တိုင်းမ်စကွဲယား

ဝီကီပီးဒီးယား မှ

တိုင်းမ်စကွဲယား (Times Square) သည် အမေရိကန် ပြည်ထောင်စုနယူးယောက်မြို့ မန်ဟတ်တန် (Manhattan) ရှိ အဓိကကျသည့် စီးပွားရေး ရပ်ကွက်ဖြစ်သည်။ ဘရော့ဒ်ဝေးလမ်းနှင့် ၇ လမ်း လမ်းဆုံတွင် တည်ရှိပြီး အနောက် ၄၂ လမ်းမှ အနောက် ၄၇ လမ်းထိ ရှည်လျားသည်။ ကမ္ဘာပေါ်တွင် လူအစည်ကားဆုံး လမ်းဆုံဟုလည်း ကျော်ကြားသည်။ ခရီးသွားနှင့် အပန်းဖြေ (Travel + Leisure) မဂ္ဂဇင်း၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ စစ်တမ်းအရ တိုင်းမ်စကွဲယားသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည် အများဆုံးသွားရောက် လည်ပတ်သည့် နေရာဖြစ်ပြီး နှစ်စဉ် လည်ပတ်သူ ၃၉ သန်းကျော် ရှိသည်ဟု သိရသည်။

မူလက Longacre Square ဟု အမည်တွင်ပြီး ၁၉၀၄ ခုနှစ်တွင် နယူးယောက်တိုင်းမ် သတင်းစာ ဌာနချုပ်ကို အသစ်ဆောက်လုပ်သည့် တိုင်းမ်အဆောက်အဦး (ယခု - ဝမ်းတိုင်းမ်စကွဲယား) သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တိုင်းမ်စကွဲယားဟု အမည်ပြောင်းခဲ့သည်။ တိုင်းမ်စကွဲယားသည်လည်း ဝမ်းတိုင်းမ်စကွဲယား အဆောက်အဦးအထက် တိုင်ထိပ်မှ မီးလုံးလျှော့ချကာ နှစ်သစ်ကို ကြိုဆိုရာ နေရာဖြစ်သည်။ နှစ်စဉ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များ တိုင်းမ်စကွဲယားတွင် စုဝေးကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိသည်။