သောမတ်စ် ဂရေး

ဝီကီပီးဒီးယား မှ
(ဂရေး၊ သောမတ်စ် မှ ပြန်ညွှန်းထားသည်)
သောမတ်စ်ဂရေး၏ ပုံတူပန်းချီကား

အင်္ဂလိပ်စာဆိုတစ်ဦးဖြစ်သော တောမတ်ဂရေးကို ၁၇၁၆ ခုနှစ်၌ လန်ဒန်မြို့တွင် ဖွားမြင်၏။ ငယ်ရွယ်စဉ်ကပင် ဖခင် သေဆုံးသွားရာ မိခင်ကြီးသည် ဂရေးကို ပညာသင်ပေးနိုင်ရန် ပင်ပန်းကြီးစွာ ငွေကြေးရှာကြံ၍ အီတန်ကျောင်း၌ ပညာသင်ကြားစေခဲ့သည်။ ဂရေးသည် နန်းရင်းဝန် ရောဗတ်ဝါလပို၏ သား ဟောရေဝါလပို၏ ဆရာကလေးအဖြစ်နှင့် ဥရောပ တစ်ခွင်သို့ ခရီးလှည့်လည်ခဲ့၏။ ၁၇၄၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ သို့ပြန်လာပြီးလျှင် ကိမ်းဘရစ်တက္ကသိုလ်၌ သူအလွန် နှစ်သက်သော ဂရိစာပေကို လေ့လာသည်။ ၁၇၆၈ ခုနှစ်မှစ၍ ကိန်းဘရစ်ချ် တက္ကသိုလ်၌ ရာဇဝင် ပါမောက္ခအဖြစ် ပညာပို့ချသင်ကြားရင်း ၁၇၇၁ ခုနှစ်တွင် ကိန်းဘရစ်ချ်မြို့ ၌ပင် ကွယ်လွန် ခဲ့လေသည်။

ဂရေးသည် ကိန်းဘရစ်ချ်မြို့၌ အနေများ၏။ တစ်ခါတစ်ရံ သူ့မိခင်ကြီးရှိရာ စတုပို့ဂျက်သို့ပြန်၍ ၁ လ ၂ လ နေလေ့ ရှိ၏။ တစ်ခါတစ်ရံ လန်ဒန်သို့သွားရောက်နေတတ်၏။ သူ့ရပ်ရွာသို့ ပြန်လာသောအခါ ဘုရားရှိခိုးကျောင်းပျက်နှင့် အိမ်အို ကျောင်းအိုများကြားတွင် လည်ပတ်နေတတ်၏။ တစ်နေ့သော် ဤသို့လျှောက်လည်ယင်း စတုပို့ဂျက်ရှိ ဘုရားရှိခိုးကျောင်းမြေ သို့ ရောက်သွားသောအခါ စိတ်ထဲတွင် ကဗျာတစ်ပုဒ် စပ်ဆို ချင်စိတ်ပေါက်လာသဖြင့် အယ်လဂျီခေါ် လွမ်းချင်းကဗျာကို ရေးသားလိုက်လေသည်။ ထိုကဗျာသည် ဂရေး၏ ရင်တွင်း၌ ခံစားရသောစိတ်မှ ယိုဖိတ်လာသည့် စကားလုံးတို့ဖြင့် တန်ဆာဆင်ထားရာ သူရေးသမျှ ကဗျာများအနက် အထင်ရှား ဆုံး ဖြစ်လေသည်။ ထိုကဗျာကို ၁၇၅၁ ခုနှစ်တွင် စာအုပ် တစ်အုပ်လျှင် ၆ ပဲနိနှုန်းဖြင့်ရောင်း၍ ထိုနောက်၌ကား ပထမ ရိုက်နှိပ်သော စာမူကို ပေါင် ၉ဝဝ ပင်ပေး၍ ဝယ်ကြသည်။ သူပထမရေးသားသော ကဗျာမှာ 'နွေဦးရာသီသို့' ဟူသော ကဗျာဖြစ်သည်။ ထို့နောက် 'အီတန်ကောလိပ်ကျောင်း၏ နောင်ရေး'၊ 'ဆင်းရဲခြင်း'၊ 'သေဆုံးသွားသော အချစ်ဆုံး ကြောင်ကလေးသို့'ဟူသော လွမ်းချင်းဆန်သည့် ကဗျာများကိုရေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)