ဖရီဒါ ကာလို

ဝီကီပီးဒီးယား မှ
Frida Kahlo, 1932

ဖရီဒါခါလို (Spanish pronunciation: [ˈfɾiða ˈkalo]; born Magdalena Carmen Frida Kahlo y Calderón; ၁၉၀၇ ဇူလိုင် ၆- ၁၉၅၄ ဇူလိုင် ၁၃) ပုံတူပန်းချီများ ၊ ကိုယ်တိုင်ရေးပုံတူ ပန်းချီများ ၊ သဘာဝတရား နှင့် မက္ကဆီကို အနုသုခုမအသုံးအဆောင်ပစ္စည်းများမှ စိတ်ကူးဉာဏ်ကွန့်မြူးသည့် လက်ရာများဖြင့် လူသိများသော မက္ကဆီကန် ပန်းချီဆရာမတဦးဖြစ်သည်။ မက္ကဆီကန်နိုင်ငံကာလပေါ်ယဉ်ကျေးမှု၏ လှုံ့ဆော်ခံရမှုဖြင့် မက္ကဆီကန် လူ့အသိုင်းအဝိုင်းတွင်းက ကိုယ်ပိုင်လက္ခဏာများ ၊ ပို့စ်ကိုလိုနီယဲလစ်ဇမ် ၊ ဂျန်ဒါ ၊ လူ့အဆင့်အတန်းနှင့် လူမျိုးရေးရာများကို မေးခွန်းထုတ်သည့် ကျေးလက်အနုလက်ရာဟန်ကို သုံးစွဲသည်။ သူမ၏ ပန်းချီလက်ရာများ တွင် ကိုယ်တိုင်ရေးပုံတူအရိပ်လက္ခဏာများ ၊ စိတ်ကူးယဉ်နှင့်ရီယဲလစ်ဇင်ပေါင်းစပ်ထားဟန်တို့ပါဝင်သည်။ မက္ကဆီကန် အမျိုးသားရေးလက္ခဏာကို ဖော်ထုတ်သတ်မှတ်ပေးသည့် Mexicayotl လှုပ်ရှားမှုနှင့် ပတ်သက် ဆက်နွယ်သူ အဖြစ် သာမက ဆာရီယဲလစ်ဇ် သို့မဟုန် မက်ဂျစ်ကဲလ်ရီယဲလ်ဇစ် တဦးအဖြစ် ပုံဖော်ခံရသည်။

ဂျာမန်လူမျိုးဖခင် နှင့် mestiza  လူမျိုးမိခင်တို့မှ မွေးဖွားသော ခါလိုသည် ကလေးဘဝနှင့်အရွယ်ရောက်ပြီး နောက်တွင်  Coyoacán ရှိ မိသားစု နေအိမ် La Casa Azul တွင် အနေများခဲ့ပြီး ယင်းနေအိမ်မှာ ယခုအခါ ဖရီဒါခါလိုပြတိုက်အဖြစ် ထားရှိသည်။ ပိုလီယိုရောဂါကြောင့် မသန်စွမ်းဖြစ်ခဲ့ရသော်လည်း အသက် (၁၈) နှစ် အရွယ်၌ ကြုံတွေ့ခဲ့ရသော ယာဉ်မတော်တဆမှု မဖြစ်ခင်အထိ ဆေးတက္ကသိုလ်တက်ရောက်ရန် အလားအလာ အရှိဆုံးကျောင်းသူဖြစ်ခဲ့သည်။ မတော်တဆမှုကြောင့် ရာသက်ပန် နာကျင်မှုနှင့် ဆေးဘက်ဆိုင်ရာ ပြဿနာများ ခံစားခဲ့ရသည်။ နာလန်ထူလာစဉ် အနုပညာရှင်ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် ကလေးဘဝဝါသနာ ဖြစ်သည့် အနုပညာဘက်သို့ စိတ်ပြန်လည်လာခဲ့သည်။

