ဂျွန် ဘာဒန် ဆန်ဒါဆန် ဟောလဒိန်း

ဝီကီပီးဒီးယား မှ

ဂျွန်ဗာဒွန်ဆန်ဒါဆင်ဟောလဒိန်း(၁၈၉၂ခုဖွား)သည်မျိုးပွားခြင်းနှင့်ဆိုင်သောပညာဘက်တွင် ထင်ရှားသော ဗြိတိသျှအမျိုးသား သိပ္ပံပညာရှင်ဖြစ်သည်။ သူ၏ဖခင်ပါမောက္ခဂျွန်စကော့ဟောလဒိန်း (၁၈၆ဝ •၁၉၃၆) သည်လည်း နာမည်ကျော်သိပ္ပံပညာ ရှင်တစ်ဦးဖြစ်၍ ဦးရီးတော်လော့ဟောလဒိန်း (၁၈၅၆•၁၉၂၈)သည်လည်း ထင်ရှားသောဗြိတိသျှနိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဖြစ်လေသည်။ ဂျွန်ဗာဒွန်ဟောလဒိန်းသည် ငယ်စဉ်ကစ၍ ဇီဝဗေဒပညာ ကိုလေ့လာခဲ့ရသည့်အပြင်သုတေသနလုပ်ငန်း၌အလွန်စိတ်ဝင်စာသူဖြစ်ခြင်းကြောင့်ဖခင်ကဲ့သို့ပင်ထိုပညာရပ်တွင် နာမည်ထင်ရှားခဲ့ပေသည်။ ဂျွန်ဗာဒွန်ဟောလဒိန်းသည် ၁၈၉၂ ခုနှစ်နိုဝင်္ဘာလ၅ ရက်နေ့တွင် အင်္ဂလန်နိုင်ငံအောက်စဖို့မြို့၌ ဖွားမြင်သည်။ အီတန်ကောလိပ်ကျောင်းနှင့်အောက်စဖို့တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီးနောက် ပထမကမ္ဘာစစ်အတွင်းက စစ်မှုထမ်းခဲ့သည်။ ၁၉၂၂ ခုနှစ်မှစ၍ ကိန်းဗရစ်တက္ကသိုလ်တွင်ဇီဝဓာတုဗေဒကထိက အဖြစ်ဆောင်ရွက်သည်။ ထိုတက္ကသိုလ်၌ အမှုထမ်းနေစဉ် ဟောလဒိန်းသည် သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့စမ်းသပ်ချက် အမျိုးမျိုးတို့ကို စွန့်စွန့်စားစား ပြုလုပ်၍ သိပ္ပံပညာဘက်တွင် အသစ်တွေ့ရှိချက်များကို ထုတ်ဖော်နိုင်ခဲ့သဖြင့် နာမည်ကျော်ကြားလာလေသည်။ ဟောလဒိန်းသည် ၁၉၃ဝ ပြည့်နှစ်မှ ၁၉၃၂ ခုနှစ်အထိ ရွိုင်ယယ်အင်စတီကျူးရှင်း ခေါ် လန်ဒန်မြို့ရှိသိပ္ပံပညာပြန့်ပွားရေးအဖွဲ့တွင် ဇိဝကိစ္စဗေဒဆိုင်ရာ ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုနောက် ၁၉၃၃ခုနှစ်မှ ၁၉၃ရ ခုနှစ်အထိ လန်ဒန်တက္ကသိုလ်တွင် မျိုးပွားခြင်းပညာဆိုင်ရာပါမောက္ခအဖြစ်အမှုထမ်းခဲ့သည်။ ဟောလဒိန်းသည် မျိုးပွားခြင်းဆိုင်ရာပညာတွင် လက်တွေ့စမ်းသပ်မှုများကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့်ဗြိတိသျှကျွန်းစု၌တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည်လည်း များစွာတိုးတက်ခဲ့သည်ဟုသိရသည်။ ဟောလဒိန်း၏ဘခင်သည်လည်းသိပ္ပံပညာရပ်နှင့် ဆိုင်သောသီအိုရီများကိုလက်တွေ့စမ်းသပ်ကြည့်ရမှ ကျေနပ်သူဖြစ်သောကြောင့် အသက်ရှစ်နှစ်အရွယ်မျှသာရှိသော သားငယ်ကိုကျောက်မီး သွေးတွင်းထဲသို့ချ၍ မီးငွေ့အန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာကို လက်တွေ့ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် သီးတစ် အမည်ရှိသောဗြိတိသျှရေငုပ်သင်္ဘောပျက်စီးဆုံးရှုံးခဲ့ရာ ဟောလဒိန်း ကိုယ်တိုင် ဓာတ်ငွေ့အမျိုးမျိုးတို့၏ ဘေးအန္တရာယ်သက်ရောက်ပုံကို သက်စွန့်ကြိုးပမ်းစမ်းသပ်လေ့လာခဲ့လေသည်။ ဟောလဒိန်းသည်ဇီဝဗေဒပညာရပ်နှင့်သက်ဆိုင်သော စာအုပ်စာတမ်းများစွာတို့ကို ရေးသားပြုစုခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဂျူလီယန်ဟပ်စလေနှင့်တွဲဖက်၍ သတ္တဇီဝဗေဒစာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်မှစ၍ ဒေးလီးဝပ်ကားခေါ် နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ တွင်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)