ဝေလငါး

ဝီကီပီးဒီးယား မှ
၂၂:၁၆၊ ၂၇ ဒီဇင်ဘာ ၂၀၂၀ နေ့က Bhonebsm (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-သည် ။ +သည်။)) တည်းဖြတ်သည့်မူ

ကမ္ဘာ့အကြီးဆုံးသတ္တဝါ

ရှေးပဝေသဏီက ကုန်းသတ္တဝါ ဖြစ်ခဲ့ဖူးသည်ဆိုသော ဝေလငါးသည် အခြား ငါးမျိုးတို့ကဲ့သို့ ဥ မအုချေ ။ ရေ၌လည်း ကြာကြာမနေနိုင်ပေ။ ဝေလငါးဖမ်းလုပ်ငန်းသည် အန္တရာယ်များလှသည်။

ဝေလငါး

ကမ္ဘာတွင် အကြီးဆုံးသတ္တဝါမှာ ဝေလငါးဖြစ်၏။ ဝေလငါးဟုပင် ခေါ်ကြသော်လည်း ဝေလငါးသည် ငါးအစစ်ကား မဟုတ် ချေ။ ဝေလငါးသည် ပေပေါင်း ၁၁၁ ပေအထိ ရှည်နိုင်ပြီးလျှင် တန်ချိန် ပေါင်း ၉ဝ၊ ၁ဝဝ ခန့်အထိ ကြီးနိုင်သည်။ ဝေလငါး ထိုသို့ ကိုယ်ထည်ကြီးနိုင်သည်မှာ ယင်း၏ ကိုယ်ထည် ကို ရေက ထောက်ပံ့ထားခြင်းကြောင့် ဖြစ်သည်။ ကုန်းပေါ်ရှိ သတ္တဝါများ ၏ ကိုယ်ထည်သည် ယင်းတို့ရှိ ခြေထောက်များက သယ်ဆောင်နိုင်သည် အထိသာ ကြီးထွားနိုင်ကြလေသည်။ ငှက်များ၏ ကိုယ်ထည်သည်လည်း ယင်းတို့၏ တောင်ပံများက သယ်ဆောင်နိုင်သည်အထိသာ ကြီးထွားနိုင်ကြ လေသည်။ ဝေလငါးအဖို့တွင် ထိုသို့သော အခက်အခဲများ မရှိချေ။ ရှေးနှစ်ပေါင်းများစွာ လွန်ခဲ့သော တချိန်က ဝေလငါးသည် ကုန်းသတ္တဝါဖြစ်ခဲ့၏။ ထိုအတွက်အထောက်အထား အမျာအပြားရှိလေ သည်။ ဆင့်ကဲတိုးပွားသွားသည့် ဝေလငါး၏နောက်ခြေများကို ဝေလငါး၏ ခန္ဓာကိုယ်၏အနောက်ဘက်အတွင်း၌ တွေ့ရှိနိုင်ပေသည်။ ဝေလငါးသည် အဘယ့်ကြောင့်ကုန်းကိုစွန့်၍ ရေတွင်နေထိုင်သည် ဆိုသည်ကိုမည်သူမျှ အတိအကျမပြောနိုင်ချေ။ သို့သော် ဝေလငါးသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ငါးအစစ်ကားမဟုတ်ချေ။ ငါးသည် ရေထဲ၌ လေကိုရှူရာတွင် ပါးဟက်များဖြင့်ရှူ၍ ကုန်းပေါ်၌သာ တာရှည်ထားလျှင် အသက်မရှူနိုင်သဖြင့် သေသွားပေလိမ့်မည်။ ဝေလငါးကမူ လူရေနစ်သကဲ့ သို့ ရေအောက်ထဲတွင် တာရှည်နေလျှင် မွန်း၍သေသွားပေလိမ်မည်။ ဝေလငါး ရေပေါ်သို့ ပေါ်လာသောအခါတွင် ရေကိုပန်း၍ ထုတ်ပစ်သည်ဟု အချို့က ထင်ကြသည်။ ထိုကဲ့သို့ထင်ခြင်းမှာ မှား၏။ ဝေလငါးသည် ရေအောက်ထဲတွင် ရှိနေ စဉ် နှာခေါင်းပေါက်များကို အလုံပိတ်ထားပြီးလျှင် အသက်မရှူဘဲနေသည်။ ထို့ကြောင့် ယင်း၏အဆုတ်အတွင်းရှိလေသည် ပူလျက်ရှိပြီးလျှင် ရေငွေ့များ ဖြင့် ပြည့်နှက်လျက်ရှိလေသည်။ ရေမျက်နှာပြင်ပေါ်သို့ပေါ်လာသောအခါတွင် ရုတ်တ ရက် လေပူများကို မှုတ်ထုတ်လိုက်သဖြင့် ထိုလေပူများ ပတ်ဝန်းကျင်ရှိ လေအေးနှင့် ထိတွေ့သောအခါ ငွေ့ရည်ဖွဲ့သွားလေသည်။ ဆောင်းတွင်း၌ လူ အသက်ရှူလိုက်သောအခါတွင်ဖြစ်သကဲ့သို့ဖြစ်၏။ ငါးသည် သွေးအေးသတ္တ ဝါဖြစ်ပြီးလျှင် ယင်း၏ခန္ဓာကိုယ် အပူချိန်သည် သွားလာရာအရပ်ရှိ ရေ၏ အပူချိန်ကိုလိုက်၍ ပြောင်းလဲသည်။ ဝေလငါးမှာမူ သွေးနွေးသတ္တဝါဖြစ်သ ဖြင့် ယင်းနေထိုင်ရာသည် မည်မျှပင်အေးစေကာမူ ယင်း၏ခန္ဓာကိုယ် အပူ ချိန်သည် မပြောင်းလဲချေ။ ဝေလငါးတွင် အရေပြားနှင့် အသားကြားတွင် အဆီပြင်ရှိ၏။ ထိုအဆီပြင်က ယင်း၏ခန္ဓာကိုယ်ကို နွေးလျက်ရှိစေသည်။ ဝေလငါးကြီးများ၏ အရေပြားသည် ထူသော်လည်း အလွန်နူးညံ့လေသည်။ ငါးသည် ဥများကိုအု၏။ ဝေလငါးကမူ ကုန်းနေသတ္တဝါအများတို့ ကဲ့သို့ပင် အကောင်လိုက်မွေးပြီးလျှင် သားငယ်ကို နို့ချိုတိုက်ကျွေးလေသည်။ နို့အရောင်မှာ နွားနို့၏အရောင်နှင့်တူ၏။

