ကညင်ပင်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (May 2012) |
ကညင်ပင် | |
---|---|
Dipterocarpus bourdillonii sapling from Peravoor | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malvales |
မျိုးရင်း: | Dipterocarpaceae |
မျိုးရင်းသေး: | Dipterocarpoideae |
မျိုးစု: | Dipterocarpus C.F.Gaertn. |
ကညင်ပင်၏ အင်္ဂလိပ်အမည်မှာ wood-oil tree ဖြစ်သည်။ သိပ္ပံအမည်မျိုးရင်းမှာ Dipterocarpus Turbinatus Gaertn. f. ဖြစ်သည်။ လက်တင်ဘာသာ အဓိပ္ပါယ်သည် ကလေးကစားသည့် ဂျင်ကဲ့သို့ အပေါ်ကား အောက်ရှူးအစေ့ကို ရည်ညွှန်းသည်။ ထို့ကြောင့် Dipterocarpus Turbinatus ဟုဆိုလျှင် အတောင်ပါ၍ ဂျင်နှင့်တူသော အစေ့ပါ ပျံဝဲနိုင်သော အသီးဟု ဆိုလိုသည်။ costatus ဟုဆိုလျှင် ရွက်ကြောများ အထင်အရှား ရှိနေသည်ဟု ဆိုလိုသည်။ အသီးပေါ်မှ ထွက်နေသော အကြောကြီး (၄)ခုကို ရည်ညွှန်းသည်။ [၁]
ကညင်ပင်မျိုးတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်း ဟူ၍ အမျိုးမျိုး ကွဲပြားလျက်ရှိသောကြောင့် အပင်ကိုလည်းကောင်း၊ ခွဲစိတ်ပြီး ကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။ အထက်မြန်မာပြည်၌ ကညင်နီပင်များကို အများအပြား တွေ့ရ၍ အောက်မြန်မာပြည်၌ ကညင်ဖြူပင်မျိုးကို အများအပြား တွေ့နိုင်သည်။ ခြုံ၍ပြောရလျှင် ကညင်ပင်တို့သည် အလွန် ကြီးမားသော အပင်မျိုးဖြစ်သည်။ အချို့သည် အမြင့်ပေ ၁၅ဝ ခန့်၊ ပင်စည်လုံးပတ် ၁၅ ပေခန့်အထိ ရှိတတ်သည်။ ထိုကဲ့သို့ မြင့်မားသော အပင်ကြီးများတွင် အရင်းပိုင်း ပေ ၇ဝ မှ ပေ ၁၀ဝ လောက်အထိမှာ အကိုင်းအခက်များ ကင်းစင်ကာ ဖြောင့်စင်းနေတတ်သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်၏။ ကညင်ပင်သည် အစုလိုက် မပေါက်ဘဲ ပြောက်ကျားပေါက်လေ့ ရှိ၍ မြန်မာနိုင်ငံ၌ အမြဲစိမ်းတောများတွင် တွေ့မြင်နိုင်သည်။
ကညင်သားသည် နီညစ်ညစ်အရောင်ရှိ၍ အင်သားထက် အနည်းငယ်ညံ့သည်။ အသားကြမ်း၍ အတော်အတန် ခိုင်ခံ့သော်လည်း မြန်မာနိုင်ငံ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိချေ။ ခြလည်း အစားလွယ်သည်။ ထိုကြောင့် အသားသေအောင်ပြုလုပ်ပြီးမှ အသုံးချသင့်သည်။ မြန်မာနိုင်ငံတွင် ကညင်သားကို လှေများနှင့် သေတ္တာများလုပ်ရာ၌ အသုံးများသည်။ ကညင်သားကို သစ်ကွက်လှခင်းခြင်းအတွက် သုံးနိုင်သည့်အပြင် ကရီအိုစုတ်ဆီသုတ်ပေးလျှင် ကြာရှည် ခံသောကြောင့် နိုင်ငံခြားသို့ ရောင်းချနိုင်ဖွယ်ရာ အလားအလာများစွာ ရှိပေသည်။
ကညင်ပင်မှရရှိသောဆီကို အချို့တောရပ်များ၌ ရေနံဆီအစား မီးထွန်းကြသည်။ ကညင်ဆီတိုင်များ အမည်ဖြင့် မီးမွှေးရန် ရောင်းချသော ကောက်ညင်းကျည်တောက်အရွယ်ရှိ ထန်းရွက်စသည်နှင့် ထုပ်စည်းထားသည့်အတောင့်ကို တွေ့ဘူးသုံးဘူးကြပေမည်။ ထိုကညင်ဆီတိုင်မှာ သစ်ဆွေးအစကလေးများကို ကညင်ဆီနှင့် နယ်ထားသည့် ပစ္စည်းပင် ဖြစ်သည်။
ကညင်ဆီတိုင်ကို မီးရှူးမီးတိုင်အဖြစ်လည်း သုံးနိုင်သည်။ ယဉ်းနေသော အနာများကို သုတ်လိမ်းပေးနိုင်သဖြင်ဆေးဖက်လည်း ဝင်သည်။
ထားဝယ်နယ်တွင် ကညင်ဆီကို အောက်ပါနှစ်နည်းဖြင့် ထုတ်ယူကြသည်။ ပထမနည်းမှာ ကြက်ပေါင်စေး ထုတ်ယူ သကဲ့သို့ ၃ ရက်တစ်ကြိမ် ၄ ရက်တစ်ကြိမ် ပင်စည်ကို ဓားဖြင့်ထစ်၍ ဆီထုတ်ယူနည်း ဖြစ်သည်။ တစ်နှစ်အတွင်း ကညင် ပင် တစ်ပင်မှ လေးလခန့် ထိုကဲ့သို့ ဆီထုတ်နိုင်၍ စုစုပေါင်း ကညင်ဆီပျမ်းမျှ ၁၅ ပိဿာခန့် ရနိုင်သည်။
ဒုတိယနည်းမှာ ပင်စည်ကို ဓားဖြင့် ထစ်ပြီးသကာလ ယိုထွက်လာသော ကညင်ဆီနှင့် သစ်ရွက်ခြောက် များကိုရော၍အပင်ရင်းကို မီးမြှိုက်ပေးရသည်။ မီးမြှိုက်ပြီး ၂ ရက်အကြာတွင် ထိုအပင်မှ ယိုထွက်လာသော ဆီများကို စုသိမ်းရသည်။ ထိုနောက် ၂ ရက်မျှ အနားပေးပြီးလျှင် တဖန် မီးမြှိုက်၍ ဆီထုတ်ယူပြန်သည်။ ထိုနည်းအတိုင်း ဒီဇင်ဘာလမှ မေလအထိ ကညင်ဆီကို ထုတ်ယူနိုင်သည်။ သို့သော် ပထမနည်းလောက် သန့်စင်ခြင်း မရှိပေ။[၂]