User:Bhone.bm

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အသုံးပြုသူ၏ ဘေဘယ်ပေါ်မှ သတင်းအချက်အလက်
my-N ဤအသုံးပြုသူသည် မြန်မာဘာသာ အပေါ်တွင် ဒေသခံအဆင့် ကျွမ်းကျင်စွာ နားလည်သည်။
en-1 This user has basic knowledge of English.
zh-1 这位用户的中文达到初级水平
ဘာသာစကားအလိုက် အသုံးပြုသူများ

You are warmly welcome to be friends with me BhOnE/B M «User talk:bhone.bm»

မြန်မာဘာသာပြန် ရှိသင့်သည့်ဟု ယူဆသော ဆောင်းပါးများ (Articles that should be in Myanmar)[ပြင်ဆင်ရန်]

  1. Turing Test (တူးရင်းစမ်းသပ်ချက်)
  2. Calcium cycle (ကယ်လစီယမ်စက်ဝန်း)
  3. Aragonite (?)


တိုင်းနှင့်ပြည်နယ်[ပြင်ဆင်ရန်]

ဣဒ္ဓိဝိဓဉာဏ်နှင့် ရဟန္တာ[ပြင်ဆင်ရန်]

သိကြားမင်း၏ ပြဿဒ်ကို လှုပ်ပြခြင်း[ပြင်ဆင်ရန်]

သီဟိုဠ်ကျွန်းမှ ကိုရင်လေး 'ရှင်သံဃရက္ခိတ'သည် အရှင်မဟာနာဂမထေရ်၏ တူတော်စပ်၏။ ရှင်ပြုဆံချစဉ်က ပင် ရဟန္တာဖြစ်ခဲ့၏၊ အဘိညာဉ်တန်ခိုးနှင့်လည်း ပြည့်စုံ၏။ ရဟန္တာဖြစ်သောနေ့မှာပင်-

ကိုရင်လေးသည် 'ဤသာသနာတော်၌ ရှင်ရဟန်းပြုသည့်နေ့မှာပင် ရဟန္တာဖြစ်ပြီး သိကြားမင်း၏ ဝေဇယန္တာပြဿဒ်ကို လှုပ်ဖူးသော ရဟန်းတော်များ ရှေးက ရှိခဲ့ဖူးသလော' ဟု စဉ်းစားဆင်ခြင်မိသည်၊ တပါးမျှ မရှိခဲ့ဖူးသည်ကို သိသော် တာဝတိံသာနတ်ပြည်သို့ ချက်ချင်း တက်သွား၏။

တာဝတိံသာသို့ရောက်လျှင် သိကြားမင်း၏ ဝေဇယန္တာပြဿဒ်ကို လက်ဖြင့်လှုပ်ကြည့်၏၊ ခြေဖြင့်လှုပ်ကြည့်၏။ မည်သို့မျှ လှုပ်မရဘဲ ဖြစ်နေ၏။ ထိုအခါ သိကြားမင်း၏ ဇနီးနှင့် နတ်သမီးတို့က 'ကိုရင်လေးက မိခင်ဝမ်းဗိုက်နံ့တောင် မပျောက်သေးဘဲ နတ်ပြည်လာပြီး ဝေဇယန္တာပြဿဒ်ကြီးကို လှုပ်ယမ်းရသလော'ဟု ပြက်ရယ်ပြုကြသည်။

ကိုရင်လေးလည်း ဆရာ့ထံမှ နည်းအပြည့်အစုံမရရှိသေးကြောင်း သဘောပေါက်သွားကာ ဆရာဖြစ်သော ဦးလေးတော် အရှင်မဟာနာဂမထေရ်ထံ ချက်ချင်းပြန်ကြွသွား၏။ ဆရာမထေရ်က 'သင်သည် စစ်ပညာမတတ်သေးဘဲ အဘယ်ကြောင့် စစ်ကို အလျင်ထိုးချင်ဘိသနည်း၊ သိကြားမင်း၏ ဝေဇယန္တာနတ်နန်းကို သွားရောက်လှုပ်ယမ်းခဲ့သည်မဟုတ်လော'ဟု ဆီးမေး၏၊ ကိုရင်လေးကလည်း မလှုပ်နိုင်ခဲ့ပါကြောင်း အမှန်အတိုင်းလျှောက်ထားရာ ဆရာမထေရ်က အောက်ပါအတိုင်း မိန့်ကြားလေ၏။

'ချစ်သား၊ သင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှ မလှုပ်ပြနိုင်လျှင် ဤလောက၌ အဘယ်သို့သော ပုဂ္ဂိုလ်မျိုးက လှုပ်ပြနိုင်မည်နည်း။ ရေပေါ်၌ ပေါလောပေါ်ပြီး မျောနေသော နွားချေးခြောက်များ၊ ထို့ပြင် ဆီအိုးကင်းနှင့် မုန့်ကြော်သည့်အခါ အိုးကင်း၏ နံဘေးပတ်လည်၌ ဆီများ နယ်နိမိတ်ခြားနေသည်ကို ချစ်သား မြင်တွေ့ဖူးသည် မဟုတ်ပါသလော' ယင်းသို့ ဆိုလိုက်သည်နှင့် ကိုရင်လေးသည် မဆိုင်းမတွ နားလည်သွားသောကြောင့် 'ဤမျှဆိုလျှင် နည်းရပါပြီဘုရား'ဟု ပြန်လည်လျှောက်ထားလိုက်၏။ ထို့နောက် အာပေါကသိုဏ်းအာရုံရှိသော ဈာန်သမာပတ်ကို ဝင်စား၏။ ဝေဇယန္တာပြဿဒ်ရှိရာ တပြင်လုံးကို ရေဖြစ်သွားအောင် အဓိဋ္ဌာန်ပြုလိုက်ကာ တာဝတိံသာနတ်ပြည်သို့ ပြန်တက်သွားလေ၏။

