ဒုတိယအာဘင် (ပုပ်ရဟန်းမင်းကြီး)

ဝီကီပီးဒီးယား မှ
ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင် (၁၀၄၂-၁၀၉၉)

ခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားအောင် လှုံဆော်သူ အဖြစ် ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင် (၁၀၄၂-၁၀၉၉)ကိုသမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ မူဆလင်တို့ လက်ထဲကျရောက်နေသည့် မြင့်မြတ်သောမြေ ကိုခရစ်ယာန်တို့လက်ထဲ ပြန်ရောက်အောင် တိုက်ယူရမည် ဟူသောလှုံဆော်ဟောပြောမှုကို ဥရောပမှ နိုင်ငံခေါင်းဆောင်များ တစ်စုတစ်ပေါင်းတည်းလိုက်နာကြရာမှ ထိုခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားရခြင်းဖြစ်သည်။

အမည်ရင်း အိုဒိုဒေလာဂေရိဖြစ်သည့် အာဘင်အား ပြင်သစ်နို်င်ငံ၊ဆတိလောင်ဆူလ်မန်းမြို့တွင် ၁၀၄၂ခန့်က ဖွားမြင်သည်။ ပြင်သစ်သူကောင်းမျိုးမှ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဉ်ကပင် ပညာကောင်းစွာသင်ခဲ့ရသည်။ လူငယ်ဘဝမှာပင် ရိုမန်ကတ်တလစ် ဂိုဏ်းထောက်ဖြစ်ခဲ့ပြီး အချိန်နှင့်အမျှ ရာထူးတိုးကာ ၁၀၈၈တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသည်။

၁၀၉၆၊နိုဝင်ဘာ ၊၂၇ တွင် ပြင်သစ်နိုင်ငံ တလာမွန်မြို့တွင် ပရိသတ်ထောင်သောင်းမက တက်ရောက်သည့် ခရစ်ယာန်စည်းေ၀းပွဲကြီးပြုလုပ်ပြီး သမိုင်းတွင်ရစ်မည့် မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုမိန့်ခွန်း၏ အကျိုးဆက်ကို နှစ်ပေါင်းရာနှင့်ချီကာ ဥရောပတွင်သက်ရောက်ခဲ့သည်။ မိန့်ခွန်း၏ အကျဉ်းချုပ်သဘောမှာ ဆယ်ဂျူတာ့စ် များက မြေမြတ်ကိုကျူးကျော်နေထိုင်ပြီး သာသနာကိုစော်ကားနေကြောင်း၊ခရစ်ယာန်ဘုရားဖူးများကို နှောင့်ယှက်နေကြောင်း၊ ထိုအကြောင်းတို့ကြောင့် ခရစ်ယာန်ဘာသာဝင်နိုင်ငံများအနေဖြင့် သာသနာ့ အကျိုးအတွက် ထိုမြင့်မြတ်သောမြေကို ပြန်လည်ရရှိရေး အလို့ငှာ ဘာသာရေးစစ်ခင်းသင့်ကြောင်း ဖြင့်ဟောပြောခဲ့သည်။ သို့သော် ထိုမိန့်ခွန်းတွင် ဘာသာရေးကိုသာမက ထိုမြင့်မြတ်မြေမှာ မိမိတို့ ဥရောပကဲ့သို့ ပြည့်ကျပ်မနေပဲ ကောက်ပဲသီးနှံပေါများကြောင်း မက်လုံးပေးဟောကြားခဲ့သည်မျိုးလည်း ပါပေသည်။ နောက်ဆုံးပိတ် မိန့်ခွန်း၏နိဂုံးတွင်လည်း ခရူးဆိတ်စစ်ပွဲဆင်နွဲခြင်းဖြင့် အပြစ်မှ လွတ်ရန် အာပတ်ဖြေသည်နှင့် အတူတူပင်ဖြစ်ကြောင်း၊ ခရူးဆိတ်စစ်ပွဲဆင်နွဲသည့် တပ်သားများအနေဖြင့် အပြစ်မှလွတ်နိုင်ကြောင်း ကြေညာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင် စစ်ချီတက်ရန် မိန့်ခွန်းပြေနေစဉ်

