တရုတ်နိုင်ငံရှိ လူ့အခွင့်အရေး

ဝီကီပီးဒီးယား မှ

တရုတ်နိုင်ငံ(ပြည်မ)ရှိ လူ့အခွင့်ရေးအခြေအနေများ ကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မတီ (UNHRC) မှ အခါအားလျှော်စွာ စစ်ဆေးသုံးသပ်လေ့ရှိကာ[၁] ထိုသုံးသပ်ဆန်းစစ်မှုများအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ အခြားသော နိုင်ငံများမှ အစိုးရများ၊ လူ့အခွင့်ရေး​ဆိုင်ရာအဖွဲ့အစည်းများက ပုံမှန်အားဖြင့် သဘောထားကွဲလွဲလေ့ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ၎င်းတို့ကိုထောက်ခံသူများက လက်ရှိမူဝါဒများနှင့် ဥပဒေပြဋ္ဌာန်းဆောင်ရွက်မှုများသည် လူ့အခွင့်ရေးဆိုင်ရာဖိနှိပ်မှုများမဖြစ်စေရန် (သို့) တားဆီးရန်အတွက် လုံလောက်သည်ဟူ၍ အခိုင်မာပြောဆိုကြသည်။ သို့သော်လည်း အခြားသောနိုင်ငံများနှင့် ထိုနိုင်ငံများ၏အာဏာပိုင်အဖွဲ့များ (ဥပမာ : အမေရိကန်ပြည်ထောင်စု ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားများစွာ) ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်ကြသော တရုတ်ပြည်လူ့အခွင့်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာအဖွဲ့၊ တရုတ်ပြည်သူပြည်သားများ၊ ရှေ့နေများ၊ အစိုးရအတိုက်အခံများကမူ တရုတ်ပြည်မအာဏာပိုင်များသည် ပုံမှန်ဆိုသလို ထိုသို့ဖိနှိပ်မှုများကို ခွင့်ပြုကြသည် (သို့) စီစဉ်မှုများပြုလုပ်ကြသည်ဟုဆိုကြသည်။ ၂၀၁၅ မှစတင်လုပ်ဆောင်ခဲ့သော ဖြိုခွင်းနှိမ်နင်းမှုပေါင်း (၇၀၉) ခုတွင် ရှေ့နေရှေ့ရပ်နှင့် လှုပ်ရှားတက်ကြွသူပေါင်း အယောက် (၂၀၀) ကျော်ကို ထောင်သွင်းအကျဉ်းချခဲ့ရာ အစိုးရကိုဝေဖန်ရာတွင် နာမည်ကြီးသော ကျင့်ထန်းယုံလည်း ပါဝင်အကျဉ်းစံရသည်။[၂]

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ ကဲ့သို့သော အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဲ့သို့သောအဖွဲ့များက တရုတ်အစိုးရ၏ တရားစီရင်ပိုင်ခွင့် (တရားဆုံးဖြတ်ခွင့်) အတွင်း၌ နိုင်ငံသားများနှင့် အခြားသောသူများ၏ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်များကို တရုတ်အစိုးရမှချိုးဖောက်သည့် သက်သေအထောက်အထားများကို အခါအားလျှော်စွာ တင်ပြဖော်ထုတ်လေ့ရှိသည်။ တရုတ်အာဏာပိုင်များကမူ လူ့အခွင့်အရေးကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခွင့်ရေးများအားလုံးပါဝင်သည်ဟု တစ်မျိုးတစ်မည်ဖွင့်ဆိုပြီး ထိုအရာများအားလုံးသည် နိုင်ငံ၏ဖွံ့ဖြိုးမှုနှုန်းထားနှင့် အမျိုးသားယဉ်ကျေးမှုများနှင့်စပ်လျဉ်းသည်ဟူ၍ ဆိုကြလေ၏ ။[၃] ထိုဖွင့်ဆိုချက်ကိုပင် ကိုးကားကာ တရုတ်အာဏာပိုင်များက လူ့အခွင့်အရေးများသည် တိုးတက်နေပြီဖြစ်ကြောင်းဆိုကြသည်။[၄] မည်သို့ပင်ဆိုစေကာမူ ယင်းအာဏာပိုင်များသည် နိုင်ငံအများစု၊ အဖွဲ့အစည်းအများစုလက်ခံသုံးစွဲကြသော လူ့အခွင့်ရေးအဓိပ္ပာယ်ဖွင့်ဆိုချက်များကို အသုံးမပြုကြချေ။ ထိုသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ၎င်းတို့၏ "အခြေခံမူမူ (၄) ချက်" ဖြင့်အစားထားသည်ဟူ၍ ထပ်တလဲလဲပြောဆိုကြပြီး ထိုမူလေးချက်၏ အခွင့်အာဏာသည် ထိုမူလေးချက်ကို ဖြိုဖျက်ရန်ကြိုးပမ်းသူများအား ဖမ်းဆီးရန်အတွက် ဥပဒေအခြေခံအချက်ဖြစ်သည်ဟု အနက်ယူကြသည်။ အာဏာပိုင်များက ဤမူလေးချက်ကိုလိုက်နာသည်ဟုယူဆနိုင်သော တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသားဖြစ်ခြင်းနှင့်တကွပါရှိသော အခွင့်အရေးများအားလုံးကို ဥပဒေတစ်ရပ်ရပ်အား မချိုးမဖောက်မခြင်း လုပ်ဆောင်/ခံစားနိုင်ခွင့်ပေးထားသည်။