ကိုရင်လေး ပြန်ကြွလာသည်ကို မြင်သော နတ်သမီးများက 'လာပြန်ပြီလား၊ အရင်တခေါက် လှောင်ပြောင်ခံရသည်ကို မမှတ်သေးထင်တယ်'ဟု ဝိုင်း၍ ပြောဆိုသော် သိကြားမင်းက 'ရှင်မတို့၊ ဤကိုရင်လေးသည် သူ့ဆရာထံမှ နည်းရလာခဲ့ပြီ၊ မကြာမီ ဤပြဿဒ်ကြီးကို လှုပ်ယမ်းပြလိမ့်မည်၊ မထီလေးစားမပြုကြနှင့်'ဟု တားမြစ်၏။ သိကြားမင်း တား၍မှမဆုံးသေး၊ ကိုရင်လေးသည် ဝေဇယန္တာပြဿဒ်ကြီး၏ ထုပိကာကို ခြေမကြားညှပ်ကာ လှုပ်ယမ်း၏၊ ပြဿဒ်တဆောင်လုံး သွက်သွက်ခါသွားလေ၏၊ နတ်သမီးများလည်း လွန်စွာမှ တုန်လှုပ်ခြောက်ချားသွားပြီးလျှင် 'ကြောက်ပါပြီဘုရား၊ ရပ်ပေးတော်မူပါ'ဟု ဝိုင်း၍ တောင်းပန်ကြ၏။ ထို့သို့ နတ်သမီးများ တောင်းပန်သဖြင့် ကိုရင်လေးက ရပ်ပေးလိုက်ပြီးနောက် အောက်ပါအတိုင်း ဥဒါန်းကျူးရင့်တော်မူ၏။

'ငါသည် ရှင်သာမဏေပြုသော နေ့မှာပင် ရဟန္တာဖြစ်ခဲ့၏။ ထိုနေ့မှာပင် သိကြားမင်း၏ ဝေဇယန္တာပြဿဒ်ကို လှုပ်ပြနိုင်ခဲ့၏။ ဘုရားတရားနှင့် သံဃာတော် အရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကား အံဩဖွယ်ရာ ထူးခြားမြင့်မြတ်လှပေသည်တကား'

အလောင်းအစားဘုရင်[ပြင်ဆင်ရန်]

"မင်း ဘယ်လိုများ လုပ်နေတာလဲ၊ ပထမကြိမ်မှာ အမှတ် ၆၀၊ ဒုတိယကြိမ် ကျတော့ ၅၀၊ တတိယကြိမ်မှာ ၄၀"

ဖခင်ဖြစ်သူသည် အရည်အချင်း မှတ် တမ်းစာရွက်ကို ကြမ်းပေါ်သို့ လွှင့်ပစ် လိုက်သည်။

"မင်းက တကယ် သာမန်ပဲ၊ လျှောစီးသလို ဖြစ်နေတယ်၊ တလမ်းလုံး လျှောစီးလာတာ နောက်ထပ်သုံးခါ လည်း စီးလိုက်ရော၊ သုညရရော၊ ဟုတ်လား"

"ဖြစ်နိုင်ပါတယ်"

သားဖြစ်သူသည် စာရွက်ကို အေးအေး ဆေးဆေးပင် ပြန်ကောက်လိုက်သည်။

"နှစ်ဆယ်၊ သုံးဆယ်ဆို အာမမခံနိုင်ဘူး၊ သုညရဖို့တော့ လွယ်လွယ်လေးပဲလေ"

"သုညက လွယ်တယ်"

ဖခင်၏ အသံက အေးစက်စက်နှင့် ဟိန်းထွက်လာသည်။

"မင်း ငါ့ကို သုညရအောင် ဖြေပြစမ်း၊ သုညသာ ရရင် မင်းကို အရည်အချင်းရှိတယ် မှတ်လိုက်မယ်"

ပြောပြီး ဖခင်က နောက်တခွန်း ထပ်ဖြည့် လိုက်သည်။

"ဒါပေမယ့် လုံးဝ ဗလာဖြေလာဖို့ စိတ်မကူး နဲ့၊ ဗလာဖြေပြီး အမှတ်သုည ယူလာလို့ ကတော့ စာရင်းတောင် မသွင်းဘူး"

"ဗလာမဖြေဘူးပေါ့"

အမြဲတစေ ပြန်ခံပြောလေ့ရှိသော သားသည် မျက်လုံးမှေးစင်းပြီး အဖေ့ကို ကြည့်သည်။

"သုညရလို့ ယူလာမှ အဖေ ထွက်မပြေးပါနဲ့"

"ဘာလို့ ထွက်ပြေးရမှာလဲ၊ လက်ခုပ်တီးပေးလိုက်မယ်၊ ပြီးတော့ ငါလောင်းရဲတယ်ကွာ၊ မင်း သုညရအောင် မဖြေနိုင်စေရဘူး"

သားဖြစ်သူသည် အဖေနှင့် လောင်းရန် ဆုံးဖြတ်လိုက်ပြီးနောက်၊ ဘယ်စာမှ မဖတ်မှတ်သည့်အပြင်၊ တမင်တကာ သုညရအောင် ဖြေလေတော့သည်။

သို့သော် စာမေးပွဲ နှစ်ကြိမ်ဖြေရာ၊ မှားမည်ထင်ရာကို တတ်နိုင်သလောက် ရွေးဖြေသော်လည်း၊ ရလာဒ်ထွက်လာသော အခါ သုံးဆယ်မှတ်ပဲ ဖြစ်နေသည်။

"ဘယ်လိုလဲကွ၊ ရှုံးပြီမလား၊ ရှုံးတယ်လို့ ဝန်ခံလိုက်၊ သုညထက် တမှတ်ပိုရင်၊ ပိုက်ဆံ တဆယ်နုတ်မယ်၊ မင်း ငါ့ကို ခြောက်ရာ အကြွေးတင်နေပြီပေါ့ကွာ"

ဖခင်က ရယ်သည်။

ဖခင်က ရယ်လေ၊ သားက စိတ်တိုလေ ဖြစ်သည်။ ပြဿနာက သုညရအောင် ဖြေရန်က သည်လောက်မလွယ်လှတာ တွေ့ရသည်။