ဝေလငါး၏ဦးခေါင်းသည် ရေမျက်နှာပြင်သို့ ပေါ်လာသည်နှင့် တပြိုင်နက် အသက်ရှူနိုင်စေရန် ယင်း၏နှာခေါင်းပေါက်များသည် ဦး ခေါင်းထိပ်၌ တည်ရှိနေသည်။ ဝေလငါး၏ မျက်စိများသည် ကိုယ်ထည်နှင့် မလိုက်အောင် သေးငယ်ကြလေသည်။ နားများမှာလည်း လွန်စွာသေးငယ်ကြ သည်။ ဝေလငါးတွင် အမျိုးပေါင်းများစွာရှိ၏။ သို့သော် ယင်းတို့ကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်ပေသည်။ ပထမအုပ်စုမှာ ဝှေးလဗုန်း သို့မဟုတ် ဗလင်းဝေလငါးမျိုးဖြစ်၍ ထိုအမျိုးကို ပါဏဗေဒအလိုအရ မိုင် စတေကိုစီတီးဟုခေါ်သည်။ ဒုတိယအုပ်စုမှာ သွားရှိဝေလငါးမျိုးဖြစ်၍ ထို အမျိုးကို ပါဏဗေဒအလိုအရ အိုဒွန်တိုစီတီးဟုခေါ်သည်။ ပထမအုပ်စုဝင် ဝေလငါးများ၌ သွားများမရှိချေ။ သွားအစား လူ့ လက်သည်းကဲ့သို့သော ပစ္စည်းများသည် ယင်းတို့၏ ပါးစပ်အတွင်း၌ မျဉ်းပြိုင်တည်ရှိနေကြလေသည်။ ထိုပစ္စည်းများ၏ အတွင်းပိုင်းရှိ ပစ္စည်းများ သည် အမွှေးကြမ်းကဲ့သို့ ဖြစ်နေကြလေသည်။ ထိုကြောင့် ပုစွန်ဆိတ်အုပ် များကို တွေ့သောအခါ ထိုဝေလငါးမျိုးသည် ပါးစပ်ကြီးကိုဟကာ ပုစွန်ဆိတ်အုပ်အတွင်းသို့ ဝင်သွားလေသည်။ ပါးစပ်ကို ပိတ်လိုက်သောအခါ ရေများထွက်သွားပြီးလျှင် ပုစွန်ဆိတ်များကျန်ရစ်လေသည်။ ဗလင်းဝေလငါး မျိုးသည် ရေသတ္တဝါငယ်များကိုသာ စားသောက်ကြသဖြင့် ယင်းတို့တွင် သေးငယ်သော လည်ချောင်းများသာရှိကြသည်။ ဒုတိယအုပ်စုတွင် ပါဝင်ကြသော ဝေလငါးမျိုးတို့၏ သွားများ သည် ကျိချွဲသည့်ငါးများနှင့် ကင်းမွန်းဘဲလိပ်ကဲ့သို့သော အကောင်များကို ဖမ်းယူနိုင်ရန် တည်ရှိနေကြလေသည်။ စပမ်းဝေလ ငါးကြီးများရှိ သွားများမှာ ပို၍ကြီးကြပြီးလျှင် အနည်းငယ်လည်း ကောက်နေသည်။ ကီးလာဝှေး သို့မဟုတ် ပင်လယ်ဝံပုလွေခေါ် ဝေလငါးမျိုးတွင် ကြောက်မက်ဖွယ်ကောင်းသော သွားများရှိကြသည်။ သွားရှိဝေလငါးမျိုးတို့၏ အစာသည် ကြီးမားကြသဖြင့် ယင်းတို့၌ ဗလင်းဝေလငါးမျိုးရှိ လည်ချောင်းထက် ပို၍ကြီးမားသော လည်ချောင်းများ ရှိကြလေသည်။ မွေးဖွားလာသည့် ဝေလငါးကလေး၏အရွယ်သည် ထိုသားငယ်ကို မွေးဖွားသည့် မိခင် ဝေလငါးမကြီး၏ အရွယ်ကိုလိုက်ပြီး အကြီးအငယ် ခြားနားလေသည်။ ပေ ၈ဝ ရှည်သော ဝေလငါးအမမှ ၂၅ ပေခန့်ရှိသော ဝေလငါးငယ်ကို မွေးဖွားလေသည်။ ဝေလငါးသည် နှစ်နှစ်တွင် တစ်ကြိမ်ခန့် သားဖွားလေ့ရှိသည်။ မွေးဖွားရာတွင်လည်း များသောအားဖြင့် တစ်ကောင်ချင်းသာ အမွေးများသော်လည်း အမြွာမွေးခြင်းမျိုးလည်း ရှိတက်သည်။ မိခင်ဝေလငါးမကြီး သည် သားငယ်အားလွန်စွာ ချစ်မြတ်နိုးလေသည်။ သားငယ်သာ အသတ်ခံရလျှင် မိခင်သည် ထိုနေရာမှ ခွာခဲလေသည်။ဝေလငါးမည်မျှ အသက်ရှည်သည်ကို အတိအကျ မပြောနိုင်ချေ။သို့သော် နှစ်တစ်ရာခန့်နေနိုင်သည့်အချက်အလက်များကို တွေ့ရလေသည်။ဝေလငါးကလေးများသည် မွေးပြီး၍ သုံးလေးနှစ်အတွင်း၌ ကြီးထွားမှုမြန်သည်။ များသောအားဖြင့် ဝေလငါးသည် အုပ်ဖွဲ့၍နေလေ့ရှိ၏။ အချင်းချင်းလည်း တိုက်ခိုက်လေ့မရှိကြချေ။ အနာတရသာမဖြစ်လျှင် ဝေလငါးသည် ငြိမ်းချမ်းစွာနေလေ့ရှိ၏။ သို့သော် တခါတရံတွင် အကြောင်းမဲ့သက်သက် လှေနှင့်သင်္ဘောများကို တိုက်ခိုက်တတ်လေသည်။ ရေမျက်နှာပြင်ပေါ်သို့ ဝေလငါး၏ ဦးခေါင်းပေါ်လာပြီးလျှင် လေကိုမှုတ်ထုတ်သောအခါ အသံသည် ဖြစ်ပေါ်လာ၏ ထိုသို့ဖြစ်ပေါ်လာသောအသံသည် ဝေလငါးက ပြုလုပ်သောအသံဟု အချို့က ထင်မှတ်ကြ၏။ ထိုသို့ ထင်မှတ်ခြင်းသည် မမှန်ချေ။ အမှန်မှာ ဝေလငါးသည် အသံကိုမပြုလုပ်နိုင်ချေ။ ဝေလငါးသည် ရေအောက်ထဲတွင် တာရှည်မနေနိုင်သဖြင့် ဆယ်မိနစ်မှ နာရီဝက်ခန့်အထိသာ ရေအောက်ထဲတွင်နေလေ့ရှိသည်။ သို့သော် သွားရှိဝေလငါးမျိုးအချို့သည် တခါတရံ၌ ရေအောက်ထဲတွင် တစ်နာရီကျော်နေသည်ကို တွေ့ရလေသည်။ ဝေလငါးသည် ရေကိုမှုတ်ထုတ်ရာ၌ တမျိုးနှင့်တမျိုး မတူကြချေ။ ထို့ကြောင့် ဝါရင့်သော ဝေလငါးဖမ်းသူများသည် ရေမှုတ်ထုတ်ပုံကို ကြည့်၍ မည်သည့်ဝေလငါးမျိုးဖြစ်ကြောင်းကို ခွဲခြား၍ပြောနိုင်ကြလေသည်။ ပင်လယ် သို့မဟုတ် သမုဒ္ဒရာအတွင်း မည်မျှနက်သည်အထိ ဝေလငါးများ သွားလာနိုင်သည်ကို သေချာစွာမပြောနိုင်ချေ။ သို့သော် လွန်စွာနက်သည်အထိ သွားလာနိုင်သော အခြေအနေများကားရှိနေလေသည်။ ဗလင်းဝေလငါးမျိုးသည် ပင်လယ်သုမုဒ္ဒရာ ရေမျက်နှာပြင်အနီးတွင်သာ ကျက်စားသွားလာလေ့ရှိ၏။ သွားရှိဝေလငါးမျိုးကမူ ယင်းတို့၏ အစာဖြစ်သော ကင်းမွန်ဘဲလိပ်တို့ရှိရာ အလွန်နက်သော နေရာအထိသွား၍ ကျက်စားလေ့ရှိကြလေသည်။

