မုခ်ဝ:နည်းပညာ/မိတ်ဆက်

ဝီကီပီးဒီးယား မှ

နည်းပညာ ဆိုသည်မှာ သိပ္ပံ နှင့် အင်ဂျင်နီယာ ဘာသာတို့ကို လူသား နှင့် လူသားတို့ အကျိုးအတွက် အသုံးချခြင်းပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော်က လူတို့၏ ဘိုးဘေးများသည် ကျောက်ဖြင့် ပြုလုပ်ထားသော ကိရိယာများကို အသုံးပြုခဲ့ကြသည်မှာ နည်းပညာ၏ အစောဆုံး ဥပမာ တစ်ရပ်ပင် ဖြစ်သည်။ အခြားသော အစောပိုင်း ဥပမာများမှာ မီးအသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အဝတ်အထည်များကို အသုံးပြုခြင်းနှင့် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်းတို့ပင်ဖြစ်သည်။ ထိုနည်းပညာများနှင့် အခြားနည်းပညာများမှာ လူတို့ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်ယှက်နွယ်နေကြပုံကို များစွာ အထောက်အကူ ပြုပေသည်။ နည်းပညာ တိုးတက်မှုအများစုမှာ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်နေပြီး အစောဆုံး ဥပမာ အချို့မှာ ပင်လယ်တွင်း သွားနိုင်သော လှေများနှင့် ဘီး ကို တီထွင်ခြင်း စသည်တို့ ဖြစ်ကြသည်။ ယခုခေတ်နှင့် နီးစပ်သော ဥပမာများမှာ ရထားပို့ဆောင်ရေး၊ မော်တော်ကား၊ လေကြောင်းသွားလာရေး နှင့် အာကာသ စူးစမ်းလေ့လာရေး တို့ ဖြစ်ကြသည်။ အချို့သော နည်းပညာများမှာ လူတို့ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆက်ဆံမှုကို တိုးတက်စေသည်။ စာရေးသားမှု ပုံနှိပ်ထုတ်ဝေမှု၊ တယ်လီဖုန်းနှင့် လောလောလတ်လတ် ပေါ်ပေါက်လာသော အင်တာနက် စသည်တို့ ပေါ်ပေါက်လာခြင်း ကို ဥပမာ အနေနှင့် ကြည့်နိုင်သည်။