်ရှင်ဇာတ်ညွှန်းများ၊ အော်ပရာကဇာတ်များအတွက် အော်ပရာသီချင်းများလည်း ရေးသားခဲ့လေသည်။ ၁၉၂၇ခုနှစ်ရောက်သော် သူသည် အာသာရ် ရှနစ်ဇာလ်၏နေရာကို ဆက်ခံကာ ဩစတြီးယန်းပန်င်ကလပ်၏ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့လေသည်။

သူ၏အထင်ရှားဆုံးသောစာအုပ်မှာ ၁၉၂၃ခုနှစ်တွင်ထွက်ရှိသော ဘမ်ဘီ စာအုပ် ဖြစ်လေသည်။ ယင်းစာအုပ်ကို ၁၉၂၈ ခုနှစ်အတွင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ အဆိုပါအင်္ဂလိပ်ဘာသာပြန်သည် တစ်လတာအကောင်းဆုံးစာအုပ်အဖြစ် လည်း အောင်မြင်မှုရရှိခဲ့လေသည်။ ၁၉၃၃ခုနှစ်တွင် သူသည် ရုပ်ရှင်ဆိုင်ရာမူပိုင့်ခွင့်ကို ဒါရိုက်တာ ဆစ်ဒနီ ဖရန် ကလင်အား ဒေါ်လာတစ်ထောင်တည်းဖြင့် ရောင်းချခဲ့သည်။ ဖရန်ကလင်က အဆိုပါမူပိုင်ခွင့်ကို ဝေါ့လ်ဒစ္စနီ စတူဒီယို သို့ လွှဲပြောင်းရောင်းချခဲ့လေသည်။ ဝေါ့လ်ဒစ္စနီက ဘမ်ဘီဝတ္တုကိုအခြေခံ၍ရိုက်ကူးထားသောရုပ်ရှင်ကို ၁၉၄၂ခုနှစ် တွင် ထုတ်လုပ်ခဲ့သည်။

၁၉၃၀ပြည့်နှစ်များအတွင်းတွင် ဩစတြီးယားနိုင်ငံရှိ ထင်ရှားသောဂျူးလူမျိုးတစ်ယောက်အတွက် ဘဝမှာ အန္တရာယ်ထူ ပြောစပြုလာလေသည်။ အဒေါ့ဖ် ဟစ်တလာသည် ၁၉၃၆ခုနှစ်အရောက်တွင် ဆော်လတန်၏စာအုပ်များကို ပိတ်ပင်လေ သည်။ နောက်နှစ်နှစ်အကြာတွင် ဩစတြီးယားနိုင်ငံသည် ဂျာမနီ၏အစိတ်အပိုင်းဖြစ်လာပြီးနောက် ဆော်လ်တန်သည် ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့သို့ ပြောင်းရွှေ့အခြေချလေသည်။ ဇူးရစ်တွင်ပင် သူသေသည်အထိ နေထိုင်ခဲ့သည်။ သူသည် ၁၉၀၂ခုနှစ်တွင် ရုပ်ရှင်မင်းသမီး အော်တီလီ မက်ဇယ်လ်နှင့် လက်ထပ်ခဲ့ပြီး ၎င်းနှင့် ကလေးနှစ်ယောက်ရခဲ့သည်။ ကလေးနှစ်ယောက်၏အမည်များမှာ ပေါလ် နှင့် အန်နာ ကက်ထရီးနားတို့ဖြစ်ပြီး ၁၉၀၃ခုနှစ်နှင့် ၁၉၀၄ခုနှစ်တို့တွင် အ သီးသီးမွေးဖွားခဲ့လေသည်။ သူသည် ဘမ်ဘီဇာတ်ကောင်ကိုအခြေခံ၍ နောက်ထပ်စာအုပ်တစ်အုပ် ရေးသားခဲ့သေးသည်။ ယင်းစာအုပ်၏အမည်မှာ ဘမ်ဘီ၏ရင်သွေးများ - တောအုပ်ထဲက မိသားစု၏ ဇာတ်လမ်း ဖြစ်ပြီး ၁၉၃၉ခုနှစ်တွင် ထွက်ရှိခဲ့သည်။ သူ၏စာအုပ်များဖြစ်သော ပယ်ရီ နှင့် ဖလော်ရင့်စ်မြို့မှ ခွေးကြီး တို့ကို မှီငြမ်း၍ ဒစ္စနီရုပ်ရှင်များဖြစ်သော ပယ်ရီ (၁၉၅၇) နှင့် အမွေးဖွားခွေး (၁၉၅၉) တို့ကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။

ဆော်လ်တန်ကို စိတ်လှုပ်ရှားဖွယ်ရာဝတ္တုရှည်တစ်အုပ်ဖြစ်သော ဂျိုဆီဖင်းန် မဒ်ဇန်ဘာချာလ် စာအုပ်ကို ရေးသားခဲ့သည့် အမည်မသိ စာရေးဆရာအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။ ယင်းဝတ္တုရှည်သည် ဗီယင်နာမြို့မှ ပြည့်တန်ဆာမ တစ်ဦး၏ ဝတ္တုဟန်အတ္ထုပတ္တိစာအုပ် ဖြစ်ပြီး ၁၉၀၆ခုနှစ်က ထွက်ရှိခဲ့လေသည်။ အဆိုပါဝတ္တုရှည်သည် ဂျာမန်ဘာသာ ဖြင့် ရေးသားခဲ့သည်။

သူရေးခဲ့သည့်အခြားသောစာအုပ်များတွင် တိရစ္ဆာန် ဝတ္တုရှည်များ - ယုန်၁၅ကောင် (၁၉၂၉)၊ ဧကရာဇ်မင်းမြတ်၏ မြင်းကြီး ဖလော်ရီယန် (၁၉၃၃) နှင့် ကြောင်ကလေး ဂျေဘ်ဘီ (၁၉၄၅) တို့လည်း ပါဝင်လေသည်။