ထိုကဲ့သို့ သာသနာ၏အကျိုးမှသာ မဟုတ် ကိုယ်ကျိုးစီးပွားပါ အကျုံးဝင်အောင် ဟောပြောသဖြင့် မိန့်ခွန်းမဆုံးမှီကပင် “ဒါဘုရားသခင်ရဲ့အလိုတော်ဟေ့” ဟု် ဝိုင်းဝန်းအော်ဟစ် ထောက်ခံခဲ့ကြပြီး ထိုစကားရပ်မှာ ခရူးဆိတ်စစ်ပွဲများတွင် ခရစ်ယာန်တို့ဖက်မှကြွေးကြော်သော စစ်ချီသံဖြစ်လာတော့သည်။ ထိုအစည်းအေဝးပြီး၍ တစ်လကျော်အကြာတွင်ပင် ပထမဆုံးသော ခရူးဆိတ်တိုက်ပွဲအတွက် ဥရောပခရစ်ယာန်တပ်များ စတင်စစ်ချီကြတော့သည်။ သို့ဖြင့် ရာစုနှစ် နှစ်ခုနီးပါးကြာမြှင့်ပြီး စစ်ပွဲကြီး ၈ ကြိမ်နှင့် စစ်ပွဲငယ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည့် ခရူးဆိတ်စစ်ပွဲများမှာ ပုပ်ရဟန်းမင်းကြီး ဒုတိယအာဘင်၏ ဟောပြောမှုဖြင့် စတင်ခဲ့သည်။ ကောင်းကျိုးဖက်မှ ကြည့်လျှင် ထိုစဉ်ကသီးခြားသဖွယ် နေထိုင်ခဲ့သည့် ဥရောပအနေဖြင့် ဘန်ဇန်တိုင်းအင်ပါယာ နှင့် အရှေ့ဘက်မှ အစ္စလာမ်တို့၏ ယဉ်ကျေးမှုများကို ထိတွေ့ခွင့်ရခဲ့သည်။ ထိုမှဥရောပ ယဉ်ကျေးမှုတစ်ဆင့် မြှင့်လာပြီးနောက် အသိအမြင်ပွင့်လင်းသည့် ရီနေးဆန့်ခေတ်ကို ရောက်ရှိလာခဲ့ရသည်။

ထိုကဲ့သို့ လူတစ်ဦးတစ်ယောက်၏ မိန့်ခွန်းစကားဖြင့် ဤမျှကြာရှည်ပြင်းထန်သော တိုက်ပွဲမျိုးကိုတိုက်ခိုက်သည်မှာ သမိုင်းတွင် ဒီတစ်ကြိမ်သာရှိသဖြင့် အာဘင်၏ဟောပြောမှုအရည်အချင်း၊ ဦးဆောင်မှုအရည်အချင်းကို သိမြင်နိုင်သည်။ ထို့ပြင် ထိုကဲ့သို့ ဘာသာရေးအခြေပြုပြီး ကြီးမားကျယ်ပြန့်သည့် စစ်ပွဲမျိုးကို ဖန်တီးရန် ဦးဆောင်နိုင်သည်မှာလည်း အာဘင်၏ ပုပ်ရဟန်းမင်းကြီး ရာထူးကို ပါးနပ်စွာအသုံးချနိုင်သည်ကြောင့်လည်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ၁၀၉၉ မကွယ်လွန်မှီ ၂ပတ်အလိုက ဂျေရူးဆလမ်မြို့ကို သိမ်းပိုက်ပြီးသော်လည်း ထိုအောင်ပွဲသတင်းကို အာဘင်ကြားမသွားခဲ့ရရှာပေ။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]