မေးခွန်းများက အမှားအမှန်ရွေး(True or False)နှင့် ဓမ္မဓိဋ္ဌာန်(Multiple choices) များသာ ဖြေရသောကြောင့် ဖြစ်သည်။

စာသာမဖတ်လျှင် ဘယ်ဟာက အမှန်လဲ လုံးဝမသိနိုင်ချေ၊ မမျှော်လင့်ဘဲလည်း အမှန် ဖြည့်မိသွားတတ်သည်။

မုန့်ဖိုးတွေအားလုံးကို အဖေက နုတ်သွားချေပြီ၊ သည်ထက် ထပ်နုတ်က အနုတ်လက္ခဏာ ပြတော့မည်။

မဖြစ်မနေ စာခိုးဖတ်ရသည်။

နှစ်ပတ်ပဲ စာဖတ်ရသေးသည်။ အကျိုးရှိသည်။

ဆယ်မှတ်ရသည်။ မုန့်ဖိုးတရာ အနုတ်ခံရသည်။

နောက်ထပ် နှစ်ပတ် စာဆက်ဖတ်သည်။

မေးခွန်း တပုဒ်မှန်ပြီး၊ ငါးမှတ်ရရာ၊ ငါးဆယ် အနုတ်ခံရသည်။

ဖခင့်မျက်နှာက မနီ၊ ဆရာဖြစ်သူ၏ မျက်နှာကြီးကား နီမြန်းလာသည်။ စားပွဲကို လက်နှင့် ပုတ်လိုက်ပြီး၊ ထဆဲတော့သည်။

"မင်းက ဦးနှောက်မရှိတဲ့ကောင်လား၊ ဉာဏ်ကြီးရှင်လားကွ၊ ဦးနှောက်မရှိတဲ့ကောင်တောင် ငါးမှတ်ရအောင် မဖြေနိုင်ဘူး"

"ဉာဏ်ကြီးရှင်လေ"

ကျောင်းသားက အေးဆေးပင်။

"ဘာ... ဉာဏ်ကြီးရှင်"

စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြန်သည်။

"အရှက်မရှိတဲ့ကောင်၊ မင်း ဉာဏ်ကြီးရှင်ဆိုရင် ငါ့ကို အောင်အောင် ဖြေပြစမ်း"

ကျောင်းသားက ခေါင်းကိုင်းကြည့်ပြီး ရယ်သည်။

"စာမေးပွဲကြီး တကြိမ်ပဲ ကျန်တော့တာ၊ အောင်မယ်မထင်တော့ဘူး၊ ကျနော် စွန့်လွှတ်လိုက်ပြီ"

"မင်း နောက်အပတ် အခန်းတွင်း စာမေးပွဲမှာ ဖြေတာ အောင်ရင် အအောင်ပေးမယ်၊ ရတဲ့အမှတ်အတိုင်း ယူမယ်၊ အရင်အမှတ်တွေ ထည့်မတွက်ဘူး"

ဆရာက အော်သည်။

"ဘယ့်နှယ်လဲ၊ လုပ်နိုင်လား"

သိပ်တော့ မကြာလိုက်ချေ။ အပတ်စဉ် စာမေးပွဲ ရလဒ်များ ထွက်လာသည်။ သားဖြစ်သူသည် အိမ်သို့ ပြန်လာ၍ ဖခင်၏ လက်ထဲသို့ စာရွက်ကို ကမ်းပေးလိုက်ပြီး

"အဖေ့ကို တကယ်အရှုံးပေးလိုက်တာ မဟုတ်ဘူးနော်၊ သား ဆရာနဲ့ အလောင်းအစားလုပ်ထားလို့ အဲဒါ ဆရာ့ကို နိုင်ချင်လို့ အဖေ့ကို အရှုံးပေးလိုက်တာ"

အရည်အချင်းမှတ်တမ်းမှာ ရေးထားတာက "အေ" ဖြစ်လေသည်။

_________________________________________________________________________

ခြေက အညစ်အကြေးကို နင်းမိပြီး၊ လက်က သန့်ရှင်းသော ကြာကို ခူးမိသည်။အမှားကို သိခြင်းသည် အမှန်ကိုသိခြင်းနှင့် ဒင်္ဂါးပြား ၏ မျက်နှာနှစ်ဖက်နှင့် တူသည်။ အမှားကို သိခြင်းသည် အမှန်ကို ရှာတွေ့သည် မည်၏။ ပြဿနာမှာ မှားမှန်း သိသူသည် သတ္တိရှိစွာ နှင့် အမှန်တရားဘက်သို့ ချက်ချင်း ပြောင်း လဲနိုင်သလား ဟူ၍ ဖြစ်သည်။


ကိုးကား။ 刘墉 ၏ 寻找心灵深处的感动 ထဲမှ ဆောင်းပါးတပုဒ်

သူခိုးလေး[ပြင်ဆင်ရန်]

ထိုင်ဝမ်၌ ဆွေမျိုးများနှင့် တွေ့ပြီး ပြန်လာသော ဂေါက်ရိုက်ဖော် သူငယ်ချင်းက ဝါးသေတ္တာလေး တလုံး ပိုက်ပြီး ယူလာသည်။ အလျားမှာ တပေ ဝန်းကျင်ရှိကာ အနံနှင့် အမြင့်မှာ ပေဝက်ခန့် ရှိလေသည်။ ခေျာမွတ်ဝင်းပကာ အနုစိတ်လှသည်။

"မင်း မဖွင့်နိုင်စေရဘူးလို့ အာမခံတယ်၊ ဖွင့်နိုင်ရင် ဒီသေတ္တာလေး မင်းကို အပိုင်ပေးမယ်"

