ဖာဒီနန် ဒီ လက်ဆက်

ဝီကီပီးဒီးယား မှ

ဖာဒီနန် မာရီဒါလက်ဆက်(ခရစ် ၁၈ဝ၅ - ၁၈၉၄)သည် ပြင်သစ်လူမျိုး အင်ဂျင်နီယာနှင့် သံအဖွဲ့ဝင်တစ်ဦးဖြစ် သည်။ ၁၈၅၉ ခုနှစ်တွင် စတင်ဖောက်လုပ်၍ ၁၈၆၉ ခုနှစ်တွင် ဖွင့်လှစ်ကာ ကမ္ဘာတွင် ထင်ရှားလှပသော ဆူးအက်တူးမြောင်းကို တာဝန်ယူ၍ ကြံစည်ဆောင်ရွက်ခဲ့သည့် အင်ဂျင်နီယာအဖြစ် ကျော်ကြားသောပုဂ္ဂိုလ်ဖြစ် သည်။ ဒါလက်ဆက်သည် ပြင်သစ်နိုင်ငံ ဗာဆေးမြို့၌ ၁၈ဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ ၁၈၂၅ ခုနှစ်တွင် ပြင်သစ်သံအဖွဲ့၌ အမှုထမ်းသည်။ ၁၈၃၂ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ အယ်လက် ဇန္ဒြီးယားမြို့၌ ကောင်စစ်ဝန်အဖြစ် ထမ်းရွက်နေစဉ် ဆူးအက်ကျွန်းဆက်ကို ဖြတ်၍ တူးမြောင်းဖောက်လုပ်ရန် စိတ်ကူးရလေသည်။ နပိုလီယန်ဗိုနာပတ်သည် ယင်းသို့ပြုလုပ်ရန် စိတ်ဝင်စားခဲ့ကြောင်းကို စာရွက်စာတမ်းတစ်ခုတွင် ဒါလက်ဆက်တွေ့ရှိရာမှ ထိုကဲ့သို့ စိတ်ကူးပေါ်ခဲ့ခြင်းဖြစ်၏။ မြေထဲ ပင်လယ်ကို ပင်လယ်နီနှင့် ဆက်သွယ်ရန်စိတ်ကူးမှာအဆန်းမဟုတ်ပေ။ ဘီစီ ၆ဝဝ ခန့်က ထိုသို့သော တူးမြောင်းတစ်ခုရှိခဲ့၏။ သို့ရာတွင် ခရစ် ၇၆၇ ခုနှစ်တွင် အီဂျစ်ဘုရင်တစ်ပါးက ဖျက်ဆီးပစ်လိုက်သည်။ ဒါ လက်ဆက်သည် အဆိုပါတူးမြောင်းကိုဖြစ်မြောက်စေလို၏။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် အရှေ့တိုင်းသားနှင့် အနောက်တိုင်းသားတို့ ပိုမို၍ နီးစပ် လာကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်လိမ့်မည်ဟု ဒါလက် ဆက်က ထင်မိသည်။ ဒါလက်ဆက်သည် အလုပ်တွင် နိုင်နင်း၍ အောင်မြင်သော သံတမန်တစ်ဦးဖြစ်၏။ အယ်လက်ဇန္ဒြီးယားတွင်လည်းကောင်း၊ ကိုင်ရိုမြို့ တွင်လည်းကောင်း၊ ထိုနောက် ၁၈၃၇ ခုနှစ်၌ နယ်သာလန်နိုင်ငံ ရော့တဒင်းမြို့တွင်လည်းကောင်း ကောင်စစ်ဝန်အဖြစ် ထမ်းရွက်ပြီးလျှင် ဗာစီလိုနာမြို့တွင် ကောင်စစ်ဝန်ချုပ်အဖြစ်လည်းကောင်း၊ မဒရစ်မြို့တွင် သံအမတ်အဖြစ်လည်းကောင်း အမှုထမ်းရွက်သည်။ ဒါလက်ဆက်သည် ၁၈၄၉ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူ သည်။ ၁၈၅၄ ခုနှစ်မှစ၍ မိမိ၏ အကြံအစည်ကို အထမြောက်အောင် မြင်စေရန် စတင်ဆောင်ရွက်သည်။ ယင်းနှစ်တွင် ဒါလက်ဆက်သည် အီဂျစ် ဘုရင်ခံချုပ် ဆာအိပါးရှားထံမှ တူးမြောင်းဖောက်လုပ်ခွင့် ရရှိခဲ့သည်။ နိုင်ငံ ရေးရပ်ကွက်များမှ အတိုက်အခံပြုသည်ကိုလည်းကောင်း၊ အင်ဂျင်နီယာ လောကက သံသယဖြစ်ပွားသည်ကိုလည်းကောင်း ဒါလက်ဆက်က ဂရုမမူ ဘဲ ၁၈၅၈ ခုနှစ်တွင်သူ၏ကုမ္ပဏီကို စတင်တည်ထောင်စဉ် ဒါလက်ဆက် သည် ပြင်သစ်နှင့် အီဂျစ်အစိုးရတို့ထံမှ အကူအညီ အပြည့်အဝ ရရှိသည်။ သို့ဖြင့် ၁၁ နှစ် လွန်မြောက်သောအချိန်ဖြစ်သည့် ၁၈၆၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် မိုင် ၁ဝဝ ကျော်ရှည်သော ဆူးအက်တူးမြောင်းကို အီဂျစ်ဘုရင်ခံချုပ် အစ္စမေပါးရှားက ဖွင့်လှစ်နိုင်ခဲ့ပေသည်။


