ဒေါက်ဂလပ် ဟိတ်

ဝီကီပီးဒီးယား မှ

အားဘွဲ့ရ ဒေါက်ဂလပ် ဟိတ်သည် ပထမကမ္ဘာစစ် (၁၉၁၄-၁၈) အတွင်းက ပြင်သစ်နိုင်ငံရှိ ဗြိတိသျှ စစ်တပ်ကို ဦးစီး ကွပ်ကဲခဲ့သော သေနာပတိဖြစ်သည်။ ဟိတ်သည် ၁၈၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စကော့တလန်ပြည် အက်ဒင်ဗာရာမြို့၌ ဖွားမြင်သည်။ အောက်စဖို့ တက္ကသိုလ်တွင် ပညာသင်ပြီးနောက် ၁၈၈၅ ခုနှစ်၌ ဆင်းဒဟတ်ဘုရင့်စစ်ကောလိပ်ကျောင်းသို့ ဝင်ရောက် သင်ကြားသည်။ ၁၈၈၉ ခုနှစ်၌ အမှတ် (၇) မြင်းတပ်တွင် ဗိုလ်ရာထူးဖြင့် စတင် အမှုထမ်းသည်။ ၁၈၉၁ ခုနှစ် တွင် ဗိုလ်ကြီးရာထူးတို့ တိုးတက်ချီးမြှင့်ခြင်း ခံရလေသည်။ ထိုနောက် ၁၈၉၈ ခုနှစ်တွင် အာဖရိကတိုက် နိုင်းမြစ်ရိုး တိုက်ပွဲများ၌ ဗိုလ်ချုပ် လော့ကစ်ချနာအောက်တွင် ထူးချွန်စွာ အမှုထမ်းခဲ့ရာ ဗိုလ်မှူးအဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ တစ်ဖန် ၁၈၉၉ ခုနှစ်မှ စတင်ဖြစ်ပွားသော အာဖရိကတောင်ပိုင်း ဗိုးဝါးစစ်ပွဲ၌လည်း ပါဝင် တိုက်ခိုက်ခဲ့သည်။


ဟိတ်သည် အိန္ဒိယနိုင်ငံတွင် ၁၉ဝ၃ ခုနှစ်မှ ၁၉ဝ၆ ခုနှစ် အထိ မြင်းတပ် စစ်ဆေးမှူးချုပ်အဖြစ် လည်းကောင်း၊ ထိုနောက် အိန္ဒိယတပ်မတော်တွင် စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း အမှုထမ်းခဲ့သည်။ ပထမ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဟိတ်သည် အင်္ဂလန်နိုင်ငံ၌ အကြီးဆုံး စစ်လေ့ကျင့်ရေးဌာနချုပ်ဖြစ်သော အောလဒါရှော့စခန်းတွင် ဗိုလ်ချုပ်ကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၁၉၁၄ ခုနှစ်ဩဂုတ်လတွင် ဟိတ်သည် ဂျာမန်တပ်များကို တိုက်ခိုက်ရန် အမှတ် ၁ တပ်မကြီးကို ဦးစီး၍ ပြင်သစ်နိုင်ငံသို့ စစ်ချီခဲ့သည်။ ဗိုလ်ချုပ်ဟိတ်သည် တိုက်ပွဲများတွင် သူရသတ္တိရှိသော စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်သာမက မိမိ လက်အောက်ငယ်သားတို့၏ စိတ်ဓာတ်ကြံ့ခိုင်ရအောင် စွမ်းဆောင်နိုင်သူလည်း ဖြစ်ပေသည်။ ထိုကြောင့် ၁၉၁၅ ခုနှစ် ဒီဇင်္ဘာလတွင် ဗိုလ်ချုပ်ဟိတ်ကို ဆာဂျွန်ဖရင့်၏နေရာ၌ ဗြိတိသျှတပ်ပေါင်းစု၏ သေနာပတိ အဖြစ် ခန့်အပ်ခဲ့သည်။ မဟာမိတ်တပ်များ၏ သေနာပတိချုပ် ဖာရှယ်ဖော့ဦးစီး၍ တိုက်စစ်ဆင်ရာ၌ ဗိုလ်ချုပ်ဟိတ် ကွပ်ကဲ သော တပ်များက ထူးချွန်စွာ ကူညီခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် ဟင်ဒင်ဗတ် စစ်ကြောင်းကို ထိုးဖောက်နိုင်ခဲ့ကြသည်။ ဟိတ်သည် ထိုအချိန်က အကြီးဆုံးသော ဗြိတိသျှတပ်ကို ဦးစီးရသောစစ်သူကြီး ဖြစ်သည်။ အနောက်စစ်မျက်နှာတွင် ဗြိတိသျှတပ်များ နောက်ဆုံး၌ စစ်ရေးသာခဲ့ရခြင်းသည် ဗိုလ်ချုပ်ဟိတ်၏ စွမ်းရည်နှင့် အမြော်အမြင်ကြီးမှုကြောင့်ဖြစ်သည်ဟု ဆိုရာသည်။

၁၉၁၉ ခုနှစ်တွင် ဗြိတိသျှအစိုးရက ဗိုလ်ချုပ်ဟိတ်ကို အားဘွဲ့ဖြင့် သူကောင်းပြု၍ ဆုငွေများ ပေးကမ်း ချီးမြှင့်သည်။ အခြားဘွဲ့ထူးများကိုလည်း အပ်နှင်းသည်။ ၁၉၂၁ ခုနှစ်တွင် စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ပြီး နောက် စစ်ပြန်ရဲဘော်များ သက်သာချောင်ချိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှလီဂျင်ခေါ် စစ်ပြန်ရဲဘော်များပါဝင်သော အသင်းကို လည်း ဖွဲ့စည်းတည်ထောင်၍ ထိုအသင်း၏ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထိုပြင် နှစ်စဉ် စစ်ပြေငြိမ်း သည့် နိုဝင်ဘာလ ၁၁ ရက်နေ့၌ ပေါ်ပီပန်းများကိုရောင်း၍ အသင်းရန်ပုံငွေရှာခြင်းကိုလည်း အားပေးခဲ့သည်။ ဗိုလ်ချုပ် ဟိတ်သည် ၁၉၁၈ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့တွင် လန်ဒန် မြို့၌ ကွယ်လွန်ခဲ့ရာ ပုံတူမြင်းစီးကြေးရုပ် သွန်းလုပ်၍ ဝက် စမင်စတာအရပ်တွင် အထိမ်းအမှတ် အဖြစ် စိုက်ထူထားကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)