သူမ၏ နိုင်ငံရေးနှင့်အနုပညာတွင် စိတ်ပါဝင်စားမှုကြောင့် ၁၉၂၇ ခုနှစ်တွင် မက္ကဆီကန်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ရာမှတဆင့် မက္ကဆီကန်အနုပညာရှင် ဒီယေဂိုရီဗဲရာနှင့် တွေ့ဆုံခဲ့သည်။ သူမတို့စုံတွဲမှာ ၁၉၂၈ တွင် လက်ထပ်ပြီး ၁၉၂၀ နှောင်းပိုင်းနှစ်များနှင့် ၁၉၃၀ အစောပိုင်းနှစ်များတွင် မက္ကဆီကိုနှင့်အမေရိကန်ပြည်ထောင်စုသို့ စုံတွဲလှည့်လည်သွားလာခဲ့ကြသည်။ အဆိုပါကာလများအတွင်း မက္ကဆီကန်ကျေးလက်ယဉ်ကျေးမှုမှ စိတ်ကူး ကွန့်မြူးပြီး ရေးဆွဲသည့် အနုပညာဟန်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကိုလံဘီယန်နှင့် ကတ်သလစ် ယုံကြည်မှု မတိုင်မီကာလ အရိပ်အယောင်များနှင့် ပေါင်းစပ်ထားသော ပုံတူငယ်များ ကိုယ်တိုင်ရေးပုံတူများကို ရေးဆွဲခဲ့သည်။ သူမ၏ ပန်းချီကားများမှာ ဂျူလီယန်လဲဗီးဂယ်လာရီ၌ ပထမဆုံးတကိုယ်တော်ြပပွဲကို ၁၉၃၈ ခုနှစ် နျူးယော့ခ်တွင် ပြသရန် စီစဉ်ပေးသူ အန်ဒရေ ဘရက်တန်၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

ပြပွဲမှာ အောင်မြင်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ပါရီမြို့၌ ဒုတိယတပွဲပြသခဲ့ရသည်။ ပြင်သစ်ပြပွဲမှာ အောင်မြင်မှုအရနည်းနေစဉ်၌ ခါလို၏ The Frame ပန်းချီကားကို လုဗ်ပြတိုက်က ဝယ်ယူခဲ့ရာ ၎င်းတို့၏ စုစည်းပြသမှုများအနက်က ပထမဆုံးသော မက္ကဆီကန်အနုပညာရှင် ဖြစ်လာခဲ့သည်။ ၁၉၄၀ နှစ်များတလျောက် ခါလိုသည် မက္ကဆီကို နှင့် အမေရိကန်ပြည်ထောင်စုရှိ ပြပွဲများ၌ ပါဝင်ခဲ့ပြီး အနုပညာဆရာမအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ Escuela Nacional de Pintura, Escultura y Grabado "La Esmeralda" ၌ သင်ကြားပြသခဲ့ပြီး Seminario de Cultura Mexicana ၏ တည်ထောင်သူအဖွဲ့ဝင်ဖြစ်သည်။ ခါလို၏ အထိမခံနိုင်သောကျန်းမာရေး အခြေအနေမှာ ယင်းနှစ်များအတွင်း၌ပင် ကျဆင်းလာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် သူမ၏ ပထမဆုံး တကိုယ်တော်ပြပွဲကို မက္ကဆီကို၌ ပြသခဲ့သည်။ ၁၉၅၄ ခုနှစ် အသက် ၄၇ ခုနှစ်၌ ကွယ်လွန်ခဲ့သည်။

ခါလို၏လက်ရာများကို အနုလက်ရာသမိုင်းပညာရှင်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြန်လည် ဖော်ထုတ်တွေ့ရှိခဲ့သည့် ၁၉၇၀ ခုနှစ်နှောင်းပိုင်းတိုင်အောင် တိမ်မြုပ်နေခဲ့သေးသည်။ ၁၉၉၀ အစောပိုင်းနှစ်များ တွင် အနုလက်ရာသမိုင်း၏ လူသိများသည့် ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ရုံမျှမက ချီကာနို ၊ အမျိုးသမီးဝါဒီ လှုပ်ရှားမှု နှင့် လိင်စိတ်ခံယူချက်ကွဲပြားသူများ လှုပ်ရှားမှု၏ အမှတ်သင်္ကေအဖြစ်ပါ အသိအမှတ်ပြုခံရသည်။ ခါလို၏ လက်ရာများသည် မက္ကဆီကန် လူမျိုးနှင့် ဌာနေရိုးရာ၏ ကိုယ်စားပြုလက္ခဏာများအဖြစ်သာမက အမျိုးသမီး ဘဝအတွေ့အကြုံနှင့် အသွင်သဏ္ဍန်ကို ပြောင်ပြောင်တင်းတင်းသရုပ်ဖော်မှုဟု ရှုမြင်ခံရသည့်အတွက်ကြောင့် အမျိုးသမီးဝါဒီ တဦးက ရေးဆွဲသည့်လက်ရာအနေနှင့်ပါ နိုင်ငံတကာ၌ ထင်ရှားလာခဲ့လေသည်။