အသုံးပြုသူ:Minyanpainghein

ဝီကီပီးဒီးယား မှ

ဝိရာမ

ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် (် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရပါသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရပါသည်။

-ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်ပါသည်။ -ဘာကို သတ်သနည်း? သရသံကို သတ်ပါသည်။ -ဘာသရကို သတ်သနည်း? 'အ' သရသံကို သတ်ပါသည်။ -မည်သည့် 'အ'သရကို သတ်သနည်း? ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ' သရကို သတ်ခြင်း ဖြစ်ပါသည်။

ဗျည်းအတွင်း တိမ်မြုပ်နေသော'အ'


မြန်မာအပါအဝင် ဗြဟ္မီပွားအက္ခရာများ၏ ထူးခြားသော ဝိသေသတစ်ခုမှာ 'အ' သည် ဗျည်းများအတွင်း တိမ်မြုပ်နေခြင်းဖြစ်ပါသည်။ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဗျည်းသည် ကိုယ်ပိုင်အသံ မထုတ်နိုင်၊ သရ တစ်ခုခုနှင့်ပေါင်းမှသာ အသံထွက်နိုင်ပါသည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော မြန်မာဗျည်းများကို ရွတ်ဆိုကြည့်ပါက အသံပြည့်ထွက်နိုင်သည်ကို တွေ့ရပါမည်။ အကြောင်းမှာ ဗျည်းများ အတွင်း 'အ' သရ ပေါင်းစပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ'သရသံ မပါဘဲ ဗျည်းသက်သက်ပြလိုပါက ဝိရာမ သို့မဟုတ် အသတ်ကိုတင်၍ ပြကြပါသည်။ ဗြဟ္မီပွားအက္ခရာများတွင် ဤကဲ့သို့ တိမ်မြုပ်နေသော 'အ'သရ ပါရှိကြပါသည်။

ဗျည်းများနှင့် သရ တွဲဆက်ကြပုံ။


'က' သည် အမှန်စင်စစ် 'က်'ဗျည်းနှင့် 'အ'သရ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ် အက္ခရာ ဖလှယ်ပါက က=ka ဖြစ်ပြီး က်=k နှင့် အ= a တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဒေဝနာဂရီအက္ခရာတွင် क=က,ka ဖြစ်ပြီး क्=က်,k ဖြစ်သည်။

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို ဟူသော မြန်မာ သရ ၁၁ လုံးကို ဗျည်းများနှင့် ပေါင်းစပ်ပါက အောက်ပါအတိုင်း ရပါသည်။ က်+အ =က က်+အာ =ကာ က်+ဣ =ကိ က်+ဤ =ကီ က်+ဥ =ကု က်+ဦ =ကူ က်+ဧ =ကေ က်+အဲ =ကဲ က်+ဩ =ကော က်+ဪ =ကော် က်+အို =ကို (ဣ၊ဤ၊ဥ၊ဦ၊ဧ၊ဩ၊ဪ ကို လုံးချင်း သရဟုခေါ်ပါသည်။ ိ ီ ု ူ ေ ော ော် စသည်တို့မှာ ဗျည်းယှဉ်သရဟုခေါ်ပါသည်။ တနည်း သရသင်္ကေတဟု ခေါ်ပါသည်)

ဝိရာမ အသုံး ၂ မျိုး


မြန်မာစာတွင် ဝိရာမအသုံး ၂ မျိုးရှိပါသည်။ ၁။ အသတ်အနေဖြင့် သုံးခြင်း၊ ၂။ သံယုတ်ခေါ် ဗျည်းဆင့်များတွင် သုံးခြင်း တို့ ဖြစ်ပါသည်။

ဗျည်းဆင့်


သံယုတ်တွင်သုံးရာမှာ ရှေ့ဗျည်းနှင့် နောက်ဗျည်းကြားမှာ ဝိရာမ ခံရပါသည်။ လက်ရေးဖြင့်ရေးရာတွင် မသိကြတာများပါတယ်။ ငယ်စဉ်ကတည်းက စာလုံးဆင့်ဖတ်လျင် အပေါ်ဗျည်းကို အသတ်သံဖတ် အောက်ဗျည်းကို သရနဲ့တွဲဖတ်လို့ သင်ခဲ့ဖူးတာ မှတ်မိပါလိမ့်မယ်။

မန္တလေး ကို ပေါင်းပါက အသံအရ မန်+တလေး လို့ ထွက်ကြပါသည်။ အသတ်နေရာတွင် ဝိရာမ အစားထိုးပါက မန္တလေး ဆိုတဲ့ ပုံစံအတိုင်း ထွက်လာတာ မြင်ရမှာဖြစ်ပါသည်။ ကင်းစီး င်္ ကို ငသတ်ရိုက်ပြီးမှ ဝိရာမ ရိုက်ရပါသည်။