ပြောရင်း ဝါးသေတ္တာလေးကို ကျွန်ုပ်အား ကမ်းပေးလာသည်။ ကျွန်ုပ်သည် သေတ္တာလေးကို ဖင်ပြန်ခေါင်းပြန် အသေးစိတ်စစ်ဆေးသော် လည်း၊ အက်ရာလေးတကြောင်းပင်မတွေ့ရချေ၊ လှုပ်ကြည့်ရာ ဂလောက် ဂလောက်ဟူသော အသံ သိုးသိုးသဲ့သဲ့ ကြားရသည်။ ၎င်းမှာ ကျွန်ုပ် ယခင်က ကျိုဖိန်း၌ ဝယ်ဖူးသော ထင်းရှူးသေတ္တာနီလေးနှင့် တူလှချေသည်။ လျှို့ဝှက်သော့တံလေးပါတတ်ပြီး၊ ဆွဲထုတ်လိုက်လျှင် ပွင့်သွားတတ်သည်။ ယခုမူ ထိုသော့တံလေးကို မည်သို့မှ ရှာမတွေ့ချေ။ သေတ္တာဗူး၏ အနားစွန်း၌ အက်ကြောင်းပါလိမ့်မည်ဟု မှန်းဆကာ လက်သည်းဖြင့် နှစ်ချက် ကုတ်ခြစ်လိုက်စဉ် ခဏ၊ သူငယ်ချင်းမှ သူ့သေတ္တာကို ပြန်လုလိုက်သည်။

“ငါ့ တန်ဖိုးထားရတဲ့ သေတ္တာလေးကို ကုတ်ခြစ်ပြီး မဖျက်ဆီးလိုက်ပါနဲ့၊ ဒေါ်လာသုံးရာနဲ့ နန်ထုံကနေ ဝယ်လာတာ၊ မိန်းမက ပိုက်ဆံ မထုတ်ပေးလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်လာရတယ်”

ပြောရင်းလက်က သေတ္တာကို မှောက်လိုက် လှန်လိုက်လုပ်ရင်း၊ လက်ဖြင့် တချက်ရိုက်လိုက်ရာ၊ ထူးဆန်းစွာပင် သေတ္တာမှာ ပွင့်သွားလေသည်။ ထိုလူမှာ မိန့်မိန့်ကြီး ပြုံး၍ ကျေနပ်အားရနေလေသည်။

“အရှုံးပေးပြီမလား၊ ပြောပြမယ်၊ ဒီသေတ္တာက အာမခံသေတ္တာအသေးစား ခေါ်တယ်၊ သူ့ရဲ့ခလုတ်က အထဲမှာ တပ်ထားတယ်၊ သေတ္တာကို လှုပ်ရှားပေးလိုက်ရင် ရပြီ၊ လျှို့ဝှက်ချက်ကို မသိရင် လုံးဝဖွင့်မရဘူးပေါ့”

သူ မနားတမ်းရယ်နေရာ၊ ခါးပင် ကုန်းသွားသည်။

“မင်းကို ပြောပြမယ်၊ ငါက အာမခံသေတ္တာ ဖွင့်တဲ့နေရာမှာ ဆရာကြီးနော်၊ ငယ်ငယ်ကတည်းက ဟိုဂျပန်လုပ်မီးခံသေတ္တာ နံပါတ်ကို လှည့်ဖွင့်တတ်တယ်၊ မင်းငယ်တုန်းက မင်းအမေပိုက်ဆံအိတ်ထဲက ငါးပြားဆယ်ပြား ခိုးတဲ့ အချိန်မှာ မင်းမှန်းကြည့်လေ၊ ငါက အာမခံသေတ္တာကို ဖွင့်ပြီး ဘာခိုးတာလဲလို့”

ကျွန်ုပ် မဖြေမီ၊ သူက လက်နှစ်ချောင်းဖြင့် ဝိုင်းဝိုင်းကြီးကြီး ပုံသဏ္ဍာန် လုပ်ပြသည်။ “ပြောပြမယ်၊ ငါ့အဖေရဲ့ လုံယင်တွေကို ခိုးတာ၊ လုံယင်ဆိုတာ ဘာလဲသိလား၊ တို့ တရုတ်ငွေဒင်္ဂါးတွေထက် အများကြီး ကြီးတဲ့ ဂျပန်ဒင်္ဂါးတွေ ပေါ့ကွာ၊ အရမ်းတန်ဖိုးရှိတယ်” ကျွန်ုပ်ကို လက်ညှိုးဖြင့် ထိုးကာ ရယ်လိုက်ရင်း “ဒါပေမယ့် မင်းဝမ်းမနည်းပါနဲ့ကွာ၊ ပြည်မကနေ ထိုင်ဝမ်အထိ ဒီလုံယင်တွေကို ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး၊ တကယ်တမ်းပြောရရင် ငါငယ်တုန်းကလည်း ငါ့အဖေအမေရဲ့ ပိုက်ဆံအိတ်တွေထဲကနေ တပြား နှစ်ပြား ခိုးဖူးပါရဲ့၊ အထက်တန်းကျောင်း ရောက်မှပဲ သူငယ်ချင်းတယောက် ကြောင့် ဉာဏ်ပွင့်သွားလို့ လုံယင်တွေကို စခိုးတာ”

“ဉာဏ်ပွင့်သွားလို့ ?” ကျွန်ုပ် ကြောင်သွားသည်။

“ဟုတ်တယ်၊ ဉာဏ်ပွင့်သွားတာ၊ ဘယ်လိုလဲဆိုတော့ ငါ အထက်တန်း တက်တော့ ကျောင်းမှာ ပိုက်ဆံအရမ်း ရေလဲသုံးနိုင်တဲ့ အတန်းဖော် တယောက်ကို တွေ့တယ်၊ ငါက အမဲသားခြောက် အထုပ်သေးပဲ ဝယ်စားနိုင်တဲ့ အချိန်မှာ၊ သူက အထုပ်ကြီး ဝယ်စားနိုင်တယ်၊ ငါက သူငယ်ချင်းဆီက ကာတွန်းစာအုပ် ငှားဖတ်ရတဲ့အချိန်မှာ၊ သူက သိုင်းစာအုပ်တွေ အတွဲလိုက် ဝယ်ဖတ်နိုင်တယ်၊ အားလုံးကလည်း သူ့ဆီက ပြန်ငှားဖတ်ရတယ်၊ ဒီတော့ သူက ဆရာကြီး ဖြစ်နေရောပေါ့။ တနေ့ကျတော့ ငါသူ့ကို မေးကြည့်တယ်၊ ဒီလောက်ပိုက်ဆံအများကြီး ဘယ်က ရတာလဲလို့၊ သူက အစက မဖြေဘူး၊ ငါ မေးလွန်းတော့မှ ငါ့ကို ကော်ရစ်တာက တိုင်လုံးနောက် ခေါ်သွားပြီး၊ သူ့အိတ်ထဲက ဒင်္ဂါး ဝိုင်းဝိုင်းကြီးတွေ ထုတ်ပြရော၊ အသံတိုးတိုးလေးနဲ့ အဲဒါ လုံယင်တွေလို့ ပြောတယ်၊ ဘယ်ကနေ ရလာတာလဲလို့ မေးတော့ တူးလာတာလို့ ဖြေတယ်”