ဝေလငါးသည် ကမ္ဘာတွင် အကြီးဆုံးသတ္တဝါပင်ဖြစ်သော်လည်း ယင်း၌ လူအပြင် အခြားရန်သူတမျိုးလည်း ရှိသေး၏။ ထိုရန်သူမှာ အခြားမဟုတ်၊ ဝေလငါးပင်ဖြစ်သည်။ ထိုဝေလငါးမှာ ကီးလားဝှေးခေါ် ကီးလားဝေလငါးမျိုးဖြစ်၏။ သို့သော် ကီးလားဝေလငါးမျိုးသည် စပမ်း ဝေလငါးမျိုးကိုမူ မတိုက်ခိုက်ဝံ့ချေ။ စပမ်းဝေလငါးမျိုးတွင် လူမှလွဲ၍ အခြားရန်သူ ရှိပုံမရချေ။

ရှေးအခါက ဝေလငါးမှရသောအဆီကို မီးထွန်းရာတွင် အသုံးပြုခဲ့ကြ၏။ ယခုအခါတွင်မူ ဆပ်ပြာလုပ်ငန်းနှင့် အခြားဆီထည့်ပေးရသော ကိရိယာများကိုထည့်ရန် အသုံးပြုကြသည်။ ပေါက်ကွဲစရာ ပြုလုပ်ရာတွင် လည်း အသုံးပြုကြသည်။ စပမ်းဝေလငါးဆီသည် အပ်ချုပ်စက်များနှင့် နာရီစက်များတွင် ထည့်ရန်အတွက် ပို၍ကောင်းမွန်လေသည်။ ဝေလငါးရိုးများကို လမ်းလျှောက်တုတ် လက်ကိုင်များနှင့် ထီးလက်ကိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြ၏။ ကျွဲ၊ နွားနှင့် ကြက်ကလေးများအတွက် အစာကို ဝေလငါး၏ အသားနှင့် အရိုးတို့မှ ပြုလုပ်ယူနိုင်လေ သည်။ ဝေလငါးအရိုးသည် ဖော့စဖိတ်များကြွယ်ဝ၏။ ဝေလငါး၏ အသားမှာ ကျွဲ၊ နွား၏ အသားနှင့် ခပ်ဆင်ဆင်တူလေသည်။ ထိုအသားကို ဂျပန် လူမျိုးများက လွန်စွာကြိုက်နှစ်သက်ကြလေသည်။