ဗုဒ်-ဓ= ဗုဒ္ဓ မန်-တလေး= မန္တလေး အတ်-တ= အတ္တ ခြင်-သေ့= ခြင်္သေ့ သင်-ဘော= သင်္ဘော ဘန်-တေ= ဘန္တေ

မြန်မာယူနီကုဒ်နှင့် ဝိရာမ


ပထမပိုင်း မြန်မာယူနီကုဒ်တွင် ဝိရာမ တစ်မျိုးသာ ရှိပါသည်။ ဝိရာမ တစ်မျိုးကပဲ အသတ်နေရာတွင် အသတ် ဗျည်းဆင့်နေရာတွင် ဗျည်းဆင့် လိုအပ်သလို ပြောင်းလဲရပါသည်။ ဤစနစ်မှာ ဒေဝနာဂရီကဲ့သို့ အက္ခရာများတွင်လဲ ရှိပါသည်။ ဥပမာ- (कक्)ကက် (कक्क)ကက္က ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး ကို မူလက မပါဝင်သေးပါ။ ပင့်ရစ်ဆွဲထိုးသည် ယရဝဟ ၏ စာလုံးဆင့်ပုံစံဖြစ်သောကြောင့် သတ်ဆိုင်ရာဗျည်းနှင့် ဝိရာမပေါင်းရိုက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဝိရာမ+ယ=ျ ဝိရာမ+ရ=ြ ဝိရာမ+ဝ=ွ ဝိရာမ+ဟ=ှ

သို့သော်မြန်မာစာ၏ သဘောသဘာဝအရ အဆင်မပြေမှုများ ရှိသဖြင့် နောက်ပိုင်းတွင် အသတ်နှင့် ပင့်ရစ်ဆွဲထိုး ကို ထည့်ပေးရပါသည်။

ဇော်ဂျီဖောင့် အသတ်နှင့် ပင့်ရစ်ဆွဲထိုး


ဇော်ဂျီဖောင့်တွင် မူလက ဝိရာမရှိသည့် နေရာတွင် အသတ်ကို ထားပြီး ပင့်ရစ်ဆွဲထိုး အစဉ်လိုက်လာပါသည်။ ယူနီကုဒ်အဖွဲ့အစည်းမှ သတ်မှတ်ချက် ထွက်လာသောအခါ ဝိရာမ၊ အသတ်၊ ပင့်ရစ်ဆွဲထိုး ဟာ အစဉ်လိုက်ချပေးပါသည်။ ဤနေရာတွင် ဇော်ဂျီဖောင့်မှ ပင့်ရစ်ဆွဲထိုးသည် တစ်နေရာစီရွေ့နေပြီး ယူနီကုဒ်နှင့် လုံးဝ လွဲသွားပါသည်။

ပညာရှင်တစ်ယောက်က ပြောဖူးပါသည် အသတ်ကို ပင့်ရစ်ဆွဲထိုးပြီးမှာ ထည့်ရင် ဇော်ဂျီအနေနဲ့ ဒီလောက်လွဲသွားမှာမဟုတ်ဘူးတဲ့။ ရေဒီယို တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဇော်ဂျီဖန်တီးခဲ့သူ က သူတို့လုပ်ထားတာနဲ့ မတူအောင် သေချာလုပ်လိုက်တယ်လို့ ပြောသွားဖူးပါတယ်။

ကျွန်တော်က ပညာရှင်တော့မဟုတ်ပါ သို့သော် ကျွန်တော့်အမြင်အရ ဝိရာမ နှင့် အသတ်သည် အတူတူပဲဖြစ်တဲ့အတွက် သူတို့ ၂ ခုကို ကပ်လျက်ထားခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံးဖြစ်ပါလိမ့်မည်။ အကယ်၍သာ ဝိရာမ၊ ပင့်ရစ်ဆွဲထိုး၊ အသတ် ဟုလာပါက လက်ရှိယူနီကုဒ်သုံးနေသလို အဆင်ပြေမည်ဟု မယုံကြည်ပါ။ (မှတ်ချက်- ဇော်ဂျီကို အပြစ်တင်ချင်လို့ မဟုတ်ပါ။ ဘယ်နေရာမှာ ဘယ်လိုကွဲသလဲ တင်ပြခြင်းသက်သက်ပါ)

နိဂုံး ....... ယူနီကုဒ်သုံးသူများအတွက် ဝိရာမ ဆိုတာမစိမ်းပါ။ သို့သော် အတိအကျ မသိသေးသူများအတွက် စုစည်းတင်ပြလိုက်ပါသည်။