များစွာသော လူ့အခွင့်ရေးအဖွဲ့များက တရုတ်ပြည်မရှိ လူ့အခွင့်အရေးကိစ္စရပ်များကို လူသိရှင်ကြားထုတ်ဖော်ကြရာတွင် လူ့အခွင့်အရေးကိစ္စများကို အစိုးရ၏ မှားယွင်းစွာကိုင်တွယ်မှုများအဖြစ် ယူဆသတ်မှတ်သည်။ ထိုကိုင်တွယ်လုပ်ဆောင်မှုများ၌ သေဒဏ်၊ ကလေးတစ်ဦးတည်းမွေးဖွားစနစ်၊ တိဘက်အရေးကိစ္စ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို လျစ်လျူရှုခြင်းများ ပါဝင်သည်။ အခြားသော စိုးရိမ်ဖွယ်နယ်ပယ်များ၌ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဥပဒေအရအသိမှတ်ပြုမှုကင်းမဲ့ခြင်း၊ လွတ်လပ်သောတရားစီရင်ရေးကင်းမဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှု၊ ဥပဒေရပိုင်ခွင့် စသည်များပါဝင်လေ၏ ။ လူ့အခွင့်အရေးဆိုင်ရာ နောက်ထပ်ပြဿနာများတွင် အလုပ်သမားအခွင့်အရေးကင်းမဲ့ခြင်း (အထူးသဖြင့် ဟုခိုစနစ် (Hukou system) သည် ရွှေ့ပြောင်းအလုပ်သမားများ၏ လွတ်လပ်စွာရွှေ့ပြောင်းနိုင်မှုကို ကန့်သတ်ထားသည်။) ၊ လွတ်လပ်သည့်အလုပ်သမားသမဂ္ဂများ မရှိခြင်း၊ ကျေးလက်နေအလုပ်သမားများနှင့် လူနည်းစုတိုင်းရင်းသားအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ စွဲချက်များ၊ လွတ်လပ်စွာကိုးကွယ်ခွင့် ကင်းမဲ့ခြင်း (လူ့အခွင့်ရေးအဖွဲ့များက ဖော်ပြကြသည်မှာ ခရစ်ယာန်ဘာသာ[၅][၆][၇][၈][၉][၁၀] တိဘက်ဗုဒ္ဓဘာသာ၊ ဝီဂါမွတ်ဆလင်နှင့် ဖားလွင်ကုန်းဘာသာ စသည်တို့အပေါ် ဖိနှိပ်မှုများရှိသည်ဟူ၍ ဖြစ်သည်။ အချို့သောတက်ကြွလှုပ်ရှားသူအုပ်စုများက လူ့အခွင့်အရေးအပါအဝင် ဤလွတ်လပ်ခွင့်များကို ချဲ့ထွင်ရန်ကြိုးစားကြကာ တရုတ်လူ့အခွင့်ရေးဆိုင်ရာခုခံကာကွယ်သူများ (Chinese Human Rights Defenders) ၊ တရုတ်လူ့အခွင့်ရေးဆိုင်ရာ ရှေ့နေအဖွဲ့များ (China Human Rights Lawyers Concern Group) ကိုဖွဲ့စည်းကြသည်။ ဤပြဿနာကိစ္စများနှင့်စပ်လျဉ်းသော အမှုများကို လက်ခံဆောင်ရွက်ကြသည့် တရုတ်လူ့အခွင့်ရေးရှေ့နေများသည် နှောက်ယှက်တိုက်ခိုက်ခံရမှု၊ ရှေ့နေအဖြစ်မှရုပ်သိမ်းမှု၊ ဖမ်းဆီခံရမှု စသည်များကြုံတွေ့ကြရသည်။[၁၁][၁၂]

