အဲရာတောစသန်နီးဇ်

ဝီကီပီးဒီးယား မှ
အဲရတိုစ်သီးနီးစ် (၂၇၆ - ၁၉၅ ဘီစီခန့်)

အဲရတိုစ်သီးနီးစ် (Eratosthenes)(၂၇၆ - ၁၉၅ ဘီစီခန့်) သည် ဂဲဩမေတြီကို အသုံးပြုပြီး ကမ္ဘာ၏အရွယ်ကို တွက်ချက်ခဲ့သူဖြစ်သည်။ ကမ္ဘာပေါ်တွင် လတ္တီကျုဒ် မတူညီသော နေရာနှစ်ခုမှ နေကိုကြည့်လျှင် မွန်းတည့်ချိန်နေ၏အမြင့် (၂)ခု ခြားနားချက်သည် လတ္တီကျုဒ်ခြားနားချက်နှင့်အတူတူဖြစ်သည်။ လက်ဇန္ဒြီးယားမြို့ စာကြည့်တိုက်ကြီး၏ ညွှန်ကြားရေးမှူးဖြစ်သူ အဲရတိုစ်သီးနီးစ် သည် အီဂျစ်နိုင်ငံ အထက်ပိုင်းရှိ ဆိုင်ရင်းမြို့သို့ တပည့်တစ်ဦးစေလွှတ်ကာ ဥတ္တရယဉ်စွန်းတန်းတွင် ရောက်နေသောနေ၏အမြင့်ကို စောင့်ကြည့်ခိုင်းသည်။ တပည့်ဖြစ်သူက မွန်းတည့်ချိန်တွင် နေရောင်ခြည်သည် တွင်းနက်တစ်ခု၏ အောက်ခြေအထိရောက်ကြောင်း သတင်းပို့သည်။ ဆိုလိုသည်မှာ ထိုအချိန်တွင် နေသည် ဦးခေါင်းထက်တည့်တည့်ရောက်နေသောကြောင့် ဖြစ်သည်။ အလက်ဇန္ဒြီးယားရှိ နေ၏အမြင့်ကို အဲရတိုစ်သီးနီးစ်က တိုင်းကြည့်ရာ 82.8° ရကြောင်းတွေ့ရသည်။ အဓိပ္ပာယ်မှာ မြို့နှစ်မြို့သည် လတ္တီကျုဒ် 7.2° ခြားနားသည်။ တစ်နည်းအားဖြင့် စက်ဝိုင်းတစ်ပတ်၏ ငါးဆယ်ပုံတစ်ပုံ 1/50 ခြားနားခြင်း ဖြစ်သည်။ အကယ်၍ ဆိုင်ရင်းမြို့သည် အလက်ဇန္ဒြီးယားမြို့၏ တောင်ဘက်တည့်တည့်ရှိသည်မှာ မှန်လျှင် (အမှန်တကယ်လည်း အနီးစပ်ဆုံး မှန်ကန်သည်) ဆိုင်ရင်းမှ အလက်ဇန္ဒြီးယားထိ အကွာအဝေးသည် ကမ္ဘာတစ်ပတ်၏ ငါးဆယ်ပုံတစ်ပုံနှင့် တူညီရာရောက်သည်။ ဤနည်းဖြင့် အဲရတိုစ်သီးနီးစ် သည် ကမ္ဘာ၏ အဝန်းကို တွက်ချက်ခဲ့ရာ တကယ့်အဖြေမှန်နှင့် လုံးဝနီးပါး ကိုက်ညီ မှန်ကန်ခဲ့သည်။

အဲရတိုစ်သီးနီး ကမ္ဘာ့အဝန်းကို တိုင်းတာခဲ့ပုံ

အကိုးအကား

အနန္တစကြဝဠာ။ လှိုင်သင်း။ ဒီဇင်ဘာ ၂၀၀၁။ ရဲရင့်စာပေ။ မန္တလေး။