“တူးလာတာ?” ကျွန်ုပ်က မေးသည်။ “ဂျပန်တွေ မြှုပ်ထားတဲ့ မြေအောက်က ရတနာသိုက်လား”

ဂေါက်ရိုက်ဖော် သူငယ်ချင်းက တဟားဟား ရယ်ရင်း “ဘယ်ကလာ၊ ဒီလောက် လျှို့ဝှက်တာလည်း မဟုတ်ပါဘူး၊ သူ့အဖေ ပိုက်ဆံထည့်တဲ့ ဗီရိုကနေ တူးလာတာတဲ့၊ သစ်နက်သားဗီရို၊ အရှေ့မှာက သော့ခလောက်ကြီးကြီး တလုံး ခတ်ထားတာပေါ့၊ ငါ့သူငယ်ချင်း သူက ဖွင့်တတ်တာ မဟုတ်ပေမယ့်၊ ဉာဏ်ပြေးတာလေ၊ ဗီရိုကို အပြင်တွန်းထုတ်ပြီး၊ ဗီရိုအနောက်ကနေ ဟင်းရွက်လှီးဓားနဲ့ နည်းနည်းစီ တူးထုတ်တာ၊ အပေါက် တပေါက်လည်း ရရော၊ လက်နှိုက်သွင်းပြီး၊ လုံယင်ကို ကျုံးတာပေါ့”

“ဘာလို့ အခြားဟာတွေ မယူတာလဲ၊ ပိုက်ဆံတွေ ရှိမှာပေါ့၊ အဲဒါကမှ သုံးလို့ ကောင်းတာကို” ကျွန်ုပ် မေးသည်။

“တုံးတယ်” ဂေါက်ရိုက်ဖော်က စားပွဲကို ဖြန်းကနဲ ပုတ်လိုက်ပြီး “ငါမေးမယ်၊ မင်းသာဆိုရင် မင်း အံဆွဲထဲက ပိုက်ဆံတွေကို မှတ်မိမလား၊ ဒင်္ဂါးတွေကို မှတ်မိမလား၊ ဒါပဲလေ၊ မင်းပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ပိုမှတ်မိနေမယ်လေ၊ ပြီးတော့ ပိုက်ဆံဆိုတာက အမြဲသုံးနေတဲ့ ငွေကြေး၊ ဘယ်အချိန်မဆို သုံးနိုင်တယ်၊ လုံယင်ကျတော့ ဂျပန်ခေတ်က ပစ္စည်း၊ အဘိုးကြီး အဘွားကြီးတွေက ဆယ်နှစ်ကြာတဲ့အထိ ဒီအတိုင်းပဲ ထားထားတာ၊ ဂရုတောင် မစိုက်ဘူး၊ လုံယင်ကို ခိုးမှပဲ လွယ်လွယ်နဲ့ မသိမှာပေါ့၊ ပြီးတော့ သူက အနောက်ကနေ ခိုးတာလေ၊ အရမ်းမိုက်တယ်၊ ဗီရို အရှေ့ပိုင်းက ပစ္စည်းတွေ တစမှ အရာမယွင်းဘူးဆိုတော့၊ နှစ်ဝက်လောက်တောင် ခိုးလိုက်ရတယ်၊ လူမမိဘူး၊ အဲ.. မိလည်း မိရော၊ သူ့အဖေ ရိုက်တာ မသေရုံတမယ်ပဲ၊ ငါ့အလှည့်ကျလာလေရော”

ကိုယ့်ကိုယ်ကို လက်ညှိုး ပြန်ထိုး၍ “ငါဆိုတဲ့ကောင်က အရမ်းသစ္စာရှိတာ၊ သူ လုံယင်တွေ ခိုး၊ ငါ့နဲ့အတူတူ စားသောက်ခဲ့တော့၊ ငါခိုးတဲ့အလှည့်မှာလည်း သူနဲ့အတူတူ စားရသောက်ရတာပေါ့”

“ဒါနဲ့ မင်းလည်း မင်းအဖေ ပိုက်ဆံထည့်တဲ့ ဗီရိုကို တူးရောဆိုပါတော့”

“ဟာသပဲ” အကျယ်ကြီး ပြောသည်။ “ငါ့ကျတော့ မလွယ်ဘူး ပြောရမယ်၊ ငါ့အဖေမှာက သစ်သားဗီရို မဟုတ်ဘူး၊ ဂျပန်အာမခံသေတ္တာကြီးဆိုတော့ တူးရကို ခက်တာ”

“သံသေတ္တာကြီးကို ဘယ်လိုတူးလဲ”

“ဒီလိုပဲလေ၊ ဟင်းရွက်လှီးဓားနဲ့ပဲလေ၊ တအိမ်လုံး လူမရှိတဲ့အခါကျမှ သံသေတ္တာကို တွန်းထုတ်ပြီး၊ အနောက်မှာ ထိုင်ချပြီး တချက်စီ တချက်စီ သတိနဲ့ ထွင်းရတယ်၊ ဟား… အသေမာတာ၊ ပင်ပန်းလွန်းလို့ တကိုယ်လုံး ချွေးချည်းပဲ၊ အချက်တရာကျော်လောက် တူးလိုက်ပြီဆိုရင်ပဲ ငါဝယ်လာတဲ့ ဓားသုံးချောင်းလည်း ကျိုးရော၊ အဲလို ကျိုးပြီးမှပဲ အက်ရာလေး တကြောင်းရတယ်၊ ဒါနဲ့ ငါတော့ ပိုက်ဆံယူရပြီမှတ်တာ အထဲက အဖြူမှုန့်တွေ ထွက်လာတယ်လေ”