ရှေးအခါက ဝေလငါးဖမ်းသည့်လုပ်ငန်းသည် ကြာသည့်အပြင် ဘေးအန္တရာယ်လည်းများလှ၏။ ဝေလငါး အဖမ်းတစ်ခါထွက်လျှင် သုံးနှစ်မှ ငါးနှစ်အထိ ကြာတတ်လေသည်။ ဝေလငါးကိုမြင်လျှင် သင်္ဘောကြီးမှ လှေ ငယ်များကိုချပေး၏။ ထိုလှေငယ်များဖြင့် ဝေလငါး၏အနီးသို့ လှော်ခတ် သွားပြီးလျှင် ဝေလငါး၏အနီးသို့ ရောက်သောအခါ ကြိုးတပ်ထားသည့် မှိန်း(သားလွှတ်)ဖြင့် ဝေလငါးကိုပစ်၍ ထိုးကြရလေသည်။ မှိန်းအထိုးခံရသော ဝေလငါးသည် လှေငယ်အများအပြားကို နာရီအတော်ကြာသည်အထိ ပင်လယ်သမုဒ္ဒရာထဲ၌ ဆွဲ၍ခေါ်သွားလေ့ရှိသည်။ လွတ်အောင်ကြိုးစားရာတွင် ဝေလငါးသည် ရေအောက်၌ အတော်ကြာသည်အထိ နေတက်လေ သည်။ ရေမျက်နှာပြင်သို့ အသက်ရှူရန် တက်လာသောအခါတွင် ရိုက်ဝှေး ခေါ် ဗလင်းဝေလငါးကြီးမျိုးဖြစ်လျှင် ယင်း၏အမြီးဖြင့် လှေတစင်းစင်းကို မှောက်ပစ်တက်၍ စပမ်းဝေလငါးကြီးဖြစ်ပါက ယင်း၏ ပါးစပ်ကြီးဖြင့် လှေတစင်းစင်းကို ချေမှုန်းပစ်ကောင်းပစ်ပေလိမ့်မည်။ ထိုသို့ ပေါ်လာသော အခါတွင် လှေတစ်စင်းက ဝေလငါးရှိရာသို့ လျှင်မြန်စွာ လှော်ခတ်သွားပြီး လျှင် လှံရှည်များဖြင့်ပစ်၍ ထိုးလေ့ရှိသည်။ ဝေလငါး သေသောအခါတွင် လှေငယ်များက သင်္ဘောကြီးဆီသို့ဆွဲ၍ လှော်ခတ်သွားကြသည်။ သင်္ဘောကြီးပေါ်တွင် ဝေလငါးကြီး၏ အဆီပြင်ကို ခွာယူပြီးလျှင် ဆီချက်ယူကြ လေသည်။

ယခုအခါတွင်မူ ဝေလငါးတစ်ကောင်လုံးကိုပြုပြင်ကိုင်တွယ်နိုင်သည့်စက်ကိရိယာအသီးအသီး အပြည့်အစုံ ပါဝင်သော အလုပ်ရုံ/စက်ရုံ ကိုပါတည်ဆောက်ထားသည့် သင်္ဘောကြီးများသည် လျှင်မြန်စွာသွားလာနိုင်ကြသည့် မော်တာတပ် သင်္ဘောငယ်များ နှင့်ဖြစ်စေ၊ ရေနွေးငွေ့များဖြင့် မောင်းနှင်သော သင်္ဘောငယ်များနှင့်ဖြစ်စေ အတူတကွ ဝေလငါး ဖမ်းရန်သွားလေ့ရှိကြသည်။ ဝေလငါးရှိရာကို လေယာဉ်ပျံဖြင့် ရှာဖွေ ပြီးလျှင် တွေ့သည့်အခါ ထိုနေရာကို သင်္ဘောကြီးသို့ ကြိုးမဲ့ကြေးနန်းဖြင့် အကြောင်းကြားပေးသည်။ ထိုအခါတွင် လျှင်မြန်စွာ သွားလာနိုင်ကြသော သင်္ဘောငယ်များက ထိုနေရာသို့ သွားရောက်ကြပြီးလျှင် သင်္ဘောငယ်တိုင်း၏ ဦးပိုင်းတွင်တပ်ဆင်ထားသည့် မှိန်းပစ်အမြောက်ကလေးဖြင့် ဝေလငါးကို ပစ်ခတ်လေတော့သည်။ ပစ်လိုက်သောမှိန်းသည် ငါးပေရှည်ပြီးလျှင် ပေါင် ၁ဝဝ ကျော်လေးသည်။ မှိန်း၏ထိပ်ပိုင်းတွင် သတ်မှတ်ထားသောအချိန်၌ ပေါက်ကွဲမည့် ဗုံးတစ်လုံးကိုလည်း ထည့်ထားတက်ကြသေးသည်။ ဝေလငါး သေသောအခါ ယင်းအား သင်္ဘောငယ်များက ပင်မသင်္ဘောကြီးသို့ ဆွဲသွားကြလေသည်။ သင်္ဘောပေါ်သို့ ရောက်သောအခါ အဆီပြင်ခွာခြင်း၊ အသားခွာခြင်း၊ ကြက်စာနှင့် မြေဩဇာပြုလုပ်ခြင်းများကို စက်အသီးအသီးဖြင့် ပြုလုပ်ယူလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)