ဒါလက်ဆက်က ဆူးအက်တူးမြောင်းကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သောအခါ အမေရိတိုက်နှစ်ခုစပ်ကြားရှိ ပနားမားကျွန်းဆက်တွင် လည်း အလားတူ တူးမြောင်းဖောက်လုပ်ရန် သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာ တို့က စိတ်ပါဝင်စားလာလေသည်။ ၁၈၇၆ ခုနှစ်တွင် ယင်းလုပ်ငန်းစီမံကိန်း နှင့်စပ်လျဉ်း၍ ဖွဲ့စည်းသောကော်မတီသည် ပါရစ်မြို့တွင် တွေ့ဆုံစည်းဝေး ၏။ ကုမ္ပဏီအသစ်တစ်ခုကိုဖွဲ့၍ ဒါလက်ဆက်အား ဥက္ကဋ္ဌအဖြစ် တင်မြေ|ာက်၏။ သို့ရာတွင် ဤအကြိမ်တွင်မူ ဒါလက်ဆက်သည် ဆူးအက်တူးမြောင်းကဲ့သို့ အောင်မြင်မှု မရှိခဲ့ပေ။ ငွေရေးကြေးရေချို့တဲ့မှု၊ အင်ဂျင်နီယာအခက်အခဲ ပြဿနာများ၊ အဝါဖျား ရောဂါများကြောင့် ဒါလက်ဆက် အဖို့ မျက်နှာမလှ ဖြစ်ခဲ့ရ၏။ ၁၈၈၉ ခုနှစ်တွင် မိမိ၏ အင်ဂျင်နီယာ များကို ဆက်လက်၍ မဆောက်လုပ်ရန် အမိန့်ပေးရတော့၏။ပနားမား တူးမြောင်း ဒါလက်ဆက်သည် ပနားမားတူးမြောင်း ဖောက် လုပ်ရေးကိစ္စတွင် ငွေအလွဲသုံးစားမှုဖြင့် တရားစွဲဆိုစစ်ဆေးခြင်းခံရပြီးနောက် ထောာင်ဒဏ်အပြစ်ပေးခံရသည်။ သို့ရာတွင် ဒါလက်ဆက်သည် မမာမကျန်း ဖြစ်နေသဖြင့် တကယ်တမ်း အကျဉ်းချခြင်းကိုမူ မခံရချေ။ ဖာဒီနန် ဒါလက်ဆက်သည် ၁၈၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)