“ဘယ်လို၊ မင်းအိမ်မှာ ဘိန်းဖြူတွေ ရှိတယ်လား”

“သေလိုက်လေ၊ မီးခံဂွမ်းလိုဟာမျိုးတွေပါ၊ မီးဒဏ်ခံတယ်နဲ့ တူတယ်၊ ကြမ်းတပြင်လုံး ပေကုန်ရော၊ ငါလည်း လန့်သွားပြီး၊ ကော်နဲ့ စက္ကူနဲ့ အမြန် ပြန်ပိတ်လိုက်ရတယ်၊ အဖြူမှုန့်တွေက အရမ်းလှည်းပစ်ရ ခက်တယ်၊ ဒီနည်းနည်းလေးကိုပဲ လှည်းတာ တော်တော်ကြာတဲ့အထိ မပြောင်ဘူး၊ ဖြူဖြူကြီး ဖြစ်နေတယ်၊ ငါလှည်းနေတုန်း အဘွား ပြန်ရောက်လာတယ်၊ ငါ့ကို ဘာလုပ်နေလဲတဲ့ မေးတယ်၊ သန့်ရှင်းရေးလုပ်နေတယ်လို့ လိမ်လိုက်ရတော့ စကားနဲ့အညီ အိမ်တဆောင်လုံး သန့်ရှင်းရေး လုပ်လိုက်ရတာ သေချင်စော်ကို နံရော၊ အဘွားကတော့ ငါ့အဖေအမေကို ပြောပြနေတာပေါ့၊ ငါ လိမ္မာလာပြီ၊ အလုပ်ကြိုးစားလာပြီ ဆိုပြီး”

“အဲတော့ ခိုးတာ မရခဲ့ဘူးပေါ့” ကျွန်ုပ်က ပြောသည်။

“ဟာသပဲ၊ ဒီလောက်လေးနဲ့ လက်လျှော့စရာလားလို့၊ ငါက ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ပဲလေ၊ အနောက်မရတော့ အရှေ့က စရတာပေါ့၊ အရင်ကတည်းက ငါ့အဖေအမေဖွင့်ရင် သတိထားမိတာက ညာဘက်အရင် သုံးပတ်လှည့်၊ ဘယ်ဘက် နှစ်ပတ်ပြန်လှည့်၊ ညာဘက် နည်းနည်း ပြန်လှည့်ပြီး လက်တံကို နှိပ်လိုက်ရင် ပွင့်ပြီ၊ ဆိုတော့ ခိုးကြည့်တယ်၊ နောက်ဆုံးနံပါတ်က အလွယ်ဆုံးပဲ၊ အမေ သေတ္တာဖွင့်ပြီး ပစ္စည်း ရှာတဲ့အခါဆိုရင် ကုန်းပြီး ရှာတတ်တယ်၊ အဲလိုအခါမျိုးဆို ငါက ခြေဖော့ပြီး အနားတိုးကြည့်လိုက်တော့ ဘယ်နံပါတ်မှာ လက်တံ ရပ်ထားလဲ တွေ့ရတယ်၊ ပထမတခုကလည်း မခက်ပါဘူး၊ အမေ သေတ္တာနား သွားပြီဆိုရင် လိုက်သွားပြီး၊ စကားမရှိ စကားရှာ ပြောတယ်၊ အဲနံပါတ်လည်း သိရတယ်၊ ဒါပေမယ့် အမေကလည်း သိနေသလိုပဲဟ၊ ငါ ပြန်ထွက်လာမှ ဒုတိယနံပါတ်ကို လှည့်တာ၊ ငါ ပြန်သွားရော၊ မလှည့်တော့ဘဲ ငါ့ကို ကြည့်ပြီး၊ မမြင်အောင် ကွယ်လိုက်ရော”

“ကြည့်ရတာ မင်းကို သိပ်မယုံကြဘူး” ကျွန်ုပ် ရယ်လိုက်သည်။

“အင်း ဟုတ်တယ်၊ ဘာလို့ဆို ငါက ကျောင်းပြေးတာ နာမည်ကြီးလေ၊ အလယ်က နံပါတ်က ဒီလိုပဲ ရှာတွေ့တယ်၊ ငါလား၊ တခုပြီး တခု စမ်းတာ၊ နံပါတ် သုံးလေးဆယ်ကို စမ်းလှည့်ကြည့်တော့ ချောက်ကနဲ ပွင့်သွားတယ်၊ အဲဒီတော့မှ ငါ သိလိုက်တာက လူတွေ ဘာကြောင့် ရွှေတိုက်ကို ခိုးလဲ၊ ခိုးတာသက်သက်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို စိန်ခေါ်တာ၊ ဂေါက်ရိုက်သလိုပဲ၊ ပေ ၂၀ ကနေ ကျင်းဝင်ရတဲ့ ခံစားချက်မျိုး၊ ငါက ဂေါက်ရိုက်တတ်တာတော့ မဟုတ်ပေမယ့် ရတနာကျွန်းကို ဖတ်ဖူးတယ်၊ သေတ္တာပွင့်သွားတဲ့ ခဏ ပင်လယ်ဓားပြတွေရဲ့ ရတနာသိုက်ကို တွေ့လိုက်ရသလိုပဲ၊ ဘယ်လို ဝမ်းသာမှန်း မသိဘူး၊ ပြီးတော့…”

မျက်လုံးကို ပြူးလျက် “အိမ်က မီးခံသေတ္တာထဲမှာ လုံယင်တွေ ပိုများတယ်၊ တတွဲစီ တတွဲစီ၊ များတော့ ကောင်းတာပေါ့”

