ပါစီစပင်ဆာ

ဝီကီပီးဒီးယား မှ
ပါစီစပင်ဆာ
မွေးဖွား၉.၇.၁၈၉၄
ကွယ်လွန်၈.၉.၁၉၇၀
နိုင်ငံလူမျိုးအမေရိကန်
ပညာရေးအခြေခံပညာအလယ်တန်း
အလုပ်အကိုင်အင်ဂျင်နီယာတီထွင်ပညာရှင်
အလုပ်ရှင်ရေသီယွန်ကုမ္ပဏီ
ကျော်ကြားမှုအရင်းခံမိုက္ကရိုဝေ့(ဗ်)မီးဖိုတီထွင်သူ

ဒေါက်တာ ပါစီလီဘာရွန်စပင်ဆာ (၁၈၉၄၊ဇူလိုင်လ(၉)ရက်နေ့ဖွား - ၁၉၇၀၊စက်တင်ဘာလ(၈)ရက်နေ့ ကွယ်လွန်) သည် အမေရိကန်လူမျိုး တီထွင်ပညာရှင် တစ်ဦး ဖြစ်သည်။ မိုက္ကရိုဝေ့(ဗ်)မီးဖို ကို တီထွင်ခဲ့သူအဖြစ် ထင်ရှားကျော်ကြားသည်။

စပင်ဆာကို အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ဟောင်းလင်းမြို့တွင် မွေးဖွားခဲ့သည်။ အသက်(၇)နှစ်သားအရွယ်တွင် ဖခင်သေဆုံးပြီးနောက် မိခင်ဖြစ်သူကလည်း သူ့အား ဆွေမျိုးများထံတွင် ထားရစ်ခဲ့သည်။ ဦးလေးနှင့် အဒေါ်တို့ လက်ထဲတွင်သာ ကြီးပြင်းခဲ့ရသည်။ ကျောင်းပညာကို အထက်တန်းအဆင့်မျှပင် မအောင်ခဲ့ပေ။ အသက် (၁၂)နှစ်သားအရွယ်တွင် စက်ရုံတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့ရသည်။ အမေရိကန်ရေတပ်သို့မဝင်ရောက်မီ ၁၉၁၂တွင် ဝိုင်ယာလက် ကြိုးမဲ့ဆက်သွယ်ရေး ပညာကို စတင်သင်ယူခဲ့သည်။ ၁၉၂၀ တွင် တပ်မှထွက်ပြီးနောက် ရေသီယွန်ကုမ္ပဏီတွင် ဝင်ရောက်အမှုထမ်းသည်။

၁၉၄၁ခုနှစ်တွင် ရေသီယွန်ကုမ္ပဏီသည် ရေဒါ၏ အဓိကအစိတ်အပိုင်းဖြစ်သော ရေဒီယိုလှိုင်းများထုတ်လွှတ်ပေးသည့် မဂ္ဂနက်ထရွန် များကို တစ်ရက်လျှင် (၁၇)ခုနှုန်းဖြင့် ထုတ်လုပ်နေခိုက်ဖြစ်သည်။ စပင်ဆာသည် မဂ္ဂနက်ထရွန်များကို ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆရင်း ဖောက်စက်များ ဂဟေဆော်ကိရိယာများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူ၏တီထွင်ကြိုးပမ်းမှုကြောင့် ရေသီယွန် ကုမ္ပဏီသည် တစ်ရက်လျှင် မဂ္ဂနက်ထရွန် အလုံးရေ (၂၆၀၀) အထိ တိုးတက်ထုတ်လုပ်လာနိုင်ခဲ့သည်။ ယင်းတီထွင်မှုကြောင့် သူ့အား အမေရိကန်ရေတပ်မှ ထူးချွန်ပြည်သူ့ဝန်ထမ်းဆုတံဆိပ် ကိုချီးမြှင့်ခဲ့သည်။

၁၉၄၅ခုနှစ်တွင် သူသည် မဂ္ဂနက်ထရွန် တစ်ခုကိုဖွင့်နေခိုက်တွင် သူ၏အိပ်ကပ်အတွင်းမှ ချောကလက်တောင့် အရည်ပျော်ကျလာသည်ကို သတိထားလိုက်မိသည်။ ထို့နောက်သူသည် ပြောင်းဖူးစေ့အနည်းငယ်ကို မဂ္ဂနက်ထရွန်ရှေ့သို့ ယူလာပြီး ထားကြည့်သည်။ ပါဝါပေးလိုက်သောအခါ ပြောင်းဖူးစေ့များ ပေါက်ပေါက် လှော်သကဲ့သို့ ပေါက်ကွဲကြလေသည်။ ယင်းတွေ့ရှိချက်မှ မိုက္ကရိုဝေ့(ဗ်)မီးဖို ကို တီထွင်လိုက်သည်။ ၁၉၄၇ခုနှစ်တွင် ရေသီယွန်ကုမ္ပဏီမှ ကမ္ဘာ့ပထမဆုံး မိုက္ကရိုဝေ့(ဗ်)မီးဖို ကို ရောင်းချခဲ့သည်။ သူသည် မိုက္ကရိုဝေ့(ဗ်)မီးဖို တီထွင်မှုကို အမေရိကန်ပြည်ထောင်စု ၏ တီထွင်မှုဆိုင်ရာမူပိုင်ခွင့် မှတ်ပုံတင်ခဲ့ရာ မှတ်ပုံတင်အမှတ် ၂,၄၉၅,၄၂၉ ဖြစ်သည်။

နောက်ပိုင်းတွင် သူသည် ရေသီယွန်ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာနှင့် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူသည် ရေသီယွန်ကုမ္ပဏီတွင် အလုပ်လုပ်ရင်းဖြင့် ကိုယ်ပိုင်တီထွင်မှုပေါင်း (၃၀၀)ကျော်ကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သည်။ သူ့တွင် သားသမီး (၃)ယောက်ထွန်းကားခဲ့သည်။ ဂျိမ်း(စ်)၊ ဂျွန် နှင့် ဂျော့(ခ်ျ) တို့ဖြစ်ကြသည်။

References[ပြင်ဆင်ရန်]

External links[ပြင်ဆင်ရန်]