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၆/၁၇ အစီရင်ခံစာများအရ လူ့အခွင့်ရေးကာကွယ်နိုင်မှုကို ခြိမ်းခြောက်သည့် အမျိုးသားလုံခြုံရေးဥပဒေများစွာကို ရေးဆွဲပြဋ္ဌာန်းနေသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်ရေးရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများကို နိုင်ငံနှင့်အဝှမ်း ဖြိုခွင်းမှုသည် ထိုနှစ်(များ)တွင် ဖြစ်ပေါ်ခဲ့ကြကာ ထိုသူများကို စနစ်တကျစောင့်ကြည့်ခြင်း၊ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထောင်ခြခြင်းများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပေသည်။[၁၃] ထိုအစီရင်ခံစာက ဆက်လက်ရေးသားထားချက်များ၌ ရဲများသည် လူ့အခွင့်ရေးခုခံကာကွယ်သူမြောက်မြားစွာကို ပုံမှန်ထိမ်းသိမ်းရမည့်နေရာများတွင်မဟုတ်ဘဲ (အခြားနေရာများ၌) ထိန်းသိမ်းထားမှု၊ ကာလရှည်ကြာ ရှေ့နေနှင့်တွေ့ခွင့်မရမှု၊ အထိမ်းသိမ်းခံသူများ၏ နှိပ်စက်ခံရမှုအန္တရာယ်နှင့် တရားမျှတစွာဆက်ဆံခံရခြင်းမရှိမှု တို့ပါဝင်ကြသည်။ ၂၀၁၅/၁၆ တွင် ပျောက်ဆုံးခဲ့သော စာအုပ်ရောင်းချသူများ၊ ထုတ်ဝေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်တစ်ဦးသည် နောက်ပိုင်း၌ အကျဉ်းကျနေကြောင်းသိရှိခဲ့ရကာ ထိုဥပဒေထိန်းသိမ်းသူများ (ရဲ၊ ထောက်လှမ်းရေး) ၏ တရားစီရင်ပိုင်ခွင်နယ်ပယ်ကို ကျော်လွန်လုပ်ဆောင်ခြင်းများအား စိုးရိမ်းသောကများ ဖြစ်ပေါ်စေခဲ့သည်။[၁၃]ဘ၂၀၂၀ ဇွန်လတွင် ကုလသမဂ္ဂမှ အလွတ်သဘောကျွမ်းကျင်သူ (၅၀) ခန့်နီးပါးက တရုတ်အစိုးရ၏ အခြေခံလွတ်လပ်မှုကို နှိပ်ကွပ်ခြင်းအပေါ် စိုးရိမ်သောကဖြစ်ရပါသည်ဟူ၍ ဖော်ပြခဲ့ကြသည်။ လူထု အထူးသဖြင့် ဘာသာရေးနှင့် လူနည်းစုများအား နှိပ်ကွပ်မှု၊ ရှေ့နေများကို အကျဉ်းချမှု၊ တရားစွဲဆိုမှုများကို မီးမောင်းထိုးဖော်ပြကြ၏ ။ ရဲအင်အားအဆမတန်သုံးစွဲမှုများနှင့် အခြားစွပ်စွဲပြစ်တင်ထားမှုများတွင် ဆန္ဒပြသူများကို ဓာတုပစ္စည်းသုံးစွဲခြင်း၊ ရဲစခန်းများတွင် အမျိုးသမီးဆန္ဒပြသူများကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများ၊ ကျမ်းမာရေးဝန်ထမ်းများကို နှောက်ယှက်တိုက်ခိုက်ခြင်းများပါဝင်လေသည်။[၁၄]

ကိုးကား[ပြင်ဆင်ရန်]

  1. OHCHR | China Homepage (in en-US)။ 23 November 2018 တွင် ပြန်စစ်ပြီး။
  2. China jails yet another human rights lawyer in ongoing crackdown on dissent, 20 November 2017. The Washington Post.
  3. "Human rights can be manifested differently"၊ China Daily၊ 12 December 2005။ 
  4. Progress in China's Human Rights Cause in 1996 (March 1997)။
  5. Christians face waves of persecution (24 November 2001)။ 14 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2021 တွင် ပြန်စစ်ပြီး။
  6. "Religious freedom: Christians and lions | The Economist"၊ 31 December 2012။ 
  7. Chinese government persecutes dissidents | TheCabin.net – Conway, Arkansas။ 27 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2021 တွင် ပြန်စစ်ပြီး။
  8. McGeown၊ Kate။ "Asia-Pacific | China's Christians suffer for their faith"၊ BBC News၊ 9 November 2004။ 
  9. China's Crackdown on Christians Worsens, Christian News။ 13 January 2012 တွင် ပြန်စစ်ပြီး။
  10. Department of State. The Office of Electronic Information၊ Bureau of Public Affairs (19 September 2008)။ China includes Tibet, Hong Kong, Macau။ 13 January 2012 တွင် ပြန်စစ်ပြီး။
  11. Human Rights Watch. Walking on Thin Ice 28 April 2008.
  12. Amnesty International, "China: No Rule of Law when Defence Lawyers Cannot Perform their Legitimate Role," 5 October 2010
  13. ၁၃.၀ ၁၃.၁ Amnesty International report from 2016/2017
  14. Independent UN rights experts call for decisive measures to protect 'fundamental freedoms' in China။ 26 June 2020 တွင် ပြန်စစ်ပြီး။