“ဘာကောင်းတာလဲ၊ သူများထက် ပိုထောတာလား”

“မင်း တကယ်တုံးတယ်၊ များတော့ ပိုပြီး လုံခြုံတယ်လေ၊ တကြိမ်မှာ တခုပဲယူဦး၊ လူကြီးတွေ လုံးဝမသိဘူး၊ အဲတော့ သုံးလေးငါးရက်ဆို ငါက တခါခိုးတာပေါ့”

“ဘယ်နား သွားရောင်းတာလဲ” မေးမိသည်။

“ဘယ်ကလာ ရောင်းရမှာလဲ၊ ဝယ်တာ၊ ကာတွန်းစာအုပ်ဖတ်မယ်ဆို ဆိုင်ရှင်ကို တပြား ပေးလိုက်တယ်၊ မုန့်ဝယ်စားမယ်ဆို တပြား၊ အဲဆိုင်က ဆိုင်ရှင်က ငါ့အဖေအမေနဲ့ သိပေမယ့်လည်း ငါပေးတာ ယူတယ်၊ တခွန်းတောင် မမေးဘူး၊ နောက်တော့ သိရတယ်၊ သူတို့ အနည်းဆုံး အဆတရာ မြတ်တယ်တဲ့၊ ပြီးတော့ ငါကလည်း လည်တယ်လေ၊ စာတိုက်တံဆိပ်ခေါင်းတွေ စုတယ်၊ ငါ့အဖေ စာအိတ်ပေါ်က တံဆိပ်ခေါင်းတွေ တောင်းပြီး စုတာ စာအုပ်ကြီးနဲ့ ဆယ်အုပ်ကျော်လောက် ရတယ်”

“တံဆိပ်ခေါင်းစုတာ ဝါသနာပါတယ်လား”

“မှားသွားပြီ” သူက မျက်ခုံးကို ပင့်လိုက်ပြီး “ဒါက လှည့်စားတယ်ခေါ်တယ်၊ ဘာလို့လဲ ဆိုတော့ သွားရည်စာဝယ်စားပြီး၊ ဝတ္ထုတွေ ဝယ်မယ်၊ ကပ်ခွာတွေ ကပ်စေးတွေ ဝယ်မယ်ဆို၊ အဲ ရှိသေးတယ်၊ စနိုးဝှိုက်ပီကေပါတဲ့ ကားချပ်ကြီး၊ ဒါတွေက ကားချပ်သေးသေးလေးတွေ အများကြီးနဲ့ သွားလဲမှ ရတဲ့ ဟာတွေ၊ ငါက လုံယင်နဲ့ သွားဝယ်တာဆိုတော့ တပုံကြီး ရလာတယ်လေ၊ ငါ့အဖေအမေ တွေ့ရင် ဘယ်လို ပြောမလဲ၊ ပိုက်ဆံဘယ်ကရတာလဲဆိုရင် တံဆိပ်ခေါင်းနဲ့ သူများဟာနဲ့ လဲလာတာလို့ ဖြေလိုက်တယ်လေ၊ သူတို့ စဉ်းစားကြည့်လို့ ယုတ္တိတန်နေတော့ ထပ်မမေးတော့ဘူး၊ ဒါပေမယ့် …”

သူရုတ်တရက် တန့်သွားပြီး မပြောတော့ချေ၊ ဆယ်စက္ကန့်လောက် ကြာမှ သက်ပြင်းရှိုက်ပြီး၊ သက်မောကို ပြန်ထုတ်လိုက်ကာ “ကြာလေ လိပ်ပြာမသန့် ဖြစ်လာတယ်၊ ဘာလို့ဆိုတော့ မီးခံသေတ္တာထဲက လုံယင်တွေက တဖြည်းဖြည်းနဲ့ လျော့ကျလာပြီလေ၊ တွေ့သွားမှာ ကြောက်တယ်၊ အဲဒီအချိန်မှာ ကံကောင်းတာက၊ အဖေက ငါ့ကို ဆေးခန်းမှာ ကူညီခိုင်းတယ်၊ ဟား”

လက်ဝါးတချက်ရိုက်လိုက်ပြီး “အဲမှာ ပိုကောင်းတယ်၊ ဆေးခန်းအပေါက်ဝမှာ ထိုင်ပြီး၊ လူနာတွေကို စာရင်းသွင်းပေးရတယ်၊ လူနာမရှိတဲ့အချိန်ကျ စာလုပ်တယ်၊ ဘေးက စာရင်းကိုင်တဲ့ အစ်မ ခဏထွက်သွားတာနဲ့ လက်ဆန့်ပြီး ပိုက်ဆံ နှစ်ပြား ခိုးတာပေါ့၊ တတ်နိုင်ဘူးလေ၊ ပိုက်ဆံလေ၊ သုံးကျင့်ဖြစ်နေတော့ မရှိလို့ကို မရဘူး၊ ပိုက်ဆံမရှိရင် နေလို့မတတ်ဘူး၊ အကွက်က လှတယ်မလား၊ ငါ့အဖေနဲ့အမေက သူ ပိုက်ဆံခိုးတယ် ထင်ပြီး၊ ဆေးစပ်တဲ့ နေရာပို့လိုက်ပြီး၊ ငါ့ကို စာရင်းကိုင် ခန့်လိုက်တယ်လေ”

“ဘာ” သည်တချီတော့ ကျွန်ုပ် အော်လိုက်သည်။ “ပိုဆိုးပြီပေါ့”

