ညောင်ရေသွန်းပွဲ

ဝီကီပီးဒီးယား မှ
ညောင်ရေသွန်းပွဲ

ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွင်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည်။

ဗုဒ္ဓဝင်လာ[ပြင်ဆင်ရန်]

ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ တဂျိုးဂျိုးနှင့် မိုးချုန်းသံများကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည်ဟု ထင်ရ၏။ ထိုအချိန်အခါမျိုးတွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ညောင်ရေသွန်း လောင်းကြသည်ဟု ဆိုကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံး အချိန်၊ ရေအဆုတ်ဆုံး အချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရသည်။

ကျင်းပပုံ[ပြင်ဆင်ရန်]

ညောင်ရေသွန်းပွဲတော် ကျင်းပနေပုံ

ကဆုန်လသည် ခြောက်သွေ့သောလ ဖြစ်သည့်အလျောက် တောင်သူဦးကြီးများ အလုပ်အားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်းကားစွာကျင်းပသည်။ ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို ထုံးသုတ်ကြသည်။ အမှိုက်သရိုက်များ ရှင်းလင်းထားကြသည်။ ကဆုန်လပြည့်နေ့ နံနက်တွင် သက်ကြီးရွယ်အိုများမှအစ ကလေးများအဆုံး ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ညောင်ပင်သို့အသွားတွင် “ကဆုန်နယုန် လေရူးသုန်” ဟူသော စကားနှင့်အညီ လေပွေ၊ လေရူးကလေးများ ကလူကျီစယ်နေပါသည်။ ဗောဓိညောင်ပင်သို့ရောက်လျှင် အသင့်စောင့်နေသော ဘုရားလူကြီးများက ဘုရားပရိတ်တော်၊ ဓမ္မစကြာ တရားများကို ရွတ်ဖတ်ပြီး ညောင်ပင်ကိုရှိခိုးပြီးနောက် ညောင်ရေသွန်းလောင်းစေသည်။

မြန်မာနိုင်ငံ အနှံအပြား စေတီပုထိုးများရှိ ညောင်ပင်တို့တွင် ရေသွန်းလောင်းကြသည်။ အမျိုးသမီးများက ယောဂီအဝတ်အစားများ သေသေသပ်သပ် ဝတ်စား၍ ညောင်ရေသွန်းလောင်းမည့် ရေကို အိုးဖြင့်ထည့်ကာ ဘုရားရှိရာ ညောင်ပင်ခြေသို့ လာရောက်လောင်းကြရသည်။ ညောင်ရေသွင်းပွဲတွင် ယောက်ျားလေးများက အိုးစည် ဒိုးပတ်များဖြင့် ကခုန်ကာ ဖျော်ဖြေကြသည်။ တချို့က စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ယူကြသည်။

ရန်ကုန်မြို့သူမြို့သားများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံအပါအဝင် တန်ခိုးကြီးဘုရားများသို့သွားကာ ကုသိုလ်ကောင်းမှုပြုကြသဖြင့် ဘုရားရင်ပြင်တော်တွင် လူများတိုးမပေါက်အောင် များပြားနေပါသည်။ အခြားမြို့များတွင်လည်း ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာနေ့ဖြစ်သည့်အလျောက် ဘုရားစေတီဝန်းကျင်မှ ဗောဓိညောင်ပင်များကို ညောင်ရေသွန်းကြသည်။ ကြည်နူးချမ်းမြေ့စရာ ကောင်းလှပါသည်။

ကဆုန်လပြည့်နေ့သည် မြန်မာနိုင်ငံ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအနက် ဆယ်နှစ်လရာသီပွဲတော် အပါအဝင်ဖြစ်သော ညောင်ရေသွန်းပွဲတော်ကို အသင်းအဖွဲ့များ၊ ပုဂ္ဂလိက မိသားစုများ တပျောက်တပါး ဆင်နွှဲကြသော အချိန်ပင်ဖြစ်ပေသည်။

ကဗျာ[ပြင်ဆင်ရန်]

“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပါသူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။