“အင်း၊ သူတို့က ငါ့ကို စာရင်းကိုင်ခိုင်းတော့၊ သားလေကွာ၊ ကိုယ့်လူပဲမလား၊ ယုံတာပေါ့” သက်ပြင်းချလိုက်ပြီးနောက် “ဒါပေမယ့် ဘာကြောင့်လဲတော့ မသိဘူး၊ ငါစာရင်းကိုင်တော့ ခိုးရမှာ အားနာလာတယ်၊ ဘာလို့ဆို ငါ့အဖေက လူနာကြည့်တော့ သွေးတွေ ပြည်ပုပ်တွေနဲ့လေ၊ ပင်ပန်းတာပေါ့၊ ပြီးတော့ လူနာမှတ်တမ်းနဲ့ ရငွေစာရင်းကို တိုက်ကြည့်တော့ လွယ်လွယ်နဲ့ တွေ့သွားနိုင်တယ်လေ၊ ညတိုင်းပဲ စာရင်းနဲ့ငွေကို တကြောင်းစီ ရေးပြီး အဖေ့ကို အပ်ရတယ်၊ အမေက နားလည်ပေးလို့ တော်သေးတယ်၊ မုန့်ဖိုး အမြဲတမ်းပြန်ပေးတယ်၊ ပြောရရင် ငါ့လုပ်အားခပေါ့၊ အလုပ်လုပ်လို့ ရတာပေါ့၊ ခံစားချက်ကတော့ ခိုးရတုန်းကနဲ့ အဆရာထောင် ကွာတယ်၊ ရင်ကော့ပြီး မုန့်သွားဝယ်စားနိုင်သလို အရင်က ခိုးဖက်တွေကိုလည်း ငါကိုယ်တိုင်ရတဲ့ငွေလို့ ကြွားနိုင်တယ်၊ အဲဒီကစပြီး၊ အလုပ်ပဲ လုပ်တော့တယ်၊ ပိုက်ဆံ မခိုးတော့ဘူး၊ တပြားမှ၊ ဆေးခန်းမှာ လုပ်ပြီးကတည်းက ငါသဘောပေါက်သွားတာတွေ အများကြီး ရှိတယ်၊ နောက်တော့ စာကြိုးစားရကောင်းမှန်း သိလာတယ်၊ ဆေးတက္ကသိုလ်ဝင်တယ်”

ရုတ်တရက် ဝါးသေတ္တာလေးကို မြှောက်ပြီး “ဒီသေတ္တာကို ငါ ဘာလို့ဝယ်လာလဲ မင်း သိလား၊ ငါ့အဖေအမေ့ကို သတိရလို့ ဝယ်လာတာ၊ ပြီးခဲ့တဲ့ ဆယ်နှစ်က ငါ ပြန်သွားပြီး ငါ့အဖေ နာရေးကိစ္စ လုပ်တယ်၊ ထိုင်ဝမ်က မပြန်ခင် တရက်၊ ငါ့အမေက မီးခံသေတ္တာရှေ့မှာ ဒူးထောက်ထိုင်ပြီး ဖွင့်မလို့ လုပ်နေတယ်၊ တော်တော်ကြာတယ်၊ မပွင့်ဘူး၊ ငါ့ကို ခေါ်တယ်၊ ဘဏ်မှာ ငွေတွေ အပ်ပြီးကတည်းက အိမ်က မီးခံသေတ္တာကို မဖွင့်တာ ကြာလို့ အိုလည်း အိုပြီ ဆိုတော့ နံပါတ်တွေလည်း မေ့ကုန်ပြီ၊ အဲဒီတော့ …”

ရုတ်တရက် ရယ်ရင်း “ငါ့ကို ဖွင့်ခိုင်းတော့တာပေါ့၊ ငါ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်၊ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်သွားတယ်၊ နောက်တော့ ဘာမှ မပြောမိဘဲ ဒူးထောက်ထိုင်ပြီး၊ စမ်းကြည့်တယ်၊ နှစ်ပေါင်း သုံးလေးဆယ် ကြာပြီးမှ အဲဒီအချိန်တုန်းက နံပါတ်ကို ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်၊ ငါမှတ်မိနေသေးတယ်၊ နှစ်ခါ မကြိုးစားလိုက်ရဘဲ ပွင့်သွားတယ်၊ ငါ့အမေက ပစ္စည်းတွေ ရွေးရင်းနဲ့ လက်စွပ်တကွင်း ယူထုတ်လိုက်ပြီး ငါ့မိန်းမအတွက်လို့ ပြောတယ်၊ နောက်ပြီး လုံယင် ဆယ်ပြား ယူပြီး၊ ငါ့လက်ထဲ ထည့်တယ်၊ ငါ တကယ် မအောင့်နိုင်တော့ဘဲ သား ဖွင့်တတ်တယ်ဆိုတာ အမေ ဘယ်လိုသိလဲလို့ မေးတော့၊ အမေက ရယ်တယ်၊ သိတာပေါ့တဲ့၊ မဟုတ်ရင် အဲဒီတုန်းက ဆေးခန်းမှာ ဘာလို့ နင့်ကို စာရင်း လုပ်ခိုင်းမှာလဲတဲ့”

သူသည် သေတ္တာလေးကို အထက်အောက် လှုပ်ရှားလိုက်ပြီးနောက် တချက်ရိုက်ပြီး ဖွင့်လိုက်သည်။

“အခု ဒီသေတ္တာလေးကို ဖွင့်လိုက်တိုင်း၊ အိမ်က အဲဒီမီးခံသေတ္တာကို သတိရမိတယ်၊ သေသွားတဲ့ ငါ့အဖေနဲ့ အမေ့ကိုလည်း သတိရတယ် …”

ပြောရင်း သေတ္တာကို ချသည်။ ထို့နောက် ရုတ်တရက် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်၍ ငိုလေသည်။


==


၎င်းသည် လွန်ခဲ့သော နှစ်ငါးဆယ်က ထိုင်ဝမ်ရှိ နန်ထုံ၌ ဖြစ်ခဲ့သော ဖြစ်ရပ်မှန် ဖြစ်ပြီး၊ လမ်းမှားရောက်နေသော သားကို မိဘနှစ်ပါးမှ သတိရှိရှိ ပျော့ပြောင်းစွာဖြင့် လမ်းမှန်သို့ ပြန်တည့်ပေးခဲ့သည်။

ယခုအခါ ထိုသူခိုးလေးသည် နယူးယောက်မြို့၌ နာမည်ကြီး ဆရာဝန် ဖြစ်လေနေပြီ။

လိုသုံးစုစည်းမှု[ပြင်ဆင်ရန်]

{{}}{{}}{{}}{{}}